လူထုနဲ့ အတူ … လူထုရဲ့လူ

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့က သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ ပြုလုပ်သွားကြဖို့ မိသားစုဝင်တွေနဲ့ တပည့်သားမြေးတွေက ကြိုးပမ်းနေကြတယ်။ ပြည်သူကို တန်ဖိုးထားရင် ပြည်သူကလည်း ပြန်ပြီးတန်ဖိုးထားတယ် ဆိုတာ ဒီနေ့ ခေတ်နိုင်ငံရေး နယ်ပယ်မှာ ကျင်လည်နေကြတဲ့ နိုင်ငံရေးသမားတွေ သိဖို့လိုတယ်။

တရုတ် နိုင်ငံရေးသုခမိန် လောင်ဇုက “ပြည်သူလူထုကို ချီးမြှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပြည်သူလူထုကလည်း ခင်ဗျားကို
ချီးကျူးဂုဏ်ပြုမှာ မဟုတ်ပါ” တဲ့။ ဒီနေ့အထိ မှန်နေတဲ့ အမှန်တရား ဖြစ်တယ် ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပြီ။ လူတယောက် ကွယ်လွန်ပြီးချိန် နောက်ပိုင်း နှောင်းလူတွေ အမှတ်ရဖို့ ဆိုတာ တကယ်တော့ မလွယ်လှဘူး။ သူ အသက်ရှင် နေထိုင်စဉ် အတွင်းမှာ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးတစုံတရာ လုပ်ခဲ့သူမှပဲ နောင်လာ နောက်သားတွေက အသိအမှတ်ပြုမှာ ဖြစ်တယ်။ တကိုယ်ကောင်းဆန်သူ အတ္တကြီးသူ ငါတကော ကောသူတွေ
ကွယ်လွန်ခဲ့ရင် ဘယ်သူကမှ ရာပြည့်ပွဲကို တခုတ်တရ ကျင်းပနေမှာ မဟုတ်ဘူး။

လူထုဒေါ်အမာက သေသည်အထိ ပြည်သူလူထု အတွက် လုပ်ဆောင်သွားခဲ့တဲ့ သတင်းစာ ဆရာမကြီး ဖြစ်တယ်။ မန္တလေးမြို့က လူထုဒေါ်အမာလို လူမျိုးကို ရလိုက်တာ သိပ်ကံကောင်းလွန်းတယ်။ လူထုဒေါ်အမာလို သတင်းစာ ဆရာမကြောင့် မန္တလေးကို ကမ္ဘာက ပိုပြီး သတိထားမိသွားစေတယ်။ လူထုဒေါ်အမာက သူကိုယ်တိုင် တော်ပြီး ထူးချွန်ရုံတင် မကဘူး၊ လူထုအရိပ်မှာ လာရောက်ခိုနားသူတွေ အတွက်ပါ သစ်တပင်ကောင်း ဖြစ်အောင် ကျင့်ကြံ အားထုတ်နိုင်ခဲ့တယ်။

လူထုဒေါ်အမာကို ဂုဏ်ပြုကြတာ အကြောင်းမဲ့ ဂုဏ်ပြုကြတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွက် ထိုက်တန်တဲ့
ပေးဆပ်မှု ရှိခဲ့လို့ ကျန်ရစ်သူတွေက အောက်မေ့သတိရတဲ့ အနေနဲ့ ကျန်ခဲ့သူတွေက ဂုဏ်ပြုပွဲ ကျင်းပပေးတာ ဖြစ်တယ်။ လူထုဒေါ်အမာက သူ့ဘဝတလှျှောက်လုံးမှာ ပြည်သူတွေနဲ့ တသွေးတည်း တသားတည်း ရပ်တည်ခဲ့တယ်။ အထူးသဖြင့် အဖိနှိပ်ခံ နင်းပြားတွေ ဘက်က အမြဲရပ်တည်ခဲ့တယ်။လူထုဒေါ်အမာ မဖြစ်ခင် တက္ကသိုလ်ကျောင်းသူ ဘဝမှာ သပိတ်မှောက်ကျောင်းသူ မအမာ အဖြစ် ကျွန်ပညာရေးကို တိုက်ပွဲဝင်ခဲ့တယ်။ သတင်းစာထုတ်ပြီး အယ်ဒီတာ လုပ်တော့လည်း မြို့လူထု အားကိုးနိုင်တဲ့ ဂုဏ်သိက္ခာ ရှိတဲ့ သတင်းစာအဖြစ် ရပ်တည်ခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ အတူ လက်တွဲပါဝင်ဆောင်ရွက်ခဲ့တယ်။ သားတယောက် ကျဆုံး၊ လင်က ကွယ်လွန်၊ သားတယောက် အဝေးရောက်၊ လက်ကျန်သား ထောင်ကျ၊ ပုံနှိပ်စက်တွေ မီးဘေးသင့်ပြီး ချိန်၊ မိသားစု စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ မုဆိုးမတယောက်ရဲ့ အားမာန် သတ္တိကို သက္ကရာဇ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လူထုဒေါ်အမာရဲ့ မျက်နှာမှာ အထင်းသားတွေ့နိုင်တယ်။ အာဏာပိုင်တွေရဲ့ အမျိုးမျိုးသော ဖိအားတွေ အောက်မှာ စိတ်ဓာတ်တွေ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။

သတင်းစာတိုက် ဒိုင်းနမိုက်နဲ့ အခွဲခံရလို့လည်း ရပ်တည်ချက်မပြောင်း ခံယူချက် မယိမ်းယိုင်ခဲ့ဘူး။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံ ကာလမှာလည်း တပ်ဦးက အလံကိုင် ထွက်ခဲ့တာပဲ။ မြို့လူထုအတွက် လိုအပ်လို့ ဗြဟ္မစိုရ်လို
လူမှုကူညီရေး အသင်း ဖွဲ့ကြတော့လည်း လူအား၊ ငွေအား၊ အကြံဉာဏ်အား ပါဝင်ကူညီ ခဲ့ပြန်တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလမှာ အသက် ၈၀ ကျော် အရွယ်ရောက် နေပေမယ့် တိုက်ရှေ့ ကြွလာတဲ့ သံဃာတော်တွေကို ဝန်းရံအားပေးခဲ့တယ်။

လူထုဒေါ်အမာရဲ့ သားတပည့်အချို့နဲ့ ဒီရက်ပိုင်းမှာ တွေ့ဆုံမေးမြန်းမှုအချို့ပြုလုပ်ခဲ့တယ်။

ပရဟိတ နှလုံးလှ

မန္တလေးမြို့ခံ စာရေးဆရာ ကျော်ရင်မြင့်က လူထုကြီးပွားရေး စာအုပ်တိုက် အယ်ဒီတာစားပွဲမှာ အမေ လူထု ဒေါ်အမာနဲ့ အတူ လက်ပွန်းတတီးလုပ်ကိုင်ခဲ့သူဖြစ်တယ်။ သူက အမေလူထုဒေါ်အမာရဲ့ ပရဟိတ စိတ်ဓာတ် ထက်သန်ပုံကို အခုလိုပြောပြတယ်။

“ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက မြန်မာနိုင်ငံမှာ ပထမဆုံး ပေါ်ပေါက်တဲ့ အခမဲ့နာရေးအသင်း လို့ ပြောနိုင်တယ်။ အဲဒီအသင်း ဖြစ်ပေါ်ဖို့ အမေ လူထုဒေါ်အမာ၊ ဆရာတော် ဦးတိက္ခ၊ နဒီမြန်မာ ဦးအောင်ခိုင်တို့ ဦးဆောင်ဖွဲ့စည်းခဲ့ကြ တယ်။ မေလ ၈ ရက်၊ ၁၉၉၈ ခုနှစ်မှာ ဗြဟ္မစိုရ်ကို စတင် ဖွဲ့စည်းနိုင်ခဲ့တယ်။ ဗြဟ္မစိုရ် မဖွဲ့မီ ကာလမှာ မြို့တွင်းဧရိယာ မှာ ရှိနေတဲ့ သင်္ချိူင်းတွေကို အာဏာသိမ်း စစ်အစိုးရက မြို့နဲ့ဝေးဝေးနေရာတွေမှာ ရွှေ့ပစ်ခဲ့တယ်။ ဗြဟ္မစိုရ်အသင်းကြီး ရဲ့ ကူညီမှုနဲ့ ကွယ်လွန်သူရဲ့ နောက်ဆုံးခရီး လှပခဲ့ကြရတယ်။ နောက်ပိုင်းမှာတော့ ဗြဟ္မစိုရ်ကို အတုယူပြီး အနယ်နယ် အရပ်ရပ်မှာ နာရေးကူညီမှု အသင်းတွေ ဖွဲ့ဖြစ်ကြတယ်”

အဲဒီအချိန်မှာ ဗြဟ္မစိုရ် အသင်းကြီးရဲ့ အောင်မြင်မှုကို မနာလိုတဲ့ ဒေသဆိုင်ရာအာဏာပိုင် တချို့က လွှဲပြောင်းရယူဖို့
ကြံစည်ခဲ့ကြ သေးတယ်။ အမေ လူထုဒေါ်အမာ အပါအဝင် အမှုဆောင်တွေရဲ့ အမြော်အမြင်ရှိမှုကြောင့် အာဏာပိုင်တွေရဲ့ သိမ်းယူခြင်း မခံခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ ကာလအတန်ကြာတဲ့ အထိ အာဏာပိုင်တွေရဲ့
မျက်လုံးဒေါက်ထောက် ကြည့်ခြင်းကို ခံခဲ့ရတယ်။

ပြည်သူချစ်တဲ့ သတင်းစာဆရာ

လူထုအယ်ဒီတာစားပွဲမှာ ထိုင်ရင်း ဓနစီးပွားရေး မဂ္ဂဇင်းမှာ မျက်နှာဖုံးဆောင်းပါးတွေ စာရေးဆရာ ကျော်ရင်မြင့်က ရေးပါတယ်။ တူသားတွေ ရေးသမျှ အမေမာက ဒိုင်ခံဖတ်တယ်။ မကောင်းတာ ရှိရင် ဝေဖန်သလို ကောင်းတဲ့အခါ လည်း ချီးကျူးဖို့ ဝန်မလေးဘူး။ တခါတော့ ဆေးရေးပါတိတ်တွေ အကြောင်း ဆရာကျော်ရင်မြင့် ရေးတာ အမေမာ ဖတ်ရတော့ “မင်းစာဖတ်ရတာ ဖွာစုတ်စုတ်နဲ့ကွယ်” လို့ မှတ်ချက်ချတာ ခံရတယ်။

မုံရွာမြို့ကို ကာဗာစတိုရီရေးဖို့ သွားတော့ မြို့ခံမိတ်ဆွေ မရှိဘူး။ အမေမာက ဆရာဦးအံ့မောင်ဆီ အကူအညီပေးဖို့ မိတ်ဆက်စာ ရေးပေးတယ်။ အမေမာ့စာကြောင့် မုံရွာမြို့က လူတွေက ကျနော်နဲ့ လူချင်းတခါမှ မမြင်ဘူးခဲ့ပေမယ့်
ကူညီခဲ့ကြတယ်။ အခြားမြို့တွေမှာလည်း အမေမာ့ကျေးဇူးနဲ့ မျက်နှာမငယ်ခဲ့ရပါဘူး။ အမေမာနဲ့ သိကျွမ်းရတာ ကျနော့် အတွက် အရာရာကို ပွင့်စေတဲ့ Golden Key (ရွှေသော့) ပါပဲ။

လူထုဒေါ်အမာရဲ့ များစွာသော အရည်အချင်းတွေထဲက ကိုယ်တိုင်ကြိုက်တာက ခေတ်ကို မျက်ခြေမပျက်ဘူး။ အဆိုး မမြင်ဘူး။ အရာရာကို မေတ္တာအရင်းခံစိတ်နဲ့ ကြည့်လေ့ရှိတယ်။

အမေလူထုဒေါ်အမာ (ဓာတ်ပုံ - ငြိမ်းချမ်းစိမ်းလန်း)
အမေလူထုဒေါ်အမာ (ဓာတ်ပုံ – ငြိမ်းချမ်းစိမ်းလန်း)

ဝါသနာဘာဂီ ဆက်တိုင်းမီ

စာရေးဆရာ ဆူးငှက်ကလည်း လူထုကြီးပွားရေး စာအုပ်တိုက် အယ်ဒီတာစားပွဲ ထိုင်ခဲ့သူ ဖြစ်တယ်။ အခုလာမယ့် နိုဝင်ဘာ ၂၉ ရက်၊ အမေမာ့ နှစ် ၁၀၀ ပြည့်ပွဲမှာ ပြည်သူချစ်သော အနုပညာသည်များ တေးသရုပ်ဖော် အစီအစဉ်ကို ကိုယ်တိုင် တင်ဆက်ဦးမှာ ဖြစ်တယ်။ ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ၁၉၉၇ ခုနှစ် ဒီဇင်ဘာမှာ ၅ ကြိမ် မြောက် (နောက်ဆုံးထုတ်) ထုတ်ဝေတော့ ဆရာညီစေမင်း ဆရာကျော်ရင်မြင့်တို့နဲ့ အတူ ဆရာဆူးငှက်လည်း ဝိုင်းဝန်းကူညီခဲ့သူ ဖြစ်တယ်။

ပြည်သူချစ်သော အနုပညာသည်များ၊ အငြိမ့် (ပ၊ဒု)၊ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်း တင်မောင်၊ မြန်မာ့ မဟာဂီတ စတဲ့ သဘင်သုခုမ ဆိုင်ရာ စာအုပ်တွေ ရေးသားခဲ့တယ်။ ဗမာသံတွေ ပျောက်ကုန်ပြီလို့ အနုသုခုမနဲ့ ပတ်သတ်တာတွေလည်း အနောက်ကျုံးလမ်းက ဓမ္မဗိမာန်မှာ စာတမ်းဖတ်ခဲ့သူဖြစ်တယ်။

လူထုဒေါ်အမာ သဘင်ဆိုင်ရာ စာအုပ်တွေ ရေးသားဖြစ်တာနဲ့ ပတ်သတ်ပြီး ဆရာဆူးငှက်က သူ့အမြင်ကို အခုလိုပြောပြတယ်။

“အမေမာငယ်စဉ်က မိဘတွေက ဆေးလိပ်ခုံထောင်တော့ ဆေးလိပ်သမတွေနဲ့ နေခဲ့ရပုံပေါ်တယ်။ ဆေးလိပ်သမတွေ ဆိုတာ ဘယ်မင်းသားက ဘယ်လို ဘယ်အငြိမ့် ဘယ်ဇာတ်က ဘယ့်နှယ့်ဆိုတာ အမြဲ ပြောနေကြတာ။ ကြာတော့
နားရည်ဝလာခဲ့တယ်နဲ့ တူတယ်။ ပြည်သူချစ်သော ရေးနေချိန်မှာ နိုင်ငံတကာဂီတတွေ ဝင်ရောက်စပြုလာချိန်၊ တိုင်းတပါး ယဉ်ကျေးမှု ထိုးဖောက်ခံနေရချိန်မှာ သတင်းစာဆရာကောင်း ပီသစွာ ငါတို့ယဉ်ကျေးမှုမှာလည်း ဒါမျိုးတွေ ရှိခဲ့တယ် ဆိုတာ စာနဲ့ရေးပြီး ဖော်ပြခဲ့တာပဲ။ ပထမဆုံးထုတ်တဲ့ စာအုပ်က လူထုသတင်းစာနဲ့ လူထုဂျာနယ်မှာ ရေးခဲ့တာတွေ စုပြီး ပြန်ထုတ်တာပေါ့။ အဲဒီစာအုပ်က အကြောင်းအရာကို အဓိကထား ထုတ်တာ ဖြစ်တယ်”

အမေမာ့အပေါ်မှာ အားကျတာ ရှိရင်ပြောပြပါဦး လို့ ကျနော် ဆရာဆူးငှက်ကို မေးခွန်းထုတ်တယ်။

“ဒါကတော့ ရှင်းပါတယ်။ ရပ်တည်ချက်ပေါ့ ဗျာ။ ရပ်တည်ချက်ပိုင်းမှာတော့ သူ့ကို ဘယ်သူမှ မမီဘူး။ အပြောလည်း ရှင်းတယ်။ ဝေ့လည်း မနေဘူး။ မကွယ်လွန်ခင် အသိရှိစဉ် ကာလတလျှောက်လုံး ရပ်တည်ချက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်”

စေတနာ

လူထုဒေါ်အမာရဲ့ ပထမဆုံး ပုံနှိပ်စာမူက မောရစ်ကောလစ်ရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ ဘာသာပြန် စာအုပ်ဖြစ်တယ်။ လူထုသတင်းစာ အယ်ဒီတာ ဘဝမှာလည်း ရေဒီယို သတင်းတွေ (အင်္ဂလိပ်လို) နားထောင်ပြီး လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများကို နေ့စဉ်မပြတ် ရေးသားခဲ့သူ ဖြစ်တယ်။ လူထုဒေါ်အမာက
ဘာသာပြန်လုံးချင်း အမြောက်အမြား ရေးသားခဲ့တယ်။ စန္ဒမာလာ၊ ဘဝချင်းမတူသည့် တရုတ်ပြည်၊ တရုတ်ပြည် တော်လှန်ရေး၊ ကျနော်မှတ်မိသမျှ၊ သက်တံ့ရောင် (ပိုလန် ဝတ္ထု)၊ ဂျုံနှင့် စစ်သား (ဂျပန်ဝတ္ထု)၊ ရွှံ့နှင့် စစ်သား၊ ထိုင်းဝတ္ထုတိုများ၊ အာဖရိက ဝတ္ထုတိုများ၊ အင်ဒိုနီးရှား ဝတ္ထုတိုများ၊ လာအို ဝတ္ထုတိုများ စတဲ့ ဘာသာပြန် ပေါင်းများစွာ ရေးသားခဲ့တယ်။

လူထုအယ်ဒီတာ စားပွဲမှာ ဒီနေ့အထိ ထိုင်နေတဲ့ ဘာသာပြန်စာရေးဆရာ ဆရာညီစေမင်းကို အမေမာရဲ့
ဘာသာပြန် လက်ရာတွေအပေါ် မေးခွန်းထုတ်တယ်။ ဆရာညီစေမင်းက အခုလိုပြန်ဖြေတယ်။

“ဒေါ်ဒေါ့်စာတွေက မြန်မာဆန်ပြီး မြန်မာရနံ့ သင်းတယ်။ ဆရာကြီးရွှေဥဒေါင်းနဲ့ အနီးကပ်နေခဲ့ရတာကြောင့်လည်း ပါမယ် ထင်တယ်။ ဘာသာပြန် လက်ရာတွေထဲက “ဘဝချင်းမတူသည့် တရုတ်ပြည်” ကို အကြိုက်ဆုံးပဲ။ အကြောင်းအရာပိုင်းရော အရေးအသားပိုင်းပါ ကြိုက်တယ်”

လူထုဒေါ်အမာရဲ့ အရည်အချင်းတွေထဲမှာ ဘယ်အရည်အချင်းကို သဘောကျပါသလဲ ဆိုတဲ့မေးခွန်းကို ဆရာ ညီစေမင်းက “စေတနာ” လို့ တိုတိုတုတ်တုတ် ဖြေတယ်။

အမေမာဟာ ရေတံခွန်ဖြစ်တယ်

မန္တလေးမြို့က အမျိုးသားစာပေဆုတွေ အများကြီး ရထားတဲ့ အမေမာရဲ့ သားတပည့် စာရေးဆရာ ဆရာနေဝင်းမြင့်ဆီ သွားပြီး အမေမာ့ရဲ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စာပေအနုပညာ အကြောင်းတွေ မေးဖြစ်တယ်။ ဆရာနေဝင်းမြင့်က စာနဲ့ ရေးပြီး အခုလိုဖြေပေးခဲ့တယ်။

“အမေလူထုဒေါ်အမာဟာ ဖြင့်ရင် ကျနော်တို့ အတွက်တော့ အလျင်မပြတ် သွန်ကျနေတဲ့ ရေတံခွန်ဖြစ်တယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ ဘဝနေနည်းတွေ အဓိပ္ပာယ် ရှိရတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ နိုင်ငံရေးတွေ
သန်စွမ်းခဲ့ရတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ စာပေနဲ့ အနုပညာ ပွင့်လန်းခဲ့ရတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ မျှော်လင့်ချက်တွေ ကြည်လင်ရတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေ အေးမြခဲ့ရတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့တတွေ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးကို
ပွေ့ပိုက်ခဲ့ကြတယ်။ ဒီရေတံခွန်ကြောင့်ပဲ ကျနော်တို့ ခြေလှမ်းတွေ မိုင်ထောင်ချီ ခရီးပေါက်ခဲ့တယ်”

အမေလူထုဒေါ်အမာရဲ့ နိုင်ငံရေး

သတင်းစာဆရာမကြီးရဲ့ အငယ်ဆုံးသား အမေမာနဲ့ ထောင်ကျဖော်ကျဖက် စာရေးဆရာ ညီပုလေးကိုလည်း အမေမာရဲ့ နိုင်ငံရေးခံယူချက်နဲ့ သားအမိနှစ်ယောက် ဆက်ဆံရေးတွေ မေးပါတယ်။ သားဖြစ်တဲ့ ဆရာညီပုလေးက မိခင်ဖြစ်သူအမေမာ့အပေါ် အခုလို အကဲဖြတ်ပါတယ်။

ပထမဆုံး အကြိမ် အဖမ်းခံရတာ မန္တလေးတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ဘဝမှာပေါ့။ ကျနော်က သာမန်ကျောင်းသားပါပဲ။ ဒါပေမယ့် ကျနော့်ကို လာဖမ်းတာက စာမေးပွဲကြီး ဖြေနေချိန်၊ အိမ်မှာ လာဖမ်းကြတာ။ စိတ်ထဲမှာ တော်တော်လေး ခံစားရတယ်။ အဖေနဲ့ အမေရှေ့မှာတင် လာဖမ်းတဲ့သူတွေက ကျနော့်ကို
လက်ထိပ်ခတ်လိုက်ကြတယ်။ စစ်ကြောရေး လုပ်ဖို့ နန်းတွင်းထောင်ထဲကို ပို့လိုက်တယ်။ ထုံးစံအတိုင်း စစ်တာပေါ့။ ပထမတော့ ကျနော်တစ်ယောက်တည်း ဖမ်းထားတာလို့ထင်တာ။ နောက်မှ အဖေရော အမေပါ ဖမ်းခံထားရတယ် ဆိုတာ သိတာ။

ဒုတိယအကြိမ် ထောင်ကျတော့ သရက်ထောင်မှာ ဆယ်စုနှစ်လောက် နေခဲ့ရတာ။ အမေကတော့ ထောင်ဝင်စာ လာတွေ့ရှာတယ်။ ကျနော် အမှတ်အရဆုံး ထောင်ဝင်စာက အမေရယ် အမရယ် လာကြတဲ့ အခေါက်မှာ အမေက ထောင်အမှုထမ်းတွေ မမြင်အောင် သူ့ခန္ဓာကိုယ် ပိန်ပိန်ပါးပါးလေးနဲ့ ကွယ်ပြီး စာအုပ်တအုပ် ကျနော့်ကို ပြတယ်။ အဲဒီစာအုပ်က SOAS (University of London) က မြန်မာစာပါမောက္ခ ဆရာမ အန်နာအဲလော့
(မြန်မာအမည် ဒေါ်ခင်ခင်ချော) ရေးတဲ့ ငွေမင်သုတ်တယ် စုတ်ဖြဲတယ် ဆိုတဲ့ စာအုပ်။ အဲဒီစာအုပ်ထဲမှာ ကျနော့် ကိုယ်ရေး အကျဉ်းရယ် ကျနော်ရေးတဲ့ စပါးကြီးမြွေဆိုတဲ့ ဝတ္ထုတိုပါတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်လို့ ကျနော်တို့ကို ဘာလုပ်ပါ၊ ဘယ်လို လုပ်ပါ မပြောဘူး။ ကျနော်တို့ ကိုယ့်ဘာသာ လေ့လာ သင်ယူခဲ့ကြတာပါပဲ။ အမေက သင်ယူချင်စိတ် အမြဲရှိတယ်။ ခေတ်မီတယ်။ အမေ့ သုံးသပ်ချက်တွေက သိပ်ထိရောက်တာပဲလို့ မြင်တယ်။ သူသုံးသပ်ပြပြီ ဆိုရင် အနုပညာလည်း ဆန်တယ်။ လူထုကြားထဲ မြန်မြန် ရောက်တယ်။ ။

Loading