ရုရှားက အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြစ်တဲ့ မြေပြင် မှ ဝေဟင်ပစ် S-400 ဒုံးပျံများကို ဒီကနေ့ ဆီးရီးယားမှာ တရားဝင်ချထားလိုက်ပါပြီ။ တူရကီတိုက်လေယာဉ်က ရုရှား ဗုံးကြဲလေယာဉ် Su-24ကို ပစ်ချပြီး နောက်ရက်မှာ ချထားလိုက်တာဖြစ်ပါတယ်။ ဒါဟာ တူရကီ အမြင့်ဆုံး သတိပေးလိုက်တာလို့လည်း စစ်ရေး သုံးသပ်သူတွေကဆိုပါတယ်။
နေတိုးရဲ့ အခေါ် SA- 21 Growler (S- 400) ဒုံးပျံတွေဟာ S-300ကို အဆင်မြှင့်ထားတဲ့ မျိုးဆက်သစ်ဖြစ်ပြီး ဒီဒုံးပျံတွေဟာ မိုင် ၂၅၀(ကီလို ၄၀၀) အထိ ပစ်ခတ်နိုင်ပါတယ်၊
ဒီဒုံးပျံတွေကို ကိုင်တွယ်ပစ်ခတ်မယ် လေကြောင်းရန်ကာကွယ်ရေး အဖွဲ့တွေဟာ ဆီးရီးယားက Hmeymim လေတပ်စခန်းမှာ အခြေချမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှား ဗုံးကြဲလေယာဉ် Su- 24 ကို တူရကီတိုက်လေယာဉ်က ပစ်ချလိုက်ပြီးနောက်မှာ အခုလို ရုရှားက ဆီးရီးယား မှာ လေကြောင်းကာကွယ်ရေး လက်နက်တွေချထားလိုက်တာဖြစ်ပါတယ်။
တူရကီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အကြမ်းဖက်သမားတွေကို ရုရှားက နှိမ်နင်းနေချိန်မှာ နောက်ကျော ဓားနဲ့ ထိုးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။