၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ ၃ ဘာသာဖြင့် ရိုဟင်ဂျာပြက္ခဒိန် ထုတ်ဝေရန် ပုံနှိပ်ခဲ့သူ ကျော် ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် နှင့် ပါဝင်ပတ်သက်သူ ၅ ဦးကို ဒဏ်ငွေ ၁၀ သိန်းစီ ချမှတ်ပြီးသည့်အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီးထားကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ မှ သိရသည်။
ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “သူတို့ကို ဖမ်းဆီးထားပြီး အင်းစိန်ထောင်ပို့ဖို့အတွက် ရမန်ယူနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာ ၂၃ ရက်ကလည်း ပြက္ခဒိန် ပုံနှိပ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခံထားရသူ ဦးကျော်ကျော် အပါအဝင် ၅ ဦးကို တဦးလျှင် ကျပ် ၁၀ သိန်းစီ ဒဏ်ငွေပေးဆောင်ရန် ပုဇွန်တောင်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သေးသည်။
ရိုဟင်ဂျာပြက္ခဒိန် ထုတ်ဝေမှုကြောင့် ပြည်သူလူထုအကြားတွင် ဆူပူမှုများ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ထုတ်ဝေရန် ပုံနှိပ်ပေးခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ပုဇွန်တောင်မြို့နယ်ရှိ ကျော်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည့် ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ ၃ ဘာသာ ပြက္ခဒိန် အရေအတွက်မှာ ၇၀၀ ကျော်ရှိပြီး လတ်တလောတွင် ဈေးကွက်သို့ ဖြန့်ဝေခြင်း မပြုရသေးကြောင်း သိရသည်။
အဆိုပါပြက္ခဒိန် စတင်မထုတ်ဝေမီ ဦးအောင်ခင် (စစ်တွေ) ဆိုသူက “သာအောင် သတင်းစုံဂျာနယ်” အမည်ဖြင့် ထုတ်ဝေခွင့်ကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနသို့ လျှောက်ထားခဲ့ရာ ခွင့်မပြုသည့်အတွက် “မော်ကွန်း” နာမည်ဖြင့် ပြောင်းလဲလျှောက်ထားရာ ခွင့်ပြုခဲ့သည့်နောက် စတင်ထုတ်ဝေရန် ပုံနှိပ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြက္ခဒိန်တွင် ရိုဟင်ဂျာသည် မြန်မာနိုင်ငံရှိ လူမျိုးတမျိုးဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး စသည့် ပုဂ္ဂိုလ်များ၏ ပြောစကားများ၊ ရိုဟင်ဂျာ နာမည်တပ်ထားသည့် စာများ၊ ရုပ်ပုံများ ပါဝင်သည်ကို တွေ့ရှိခဲ့ရာ မဘသ ဆရာတော်များနှင့် မဘသ ထောက်ခံအားပေးသူများက လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီပဲရှိတာ။ ရိုဟင်ဂျာ အသိအမှတ်မပြုပါဘူး။ သို့သော်လည်းပဲ ဒီဟာတွေကို သူတို့ဘာသာသူတို့ ရိုဟင်ဂျာလို့ သတ်မှတ်ထားတာပေါ့။ ဒီလူတွေဟာ ကျနော်တို့နိုင်ငံ တိုင်းရင်းသားတွေ မဟုတ်ဘူး” ဟု ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းစဉ်က ဖြေဆိုခဲ့သည်။