Ethnic Issues

တိုက်ပွဲများ လျှော့ချရေး UPWC နှင့် ရှမ်းမြောက်အဖွဲ့ ညှိနှိုင်း

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) ခေါင်းဆောင်များ အကြား ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) နှင့် ဟိုတယ်ရန်ကုန်တို့၌ ယခုလ ၂၃၊ ၂၄ ရက် နေ့များက တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး တပ်မတော်နှင့် SSPP/SSA တို့အကြား လက်ရှိဖြစ်ပွားလျက်ရှိသော စစ်ရေး ပဋိပက္ခများ လျှော့ချ၊ ရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဘက် တွေ့ဆုံဆွေးနွေးချက် မှတ်တမ်းတွင် တွေ့ရသည်။

MPC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေ က“ဆွေးနွေးပွဲက ရလဒ်ကောင်းတွေ ရပါတယ်။ နှစ်ဘက်ဆွေးနွေးမှုတွေ တိုးတက်မှုတွေ ရှိပါတယ်။ ဆွေးနွေးချက်တွေကို နှစ်ဘက်သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြီး ၅ ရက်အတွင်း တင်ပြ အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ UPWC ဘက်မှ ဒု ဥက္ကဋ္ဌ များ ဖြစ်သော ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် တို့ဦးဆောင်၍ ဝန်ကြီး ဦးခင်မောင်စိုး၊ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင် အထည်ဖော်ရေးဋ္ဌာန (CFNI) ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး တို့ ပါဝင်ကြသည်။

SSPP/SSAA ဘက်မှ ဒု ဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ အတွင်းရေးမှူးများဖြစ်ကြသော စဝ်ခမ်းသီ၊ စဝ်ကျော်လှနှင့် ဗဟိုကော်မတီဝင်များ ဖြစ်ကြ သော စဝ်ခေးမောင်၊ စဝ်ဆုနှင့် စဝ်နော်လိတ် တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေး သဘောတူညီချက်များကို နှစ်ဘက် ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သဘောတူညီချက်များတွင် အစိုးရနှင့် SSPP/SSA တို့အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က တောင်ကြီးမြို့၌ လက်မှတ် ရေး ထိုး ခဲ့ကြသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူစာချုပ်ပါ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဘက်ညှိနှိုင်းပြီး ဆက်လက် အကောင်အထည် ဖော်သွားရန်ဟုလည်း ပါရှိသည်။

ထို့အပြင် SSPP/SSA တပ်ဖွဲ့ဝင်များအနေဖြင့် မိုင်းနောင်၊ မိုင်းရှုး ကားလမ်း မြောက်ဘက်အခြမ်းတွင် ရွှေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းနောင်၊ မိုင်းရှုး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကို ရွှေ့ပြောင်း နေရာ ချထားရန်လည်း သဘောတူခဲ့ကြသည်။

အလားတူ လက်ရှိ ပဋိပက္ခကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်း အမြန်ဆုံး ပြန်ဖွင့်ရန်နှင့် စစ်ဘေးရှောင် ပြည်သူများအား နေရပ်ရင်း ပြန်လည်နေထိုင်နိုင်ရေးကို SSPP/SSA နှင့် အစိုးရတို့အကြား နှစ်ဘက် ပူးပေါင်း ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးချက်များနှင့် ပတ်သက်၍ SSPP/SSA ဗဟိုဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆွေးနွေးပွဲ တက်ရောက် ခဲ့ကြသည် ခေါင်းဆောင်များ ဌာနချုပ်ကို ပြန်လည် ရောက်ရှိခြင်းမရှိသေး၍ လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း SSPP/SSA ဗဟိုဌာနချုပ် တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

SSPP/SSA နှင့် အစိုးရ တပ်မတော်တို့ အကြားတွင် အောက်တိုဘာလ ၆ ရက်က စပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများကြောင့် ဒေသခံ ၉၀၀၀ ကျော် အိုးအိမ်များကို စွန့်ခွာ၍ ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။

SSPP/SSA အဖွဲ့သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့် နှင့် ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့်အတွက် ၂၀၁၁ ခုနှစ် မတ်လပိုင်းက စတင်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အစိုးရနှင့် SSPP/SSA တို့အကြား ပြည်နယ်အဆင့်၊ ပြည် ထောင်စု အဆင့် ပဏာမ အပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း စာချုပ်ချုပ်ပြီးချိန်မှစ၍ ယခုနှစ် အောက်တိုဘာ လလယ်ပိုင်းအထိ နှစ်ဘက် အကြား တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း SSPP/SSA က တရားဝင် ထုတ်ပြန်ထားသည်။

တပ်မတော်သည် SSPP/SSA နှင့်သာမက ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့နှင့်လည်း လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ထိုအဖွဲ့များနှင့်လည်း တွေ့ဆုံညှိနှိုင်းရန် ရှိမရှိ မေးမြန်းမှုကိုမူ အသေးစိပ် မသိရှိရသေးကြောင်း ဦးလှမောင်ရွှေ က ပြောဆိုသည်။

Loading