မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၏ အားနည်းချက်များကို ၂၀၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရသစ် လက်ထက်၌ ပြန်လည်ပြုပြင်နိုင်ရန် တိုက်တွန်းလိုကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့အစည်း (MATA) က ပြောဆိုလိုက်သည်။
MATA အဖွဲ့အစည်းမှ ပတ်ဝန်းကျင်ရေးရာ ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေအပေါ် ဆွေးနွေး သုံးသပ်ချက်များကို နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
MATA ၏ မဟာမိတ် အဖွဲ့အစည်းတခု ဖြစ်သည့် တောင်ကြီးအခြေစိုက် ဘက်စုံဖွံ့ဖြိုးရေး အမှုဆောင်အဖွဲ့ (IDEA) ၏ တည်ထောင်သူ ဦးဇော်ထွန်းက နောက်တက်လာမည့် အစိုးရသည် ပြည်သူလူထု၏ ဆန္ဒအရ ပေါ်ပေါက်လာမည့် အစိုးရဖြစ်သည့်အတွက် ယင်းဥပဒေ၏ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်နိုင်ရန် မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဇော်ထွန်းက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘာပဲပြောပြော၊ နောက်ဖွဲ့လာမယ့် အစိုးရသည် ဘာပဲပြောပြော လူထုက ရွေးလွှတ်လိုက်တဲ့ ဒီမိုကရက်တစ် ပုံစံကို အများဆုံး သွားနိုင်မယ့် အစိုးရလို့ ယူဆတဲ့အတွက် ဒီအချိန်မှာ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်တွေ အနေနဲ့ရော ဒေသလူထုတွေ အတွက်ပါ ဒီအချိန်လေးသည် အချိန်ကောင်းပဲပေါ့နော်။ နောင်ဆိုတာ မသေချာဘူး” ဟု ပြောသည်။
ယင်းဥပဒေသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ အခွင့်အရေးများကိုပင် ထည့်သွင်း စဉ်းစားထားခြင်း မရှိကြောင်းလည်း ဦးဇော်ထွန်းက ဖြည့်စွက်ပြောဆိုသည်။
“သန့်ရှင်းတဲ့မြေ၊ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ခံစားခွင့်ရှိဖို့က လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲလေ။ ဒါပေမယ့် ဒီအခွင့်အရေးကို ကာကွယ်ပေးဖို့ အတွက်ကိုတောင် ဒီဥပဒေမှာ မတွေ့နေဘူး” ဟု ဦးဇော်ထွန်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ နည်းဥပဒေများကို ၂၀၁၄ ခုနှစ် ဇွန်လတွင်လည်းကောင်း အသီးသီး ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း EcoDev ၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက နိုင်ငံတကာ ဥပဒေများနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များစွာ ရှိနေပြီး ခေတ်နှင့် လျော်ညီမှု မရှိကြောင်း၊ ယေဘုယျ သဘောဆန်ပြီး အားနည်းချက်များစွာ ရှိနေကြောင်း ပြောသည်။
“နိုင်ငံသား တယောက်ချင်းစီရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးကို တိတိကျကျ ဖော်ပြမထားဘူး။ အဲဒီအခွင့်အရေးကို ဘယ်လို ကာကွယ်မယ် ဆိုတာကိုလည်း တိတိကျကျ ရှင်းလင်း ရေးသားထားတာ မရှိတဲ့အတွက် အဲဒါက အခြေခံ အားနည်းချက်ပေါ့” ဟု ဦးဝင်းမျိုးသူက ဧရာဝတီကို ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ရှိသည်ကိုပင် တိုင်းရင်းသား ပြည်သူအများစုမှာ သိရှိခြင်း မရှိသည့်အတွက် MATA က ဦးဆောင်ပြီး တရားဥပဒေ မြှင့်တင်ရေး စီမံကိန်းကို ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ စီမံကိန်းလုပ်ဆောင်ခဲ့သော ဒေသများတွင် သစ်တောပြုန်းတီးမှု၊ သဘာဝ သယံဇာတ အလွန်အကျွံ ထုတ်ယူမှုနှင့် သယံဇာတ တူးဖော်သည့် စက်ရုံများ၏ ဘေးထွက် ဆိုးကျိုးများကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး ရေ၊ မြေ၊ လေ ညစ်ညမ်းခြင်းနှင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်မှုများကို တွေ့ရှိရကြောင်း MATA အဖွဲ့က ဆိုထားသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပညာရှင် တဦးဖြစ်သည့် ဦးအောင်ကျော်ထွန်းက လက်ရှိပြဌာန်းထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေသည် ဒေသခံပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုကို ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့်အတွက် စီမံကိန်းတည်ရှိရာ ဒေသများတွင် ပဋိပက္ခနှင့် အငြင်းပွားမှုများ ရှိနေခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးအောင်ကျော်ထွန်းက “အခုလက်ရှိ ဥပဒေသစ်မှာ သတင်းအချက်အလက်ကို ရယူပိုင်ခွင့် မရှိတာတို့ပေါ့။ စီမံကိန်းတခု ဝင်လာမယ်၊ အဲဒီစီမံကိန်းဟာ ဘယ်အမျိုးအစား ဖြစ်တယ်ဆိုတာကို အဲဒီဟာတွေကို ဥပဒေသစ်မှာ ရှိထားတဲ့ အချက်တွေ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဘယ်စီမံကိန်းဆိုတာကို မသိတဲ့အတွက်ကြောင့် ပဋိပက္ခတွေက အဲဒီအပေါ်တွေ အခြေခံပြီးတော့ ဖြစ်လာတာ” ဟု ပြောသည်။
ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များသည်လည်း ထိရောက်ပြီး ဖြစ်သင့်သည့် အတိုင်းအတာများ မဟုတ်ကြောင်း၊ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် တိုက်တွန်းကြောင်း ပြောသည်။