ဘင်္ဂါလီများကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားပေးရန် ပြုလုပ်ဟူသော ပြောဆိုခြင်းအပေါ် လဝက ဒု ဝန်ကြီး ငြင်း
This article has been converted from Zawgyi One to Unicode
ဘင်္ဂါလီ(မွတ်စလင်)များကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားပေးရန် အတင်းအကျပ် အကောင်အထည် ဖော်နေသည်ဟူသော ပြောဆို ကန့်ကွက်နေခြင်းနှင့် ပတ်သက်ပြီး ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်၌ လဝက ဒု ဝန်ကြီးက ငြင်းဆိုသွားသည်။
ယင်းသို့ ပြောဆိုခြင်းသည် အထင်အမြင်လွဲမှားစွာ စွပ်စွဲနေခြင်းသာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန (လဝက) ဒု ဝန်ကြီး ဦးဝင်းမြင့်က ငြင်းဆို ပြောကြားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဖြစ်မှုပြုလုပ်နေမှုအပေါ် ဘူးသီးတောင်မြို့နယ်မှ ဒေသခံပြည်သူ ၁၁၅၃ ဦးက တိုင်တန်းလာခြင်းနှင့်ပတ်သက်၍ လိုအပ်သလိုဆောင်ရွက် ပေးနိုင်ရန် သြဂုတ်လ ၂၇ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံသို့တင်ပြခဲ့သည်ကို ဒု ဝန်ကြီး က ပြန်လည် ရှင်းလင်းခြင်းဖြစ် သည်။
ရခိုင်ဒေသခံများ လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်စာတွင် ရုပ်သိမ်းထားပြီးသော နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ၂ ရပ်ကို လက် ခံ ကျင့်သုံးဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ၊ တည်ဆဲဥပဒေတို့နှင့် လုံးဝဆန့်ကျင်နေသောကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၌ ဘင်္ဂါလီအမည်ဖြင့် စာရင်းအကောက်ခံသည့် ဘင်္ဂါလီများကိုသာ မြန်မာနိုင်ငံသား ဥပဒေအတိုင်း တိတိကျကျ မှန်ကန်စွာဖြင့် လက်ခံစိစစ်မှုဆောင်ရွက် ရန် တောင်းဆိုကြောင်း ပါရှိသည်။
ဒု ဝန်ကြီး ဦးဝင်းမြင့်က ရုပ်သိမ်းပြီးသော နိုင်ငံသားဖြစ်မှုဥပဒေကို ကျင့်သုံးဆောင်ရွက်နေ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည် ဆဲ ဥပဒေများနှင့် ဆန့်ကျင်နေသည်ဆိုသည့် အချက်ကို ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားဖြစ်ခြင်းနှင့်ဆိုင်သော ဥပဒေ ဖော်ပြချက်များနှင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံများတင်ပြချက်ကို စိစစ်ရာတွင် ပြဋ္ဌာန်းထားသော ဥပဒေများအပေါ် အယူအဆလွဲမှားနေခြင်းဖြစ်သည်ကို တွေ့ရကြောင်း ပြောဆိုသည်။
ဦးဝင်းမြင့်က ရှင်းလင်းရာတွင် ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားစိစစ်ရာတွင် မြန်မာနိုင်ငံသားဥပဒေ အာဏာတည်သည့်နေ့ ၁၅.၁၀.၁၉၈၂ ရက်နေ့မတိုင်မီ မွေးဖွားသောသူများအား ပုဒ်မ ၆ ဖြင့်လည်းကောင်း၊ ၁၅.၁၀.၁၉၈၂ ရက်နေ့ နောက်ပိုင်းမွေးဖွားသော သူများအား ပုဒ်မ ၇ ဖြင့်လည်းကောင်း တိုင်းတာစိစစ်ရသည်ဟုလည်း ပြောသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအား စိစစ်ရာတွင် နိုင်ငံသားဖြစ်ခြင်းအတွက် ပုဒ်မ ၆၊ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းအတွက် ပုဒ်မ ၄၂၊ ယင်း ပုဒ်မ ၂ ခုနှင့်သာ အကျုံးဝင်ကြောင်း၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆ တွင် ဤဥပဒေ အာဏာတည်သည့် နေ့တွင် နိုင်ငံသားဖြစ် ပြီး သူသည် နိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မြန်မာနိုင်ငံသားဥပဒေမပေါ်မီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရုပ် သိမ်းပြီးသောနိုင်ငံသား အက်ဥပဒေ ၂ ရပ်အရ နိုင်ငံသားဖြစ်ပြီးသူများ နိုင်ငံသား ဥပဒေ ပုဒ်မ ၆ အရ နိုင်ငံသားအဖြစ် ဆက်လက် ရပ်တည်ကြောင်းလည်း ၎င်းက ရှင်းလင်းတင်ပြသည်။
မြန်မာနိုင်ငံသားဥပဒေ အာဏာတည်သည့်နေ့ နောက်ပိုင်း မွေးဖွားသောသူများသည် ရုပ်သိမ်းပြီးဥပဒေဖြင့် သက်ဆိုင် ခြင်းမရှိဘဲ ယင်းတို့အား ပုဒ်မ-၇ ဖြင့် တိုင်းတာရမည်ဖြစ်ကြောင်း၊ သို့သော် ထိုသူများ၏ မိဘများသည် နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား စသည့် တခုခုကို ရရှိမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီများ၏ မိဘများသည် ထိုအချက်နှင့် ကိုက်ညီခြင်းမရှိသဖြင့် ယင်းဘင်္ဂါလီများအား စိစစ်တင်ပြခြင်းမရှိကြောင်းနှင့် ဘင်္ဂါလီများ၏ မိဘများရရှိမှသာ ဆက်လက် ဆောင်ရွက်ရမည့်သူများ ဖြစ်ကြောင်း သိရသည်။
“ထို့ကြောင့် ကန့်ကွက်စာတွင် ဖျက်သိမ်းပြီးဖြစ်သည့် ဥပဒေ ၂ ရပ်ကို ပြန်လည်အသုံးပြုရခြင်းကြောင့် မြန်မာနိုင်ငံသားဥပဒေ၏ အနှစ်သာရကို ထိခိုက်မှုရှိ၊ မရှိကို ပြန်လည်သုံးသပ်မှုမရှိဘဲ အတင်းအကျပ် အကောင်အထည်ဖော်နေသည်ဟု စွပ်စွဲကန့်ကွက်ခြင်း သည် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၇ တို့အရဆောင်ရွက်ရမည်ကို သိရှိနားလည်မှုနှင့်ယူဆမှု လွဲမှားခြင်း ကြောင့်သာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”ဟုလည်း ဦးဝင်းမြင့်က ပြောသည်။
ဦးဝင်းမြင့်ကဆက်လက်၍ မြန်မာနိုင်ငံတွင် တရားဝင်အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူမည်သူမဆို နိုင်ငံသားစိစစ်ပေးရန် လျှောက် ထား လာပါက တည်ဆဲဥပဒေဖြင့် လက်ခံစိစစ် ဆောင်ရွက်ပေးရမည်မှာ လဝက ၏ တာဝန်သာ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လည်း ဘင်္ဂါလီလူမျိုးဟု ဖော်ပြပြီး လာရောက်လျှောက်ထားပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၆ နှင့်အညီ နိုင်ငံသားဖြစ်ခြင်းကို ဥပဒေဖြင့်ပြဋ္ဌာန်းသည့်အတိုင်း လက်ခံဆောင်ရွက်ပေးရမည် ဖြစ်သည့်အတွက် ၂၀၁၄ သန်းခေါင်စာရင်းအရ လက်ခံစိစစ်မှုဆောင်ရွက် ပေးရန်ဆိုသည့် တင်ပြကန့်ကွက်ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဆန့်ကျင်ကြောင်း ပြောဆိုသည်။
ဒု ဝန်ကြီး ဦးဝင်းမြင့်၏ ရှင်းလင်းချက်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဖြေဆိုမှုတွေက အန်တီ တို့အတွက် ကျေနပ်မှုတော့မရှိဘူး။ ဒါပေမယ့် အန်တီတို့အနေနဲ့ သူ့ကို(ဒု-ဝန်ကြီး) ပြောလိုက်ပါတယ်။ အခု လွှတ်တော်အတွင်းမှာလည်း မေးခွန်းမေးခွင့်မရှိတဲ့အတွက် အခု လွှတ်တော်ပိတ်ရက်ဖြစ်ဖြစ် အန်တီတို့ ကိုယ့်လွှတ်တော်ကိုယ်စားလှယ်အပြင် ဒေသခံ တိုင်းရင်းသားများ ဘူးသီးတောင်၊ မောင်တောတို့၊ စစ်တွေမှာရှိတဲ့ ဒေသခံတွေကိုဖိတ်ပြီးတော့ သက်ဆိုင်တဲ့ဝန်ကြီးဌာန လဝက တာဝန်ရှိသူနဲ့ တွေ့ခွင့်ပေးပါဆိုပြီး တောင်းဆိုလိုက်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းကို လဝက တခုတည်းက ဆောင်ရွက်နေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆၅ နှင့်အညီ မြို့နယ်နိုင်ငံသား စုံစမ်းစစ်ဆေးရေး အဖွဲ့၊ ပြည်နယ်နိုင်ငံသား စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ဗဟိုအဖွဲ့တို့၏ ဆုံးဖြတ် ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူပြီးမှသာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။