တိုင်းရင်းသားဒေသများတွင် အစိုးရ တပ်မတော်သားများက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ဆက်လက် ကျူးလွန်မှုများ ပြုလုပ်နေသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ယနေ့ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်မှုများကို နည်းပေါင်းစုံဖြင့် နေ့စဉ်နှင့် အမျှ တွေ့ကြုံနေရကြောင်း၊ စစ်တပ်က အမျိုးသမီးများကို လင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပိုမိုများပြားလာခြင်းသည် စစ်တပ်အာဏာ စိုးမိုးနေခြင်း သာ မက စစ်ဝါဒကျင့်သုံးနေမှုနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟုလည်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ယနေ့တွင် ကျရောက် သည့် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား ထားသည်။
လက်ရှိအချိန်တွင် ကချင်နှင့် ရှမ်းပြည်နယ် ဒေသတချို့၌ အစိုးရတပ်က ပြင်းထန်စွာ ထိုးစစ်ဆင်နေခြင်းသည် အမျိုးသမီးများ ဘဝ လုံခြုံရေးအတွက် ပို၍စိုးရိမ်စရာ ဖြစ်နေကြောင်း၊ စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များသည် စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း မရရှိကြကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
“စစ်ဖြစ်တဲ့နေရာ၊ စစ်ဖြစ်တဲ့ ဒေသမှာဆိုရင် စစ်တပ်ကနေ အမျိုးသမီးတွေကို မုဒိန်းပြုကျင့်တာ တွေ့နေရတယ်။ ဖြစ်နေတဲ့ နေရာ တွေမှာဆိုရင် တိုင်ကြားချင်ရင် တိုင်ကြားဖို့နေရာ မရှိဘူး။ အပြစ်ပေး အရေးယူမှုက ပေါ့တိပေါ့ဆနဲ့ အမျိုးသမီးတွေအတွက် အင် မတန် မှ ဝမ်းနည်းစရာ ကောင်းနေတယ်”ဟု အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ မွန်းနေလီက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ကြသဖြင့် အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိစေရန် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ လုံလောက်သော ဥပဒေပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ရှိစေရန် အတွက် တရားဥပဒေ စိုးမိုးမှုရှိရန် အထူးလိုအပ်ကြောင်းလည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထောက်ပြထားသည်။
မကြာမီ တက်လာမည့် အစိုးသစ်၏ ဥပဒေ စိုးမိုရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး စသည့် ရည်မှန်းချက်များကို ဆောင်ရွက်ရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား စစ်လက်နက်သဖွယ် ဆက်လက်ကျင့်သုံးနေမှုကို ရပ်တန့်ရေး အလေးထား စဉ်းစားရန်လည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။
“အခုတက်လာမယ့် အစိုးရသစ်က အမျိုးသမီးဦးဆောင်တဲ့ အစိုးရ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ အခြေအနေ အမျိုးသမီးတွေရဲ့ ခံစားချက်ကို နားလည်ပေးပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတဲ့ ကိစ္စက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ၊ ဘယ်လောက်အထိ နိုင်ငံတော်ရဲ့ ကြီးပွားတိုးတက်မှုကို ထိခိုက်စေတယ် ဆိုတာကို နားလည်ပေးပြီး လက်တွေ့ကျကျ အကောင် အထည်ဖော် လုပ်ဆောင်ပေးသွားဖို့ မျှော်လင့်ပါတယ်”ဟု မွန်းနေလီက ဆိုသည်။
၁၉၉၉ ခုနစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပသော ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ၈၃ ကြိမ်မြောက် မျက်နှာ စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၅၃/၁၃၄ အရ နိုဝင်ဘာ ၂၅ ရက်ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ထားသည်။