မြန်မာနိုင်ငံသည် တကမ္ဘာလုံးတွင် လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရမှု တတိယ အမြင့်ဆုံးနေရာတွင်ရှိပြီး ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများသည် မြေမြှုပ်မိုင်းပျံ့နှံ့မှု အများဆုံး ဒေသများတွင် ပါဝင်ကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာသည် ICBL ၏ နှစ်စဉ် ထုတ်ဝေနေကျဖြစ်သော ၂၀၁၅ ခုနှစ် တကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ၏ တစိတ်တပိုင်းဖြစ်သည်။
တကမ္ဘာလုံးတွင် လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရမှု အမြင်ဆုံး နံပါတ် ၁ နေရာတွင် အာဖဂန်နစ္စတန်၊ နံပါတ် ၂ နေရာတွင် ကိုလံဘီယာ၊ နံပါတ် ၃ နေရာတွင် မြန်မာနိုင်ငံ၊ နံပါတ် ၄ နေရာတွင် ပါကစ္စတန်နှင့် နံပါတ် ၅ နေရာတွင် ကမ္ဘောဒီးယားတို့ဖြစ်ကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCM) မှ Research Coordinator & Editor ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြောသည်။
အစီရင်ခံစာတွင် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များအပြင် ပဲခူး၊ တနင်္သာရီစသည့် တိုင်း ဒေသကြီးများရှိ မြို့နယ်အနည်းဆုံး ၅၆ မြို့နယ်တွင် လူသတ်မိုင်းပြန့်နှံ့မှုကို ခံစားနေရသော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ လူသားချင်းစာနာသော မိုင်းရှင်းလင်းရေး အစီအစဉ်များ မရှိသေးကြောင်း ဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်း ၂၀၁၃ ခုနှစ်က ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း၍ မိုင်းရှင်းလင်းရေးကို ပြုလုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ဝန်းကျင်တွင် ရပ်တန့်လိုက်ကြကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်ရာတွင် တချို့မြေမြှုပ်မိုင်း တည်နေရာများမှာ တာဝန်ယူမြှုပ်ခဲ့သည့် အရာရှိများ၊ မြေမြှုပ်မိုင်းတည်နေရာ မြေပုံကိုင်သည့်အရာရှိများ သေဆုံးသွားသည့်အခါ ယင်းရောကို ကျန်သူများက မသိနိုင်သောကြောင့် ဆက်လက်မဖော်နိုင်တော့ဘဲ “အန္တရာယ်ရှိနေရာ၊ မသွားရ” ဟူ၍ ဆိုင်းဘုတ် ထောင်လိုက်ရသည်များ ရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းထွန်း က ဧရာဝတီသို့ ပြောသည်။
“တချို့မြေမြှုပ်မိုင်းတွေဟာ နှစ်ကာလ ကြာမြင့်လာလို့ ပြန်လည် တူးဖော်တဲ့အခါ အဓိက ပေါက်ကွဲမယ့်နေရာသာ ကျန်ရှိပြီး ဘေးဘက်တွေမှာ ပျက်စီးသွားတဲ့အတွက် ပြန်လည် တူးဖော်ရာမှာ အခက်အခဲတွေရှိတယ်” ဟု ယင်းက ရှင်းပြသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အသုံးပြုသည့် မိုင်းများမှာ လက်လုပ်မိုင်းနှင့် စက်မိုင်းဟူ၍ နှစ်မျိုးရှိပြီး လက်လုပ်မိုင်းမှာ ဓါတ်ခဲဖြင့် ပြုလုပ်ထားသဖြင့် ၆ လဝန်းကျင်ခန့်သာ သက်တမ်း သတ်မှတ်ထားကြောင်း၊ စက်မိုင်းများမှာ ကာလ အကန့်အသတ်မရှိ ပေါက်ကွဲမှု ပြင်းအားများကြောင်း သိရသည်။
မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်အထိ လူသတ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုပေါင်း ၃၇၀၀ ကျော်ရှိပြီဖြစ်သော်လည်း တပ်မတော်၊ အစိုးရအဖွဲ့အစည်းနှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများထံမှလည်း တိကျသည့်စာရင်းဇယား မရရှိမှုကြောင့် လက်တွေ့ ကိန်းဂဏန်း၏ အစိတ်အပိုင်း အနည်းငယ်သာဖြစ်ကြောင်း ယင်းက ရှင်းပြသည်။
ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က “ဒါအကုန်ပဲလို့တော့ မပြောနိုင်ပါဘူး။ ထူးခြားမှုတခုက တပ်မတော်ရော လက်နက်ကိုင် အဖွဲ့အစည်းရော နှစ်ဘက်စလုံးက ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူပေါင်း ဘယ်လောက်ရှိပြီလဲဆိုတာ စာရင်းဇယား ထားရှိခြင်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့ ၃၇၀၀ ဟာ ကျနော်တို့ တဦးချင်းရေထားတဲ့စာရင်း ဖြစ်ပါတယ်။ တကယ့် ဂဏန်းကတော့ ကျနော်တို့ ရေထားတဲ့ ဂဏန်းထက် အများကြီးများနိုင်ပါတယ်” ဟု ပြောသည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု မြင့်မားသော်လည်း ထိခိုက်မှု အများဆုံးဖြစ်ပွားရာ ဒေသများတွင် မိုင်းအန္တရာယ် ဆိုင်ရာ ပညာပေးမှုလုပ်ငန်းများ လိုအပ်နေဆဲဖြစ်ပြီး မြေမြှုပ်မိုင်းထိခိုက်ရာမှ အသက်ရှင် ကျန်ရစ်သူများအတွက် ဆေးဝါးအထောက်အပံ့နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များ တိုးတက်လာသော်လည်း မလုံလောက်မှုများ ကြုံနေရဆဲဖြစ်ကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။
ICBL ကို ကမ္ဘာအဝှမ်း လူသတ်မိုင်းများ ရှင်းလင်းပပျောက်ရေးအတွက် ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ ICBL ၌ နိုင်ငံပေါင်း ၇၀ ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၃၀၀ ကျော်ပါဝင်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်အထိ ကမ္ဘာ့အစိုးရ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၁၆၂ နိုင်ငံက မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို သဘောတူ လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံသည် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် ပါဝင်ခြင်း မရှိသေးသည့်အတွက် ပါဝင်လက်မှတ် ရေးထိုးရန်လည်း ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က တိုက်တွန်းလိုက်သည်။
ဆက်စပ်ဖတ်ရှုရန်
မြေမြှုပ်မိုင်းကွင်းမှာ ရှင်သန်ကြသူများ