ပြည်သူချစ်တဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲကို မန္တလေးမြို့မှာ ဝှဲချီးကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ အမေမာနဲ့ပတ်သတ်ပြီး ရေးကြ သားကြ ပြောကြ ဆိုကြတာတွေ ထဲမှာ အမေမာရဲ့ ဂုဏ်ရည်တွေက အထင်းသား ပေါ်လွင်နေတယ်။ အမေမာအကြောင်း တခုတ်တရ ပြောကြ ဆိုကြတိုင်း သူ့ရဲ့ ရိုးဂုဏ်နဲ့ စေတနာတွေ ပါခဲ့ကြတာ ချည်းပဲ။ သတင်းစာဆရာ အမေမာလို လူမျိုးက နှစ် (၁၀၀) တိုင်လို့ တယောက် ပေါ်နိုင်ဖို့ မလွယ်ဘူး။
တက္ကသိုလ် ကျောင်းတော်သူဘ၀ နယ်ချဲ့လက်အောက်မှာ သပိတ်မှောက် ကျောင်းသူ မအမာအဖြစ် သမိုင်းတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ခဲ့တယ်။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ် (ကဗျာကဝိကြီး နှစ်ဦး) တို့က အဲဒီအချိန်မှာ
တက္ကသိုလ် နည်းပြဆရာတွေ ဖြစ်နေကြပြီ။ ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ တက္ကသိုလ် ကျောင်းသားတွေ သပိတ်မှောက်တော့ သွားတွေ့ကြတယ်။ လူထုဒေါ်အမာ ဖြစ်လာမဲ့ မအမာက သူ့အော်တိုစာအုပ်မှာ ဆရာ နှစ်ယောက်ကို အမှတ်တရ ရေးခိုင်းသတဲ့။
ဆရာဇော်ဂျီက အမေမာရဲ့ စာအုပ်မှာ “ပြဒါးရှင် ပေးချင်ငဲ့ ခုအရေး၊ ဇော်ဂျီမောင် ငါ မစစ်လို့ စိတ်ညစ်တယ်လေး” လို့ အမှတ်တရ ရေးပေးခဲ့တယ်။ ဆရာမင်းသုဝဏ် ကလည်း “အမာသည် အပျော့ မဟုတ်၊ အဖြူသည် အမည်း မဟုတ်၊ အဖြောင့်သည် အကောက် မဟုတ်၊ အမာကို မပျော့စေနဲ့၊ အဖြူကို မမည်းစေနဲ့၊ အဖြောင့်ကို မကောက်စေနဲ့”လို့
ရေးပေးခဲ့တယ်။ ဆရာတပည့်တွေ သွေးနီးခဲ့ကြပုံကို ပုံဖော်ကြည့်ရတာ ကြက်သီးထစရာလည်း ကောင်းတယ်။ ကြည်နူး ရင်ခုန်စရာလည်း ကောင်းတယ်။
လူထုဒေါ်အမာနဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းတို့က မိတ်ဆွေရင်းချာတွေ ဖြစ်ကြတယ်။ ဆရာသန်းထွန်း မန္တလေးကို ရောက်လာတော့ လူထုမိသားစုနဲ့ တရင်းတနှီး ပေါင်းသင်းနေထိုင် သွားတယ်။ အမေမာနဲ့ ဆရာ သန်းထွန်းတို့ရဲ့ ကြုံရတဲ့ အဖြစ်က အံ့သြချင်စရာ အတိ ဖြစ်တယ်။ အမေမာ့မွေးနေ့ လာတဲ့ ဆရာ သန်းထွန်းက မွေးနေ့အပြီး နောက်တရက် (နိုဝင်ဘာ ၃၀) မှာ ကွယ်လွန်သွားတယ်။
လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ လာကြတဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊
ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးမြအေးနဲ့ လူ့ဘောင်သစ်ပါတီက ဦးဇေယျတို့ နောက်ရက် (၃၀၊ နိုဝင်ဘာ၊ ၂၀၀၅) မှာ ဒေါက်တာသန်းထွန်း အခေါင်းကို တောင်သမန်အင်းအနီးက လင်ဇင်းကုန်း သုဿာန် ထမ်းချရတဲ့ အဖြစ်နဲ့ပါ ကြုံလိုက်ကြရတယ်။ ၈၈မျိုးဆက်တွေက ဒေါက်တာသန်းထွန်းကို “ဆရာကြီး တခုခု ဆုံးမသြဝါဒ ပေးပါဦး” လို့ ပြောတော့ “မင်းတို့ကို ဘာဆုံးမစရာရှိလဲ။ ကောင်းတာ လုပ်နေကြတာပဲလေ” တဲ့။
လူထုဒေါ်အမာ ကွယ်လွန်တော့လည်း ဒေါက်တာသန်းထွန်း မွေးနေ့ပြီးနောက်တရက် ဧပြီ ၇ ရက်နေ့ ဖြစ်နေတယ်။ ကံကြမ္မာရဲ့ တိုက်ဆိုင်ချက်က အံ့အားသင့်စရာ ကောင်းလှတယ်။ အမေမာက ၂၉ နိုဝင်ဘာ ၁၉၁၅ မွေးပြီး ၇ ဧပြီ ၂၀၀၈ မှာ ကွယ်လွန်တယ်။ ဒေါက်တာသန်းထွန်းက ၆ ဧပြီ ၁၉၂၃ မွေးပြီး ၃၀ နိုဝင်ဘာ ၂၀၀၅ မှာဆုံးတယ်။ လူထုဒေါ်အမာရဲ့ ၈၀ ပြည့်မွေးနေ့မှာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အခုလို အမှတ်တရ ရေးထိုးခဲ့တယ်။ “အထ္ထုပတ္တိ အရေးကောင်းလှဆို၊ ဘယ်သူဘယ်ဝါ ကျန်ပါသေးတယ်၊ မခိုင်းလေနဲ့၊ ချစ်မြတ်နိုးဖွယ် မတွေ့ရင် မရေး” (ဒေါက်တာသန်းထွန်း၊ ၁၈၊ စက်တင်ဘာ၊ ၁၉၉၅)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်ချုပ် မရှိတဲ့အချိန် ခရီးထွက်ခွင့်သာလို့ မန္တလေးဘက်ကို ရောက်ရင် လူထုဒေါ်အမာဆီဝင်တွေ့တဲ့ အစဉ်အလာရှိတယ်။ လူထုချစ်တဲ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခန်းဟာ ဘယ်လောက်ကျက်သရေ ရှိလိုက်မလဲ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ အဲဒီလို လူထုချစ်ခင် လေးစားတဲ့သူတွေ တပူးတွဲတွဲ ရှိနေတာကို မနာလို မရှုစိမ့် ဖြစ်ကြပေမပေါ့။ အနာပေါ်တုတ်ကျ ဖြစ်ကြတာပေါ့။ အဲဒီလို
လက်ရေတပြင်တည်း စကားတွေပြောလို့ မဆုံးဖြစ်ပြီ ဆိုမှတော့ မီးခဲကိုင်မိသလို ဖြစ်ကြပေမပေါ့။
အမေမာရဲ့ အငယ်ဆုံးသား စာရေးဆရာ ညီပုလေးက သူကြုံတွေ့ခဲ့ရတဲ့ လူထုခေါင်းဆောင် အကြောင်း အခုလို ပြန်ပြောပြတယ်။
“အမေသက်ရှိထင်ရှား ရှိနေတုံး မန္တလေးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ချလာတယ်။ ကျနော်တွေ့ရမယ့် ဝတ္တရား ရှိတော့ သွားတွေ့တယ်။ ကျနော့်ကို ခိုင်းစရာရှိရင် ခိုင်းပါလို့ ပြောလိုက်တယ်”
ဆရာညီပုလေး အဲဒီလိုပြောလိုက်တော့ လူထုခေါင်းဆောင်က ဘာများခိုင်းမှာပါလိမ့်လို့ ကျနော် တွေးနေမိတယ်။ ကျနော် အတွေးမဆုံးခင် ဆရာညီပုလေးက ဆက်ပြောတယ်။
“အမေ့ကို ဂရုစိုက်ပါ။ အမေ့ကို ဂရုစိုက်တာက ကျမပေးတဲ့ အရေးကြီးတာဝန်ပဲ။ အမေ ကျန်းမာဖို့လိုတယ် တဲ့။ ဟုတ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်စကား ကြားတော့ ကျနော့်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်”
ဆရာညီပုလေးရဲ့ ခံစားချက်ကို ကျနော် နားလည်တယ်။ အမေ့ကို စောင့်ရှောက်ရမယ့် သားဖြစ်သူက နိုင်ငံတော်ရဲ့ အစောင့်ရှောက်ခံအဖြစ် သရက်ထောင်မှာ ဆယ်စုနှစ်လောက် ကြာအောင်နေခဲ့ရတာ ကိုး။
လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ တွေကို အသက် ၇၀ ပြည့်ကစလို့ နှစ်စဉ်တောင်လေးလုံးမှာ ကျင်းပတယ်။ စာပေ နိုင်ငံရေး အနုပညာနယ်က လူတွေ အများအပြား လာကြတဲ့ပွဲ ဖြစ်တယ်။ ဒေါ်နုယဉ်၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ခင်ဆွေဦး၊ ဒေါ်ကလျာ၊ လူထုစိန်ဝင်း၊ တိုက်စိုး၊ ဦးသော်ကောင်း၊ လင်းယုန်မောင်မောင်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ နတ်နွယ်၊ လေထီးဦးအုန်းမောင်၊ တော်ဘုရားလေး၊ မောင်စူးစမ်း၊ ထက်မြက်၊ မောင်မြတ်မှိုင်း၊ ပန်တျာဌေးဌေးမြင့်၊ နီမောင်၊ ကျော်စောမင်း၊ မောင်အောင်ပွင့်၊ အောင်ဇင်မင်း၊ မောင်ခေတ်ထွန်း၊ ဖေမြင့်၊ ချစ်ဦးညို၊ အောင်ဝေး၊ မောင်ခိုင်မာ၊ ဗိုလ်စော၊ ပန်းချီစံတိုး၊ ပန်းချီ ယဉ်မင်းပိုက်၊ ထိန်လင်း၊ ဇော်ဇော် (ဘို အဖွဲ့)၊ မောင်သစ်ဆင်း၊ ရဲမြလွင်၊ အောင်သင်း၊ မောင်ပေါ်ထွန်း၊ မောင်သာရ၊ ဝင်းငြိမ်း၊ မြတ်ခိုင်၊ ဟိန်းလတ်၊ ခင်မောင်မြင့်(မဟေသီ)၊ မောင်သာနိုး၊ တင်မိုး၊ ဂုဏ်ထူး မောင်သိန်းနိုင်၊ မောင်စွမ်းရည်၊ မောင်မိုးသူ၊ မောင်ဝံသ၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ကြည်အောင် စတဲ့ ပန်းချီဆရာတွေ၊ စာရေးဆရာတွေ ကဗျာဆရာတွေ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ အနုပညာနယ်ပယ် အသီးသီးက လူတွေအစုံတက်ရောက် ခဲ့ကြတယ်။
(လူထုဒေါ်အမာရဲ့ တစ်ခုသော မွေးနေ့သဘင်မှာ စာရေးဆရာလင်းယုန်မောင်မောင်က သူစွဲလမ်း နှစ်ခြိုက်တန်ဖိုးထား တဲ့ အရာတခု မွေးနေ့ရှင်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ဖူးတယ်။ မွေးနေ့ပွဲ တက်ရောက်လာသူအားလုံးက
ဝိုင်းပြီး လက်ခုပ်တီးကြတာ အမှတ်ရမိတယ်။)
ဒါပေမယ့် ဒီလောက် လူစုံတက်စုံ တက်ရောက်နိုင်တဲ့ ပွဲမှာ မွေးနေ့ရှင် မျှော်တဲ့သူ တယောက်ရှိတယ်။ သူက
တနှစ်မှ ရောက်မလာနိုင်ခဲ့ဘူး။ မွေးနေ့ရှင် အမေမာနဲ့အတူ မွေးနေ့ပွဲ လာရောက်ကြသူတွေ ကလည်း သူရောက်လာနိုးနဲ့ မျှော်ကြတာပဲ။ ဆွေမျိုးအရင်းအချာ နီးပါး ရင်းနှီးတဲ့ ရေးဖော်ရေးဖက် ဖြစ်ရုံမက ယုံကြည်ချက်တူ ရပ်တည်ချက်တူတဲ့ ရဲဘော်ရဲဘက်လည်းဖြစ်တယ်။ တနှစ်လာနိုး တနှစ်လာနိုးနဲ့ မျှော်လိုက်ကြတာ။ ပေါ်မလာခဲ့ဘူး။ ဘယ်လောက်ထိအောင် နေစိမ့်သလဲဆိုရင် မွေးနေ့ရှင် ကွယ်လွန်တဲ့ အထိ ရောက်မလာနိုင်ခဲ့ဘူး။ သူကတော့ မန္တလေးမြို့က ထုတ်တဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်လုပ်ခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင်ပါပဲ။
စစ်အာဏာရှင်တွေရဲ့ စောင်မမှုကြောင့် ထောင်ထဲ နှစ်၂၀ ဝန်းကျင် နေခဲ့ရတာကြောင့် အမေမာရဲ့ မွေးနေ့ပွဲတိုင်းနဲ့
လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။ လူချင်းဝေးနေပေမယ့် သွေးချင်းနီးခဲ့ကြသူတွေ ပေါ့။ လူထုဒေါ်အမာက ဧပြီ ၇ ရက် ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ရတယ်။ ကွယ်လွန်ချိန်ထိ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ဒါကြောင့်လည်း အမေမာ့ကို ချစ်ခင်သူတွေက ရာပြည့်ပွဲကို ထိုက်ထိုက်တန်တန် ကျင်းပကြတာပေါ့။ အမေမာက လူသေပေမယ့် နာမည် ထာဝရရှင်သန်နေမယ့် သူသာ ဖြစ်တယ်။