ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ညစ်ညမ်းပုံအဖြစ်ပြင်ဆင်ကာ Facebook လူမှုကွန်ရက်၌ တင်သည့်အတွက် တရားစွဲခံရသော်လည်း အာမခံဖြင့် လွတ်မြောက်နေသော ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ နယ်ခေါင်းဆောင် ဦးသန်းထွန်း ကို ယမန်နေ့က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း ကန်ကြီးထောင့် မြို့နယ်ရဲစခန်းက ဧရာဝတီသို့ ပြောသည်။
ပြန်လည်ဖမ်းဆီးရခြင်းမှာ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းက ဦးသန်းထွန်း အား အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲဆိုသင့်သည်ဟု မှတ်ချက်ပေးသည့်အတွက် ဖြစ်သည်။
“ကျနော်တို့ ဦးသန်းထွန်းကို မနေ့က နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ပြီး ဒီကနေ့မှာ ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်ပြီး ချုပ် နှောင်ထားပါတယ်။ သူ့အမှုကိုလည်း တရားရုံးကို တင်ပို့ထားပြီးပါပြီ”ဟု ကန်ကြီးထောင့်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ရဲလွင်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ရက်နေ့ က ကန်ကြီးထောင့်မြို့နယ် ကြံခိုင်ရေးပါတီ ခေါင်းဆောင် ဦးသန်းထွန်းသည် Thu Thu အမည်ရှိ Facebook အကောင့်ဖြင့် အဝတ်အစားမဲ့ ခန္ဓာကိုယ်တွင် ဒေါ်အောင်ဆန်း စုကြည် မျက်နှာကို ဖြတ်ညှပ် ကပ်လုပ်ကာ ညစ်ညမ်းစွာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို လူမှုကွန်ရက်တွင် ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်သည့်အတွက် ၎င်းအား Hand to Hand အခမဲ့ပညာ ဒါနကွန်ရက်မှ ကိုစည်သူအောင်က တရားလိုပြုလုပ်၍ အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုရာ ကန်ကြီးထောင့်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးရဲလွင်ကိုယ်တိုင် အမှုစစ်အဖြစ် တာဝန်ယူ လက်ခံခဲ့ပြီး ဦးသန်းထွန်းအား ပြစ်မှုနံပါတ် ၁၅၇/၂၀၁၅၊ အီလက် ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
သိုသော် နိုဝင်ဘာ ၂ ရက်နေ့၌ ရမန်ကုန်ဆုံးသော်လည်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းထံမှ မှတ်ချက်မရသည့်အတွက် ရဲတပ်ဖွဲ့က ဦးသန်းထွန်းကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ ကြံခိုင်ရေးပါတီ နယ်ခေါင်းဆောင် ဦးသန်းထွန်း၏ အမှုကို လာမည့် ဒီဇင်ဘာ ၂ရက်နေ့တွင် ကန်ကြီးထောင့် မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။
အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦး အား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
သမ္မတ ဦးသိန်းစိန်လက်ထက် လူမှုကွန်ရက် Facebook အသုံးပြုသူ မြန်မာနိုင်ငံသားများအကြား ပထမဆုံး ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရ သူမှာ ဧရာဝတီတိုင်း မအူပင်မြို့မှ မချောစနီ္ဒထွန်း (ခ) ချစ်သမီးဖြစ်ပြီး တပ်မတော်၏ အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံကို ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစား အရောင်နှင့် လူမှုကွန်ရက်တွင် နှိုင်းယှဉ် ပြောဆိုသည့် အတွက် ဖြစ်သည်။
ဒုတိယ အဖမ်းခံရသူမှာ ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားသည့် ဓာတ်ပုံအား လူမှုကွန်ရက်တွင် ဝေမျှခဲ့သည်ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။
သို့သော် မချောစနီ္ဒထွန်း (ခ) ချစ်သမီးနှင့် ဦးပက်ထရစ်ခွန်ဂျာလီ တို့ နှစ်ဦးစလုံးမှာ လက်ရှိအချိန်တွင် အာမခံရရှိခြင်းမရှိပဲ ချုပ်နှောင်ခံထားရသည်။
ယခု တတိယမြောက် ရုံးတင်စစ်ဆေးခံရမည့် ဧရာဝတီတိုင်း ကန်ကြီး ထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ နယ်ခေါင်းဆောင် ဦးသန်းထွန်းအမှုနှင့် ပတ်သက်၍ တရားလို ကိုစည်သူအောင်က “ချစ်သမီးတို့ ဦးခွန်ဂျာလီတို့တုန်းကတော့ ဆက်သွယ်ရေးဝန်ကြီးက ချက်ခြင်း မှတ်ချက်ချပေးခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဦးသန်းထွန်းအတွက်ကျတော့ ဆက်သွယ်ရေးဝန်ကြီးရဲ့မှတ်ချက်က အင်မတန် နောက်ကျတယ်လို့ ပြောချင်တယ်”ဟု ဆိုသည်။