နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲဆန္ဒရှင်အများစုက ပြတ်ပြတ်သားသား တသံတည်း ထွက်ခဲ့ကြသည်။ မပြောင်းလဲခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ နိုင်ငံတဝန်းရှိ မဲရုံများတွင် အေးချမ်းတည်ငြိမ်စွာ တန်းစီ၍ အပြောင်းအလဲအတွက် တယောက်ပြီး တယောက် မဲထည့်ခဲ့ကြသည်။
လွန်ခဲ့သည့် ၂၅ နှစ်ခန့်၊ ၁၉၉၀ ရွေး ကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် ထပ်မံ အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံသားများက အပြောင်းအလဲ ချောမွေ့စွာ ဖြစ်ပေါ်မှုကို မျှော်လင့်နေသော်လည်း အများစုက လက်ရှိ အစိုးရအပေါ် သင်္ကာမကင်းမှုများ ရှိနေပါသေးသည်။
တချို့က အစိုးရသည် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားရန် လှည့်စားမှု လုပ်နေဆဲ ဟု ထင်မြင်လျက် ရှိသည်။ သို့သော်လည်း မည်သည့် ပုံစံမျိုး ဖြစ်လိမ့်မည် ဆိုသည်ကို တိကျစွာပြောနိုင်သူလည်း မရှိပါ။
သေချာသည်ကတော့ ကျွမ်းကျင်သူတချို့ သို့မဟုတ် မိမိကိုယ်ကို မြန်မာ့အရေး ကျွမ်းကျင်သူများဟု နာမည် တပ်ထားသူ တချို့ကသာ မဲပေးသည့်နေ့တွင် သန်းနှင့်ချီသော နိုင်ငံသားများက မည်သို့ မဲပေးမည်ကို တိတိကျကျ ပြောနိုင်ခဲ့ကြပါသည်။ အလွန်ရှင်းသော အချက်မှာ မဲဆန္ဒရှင်များက သူတို့နိုင်ငံတွင် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုကို လိုချင်နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မဲရလဒ်များ ထုတ်ပြန်သည့်အခါ အစိုးရအရာရှိများ၊ စစ်တပ်နှင့် စစ်တပ်အဖွဲ့အစည်းများ၊ သံတမန်အသိုင်း အဝိုင်းများ ခန့်မှန်းခဲ့သည်နှင့် လွဲချော်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်များသော ပုဂ္ဂိုလ် ဖြစ်သော်လည်း NLD ပါတီ၏ အောင်မြင်မှု အတိုင်းအတာကို ခန့်မှန်းနိုင်ခဲ့သူမှာ အနည်းငယ်သာ ရှိသည့် အတွက် ရလဒ်ထွက်ပေါ်လာသော အခါ အများစုမှာ အကြီးအကျယ် အံ့အားသင့်ခဲ့ကြသည်။
ယခုအချိန်အထိ ကျနော် လေ့လာကြည့်ခဲ့ ရသမျှအရ ဆိုလျှင် မြန်မာနိုင်ငံသားများသည် အနာဂတ်တွင် ဘာဖြစ်လာ မည်ကို မသိသော်လည်း၊ အံ့အားသင့် စရာများကို မမျှော်လင့်သော်လည်း NLD အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် အချိန်ကြာမြင့်စွာ နေလိုပြီး ဂုဏ်သိက္ခာ၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီကို ပြန်လည် ရယူရန် ဆန္ဒရှိကြသည်။
နိုင်ငံသားများသည် အုပ်ချုပ်သည့် အစိုးရ အနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးကို လေးစားခြင်း၊ စီးပွားရေး အခွင့်အလမ်း အသစ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ပို၍ ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် နိုင်ငံသားများ လူမှုဖူလုံရေး အတွက် ဆောင်ရွက်ပေးခြင်းများကို မျှော်လင့်ကြသည်။ နိုင်ငံတဝန်းတွင် ငြိမ်းချမ်းရေးကို လိုချင် ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက် လုပ်ဆောင်ပြီး တိုင်းရင်းသားများ တောင်းဆိုသည့် စစ်မှန်သော ဖက်ဒရယ်စနစ်ကိုလည်း ဖော်ဆောင် ပေးလိမ့်မည်ဟု နိုင်ငံသားများက မျှော်လင့်ကြသည်။
ထို့ကြောင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည်နည်း။ ယခုအချိန်သည် အစိုးရအနေဖြင့် နုတ်ထွက်ရန် ပြင်ဆင်ပြီး စစ်မှန်သော အာဏာလွှဲပြောင်းမှုတခု ရှိလာရေး အတွက် သေချာမှသာ ဖြစ်သည်။ သို့မှသာ နိုင်ငံရေး ယဉ်ကျေးမှု အသစ် တရပ် ပေါ်ထွက်ရန် လမ်းစတခု ဖြစ်လာနိုင်မည် ဖြစ်သည်။
တခါက မြန်မာနိုင်ငံ၏ ဂိုဘာချော့ဗ် (Gorbachev) ဟု အမည်တွင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် အနေဖြင့် အရှုံးကို ဂုဏ်သိက္ခာရှိစွာ လက်ခံပြီး အာဏာကို စွန့်လွှတ်၍ ပြည်သူများ၏ ရွေးချယ်မှုကို လေးစားသင့်ပါသည်။ အကယ်၍ သမ္မတဦးသိန်းစိန်သည် ထိုသို့ လုပ်ဆောင်ခဲ့ပါက ၎င်း၏နောက်ဆုံး အမွေအနှစ် ဖြစ်ပါလိမ့်မည်။
စစ်တပ်သည် နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ကိုင်တွယ်ရခက်သော အရာတခု အဖြစ် ကျန်ရှိနေပါသေးသည်။ သို့သော် ဒေါ်အောင် ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များနှင့် ပြန်လည် သင့်မြတ်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့် ဖြစ်နေသည်ဟု ကျနော်တို့ ပြောနိုင်သည်။ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်သည် သူ့ဖခင် တည်ထောင်ခဲ့သည် ဟု မကြာခဏ ပြောကြားခဲ့သည့် တပ်မတော်နှင့်လည်း မစိမ်းသူတယောက် ဖြစ်ပါသည်။
ကနဦး၌ စစ်တပ်နှင့် ပုဂ္ဂိုလ်ရေး အရ တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က ထိရှလွယ်မည့် အကြောင်းအရာများကို သတိပြုရှောင် ရှားရင်း မြန်မာတို့၏ လုပ်နည်းလုပ်ဟန် အတိုင်း ဖော်ဖော်ရွေရွေ ပြောဆို ဆွေးနွေးသွားမည် ဖြစ်သည်။ ပြည်သူများ အားကိုးရသော တပ်မတော် အဖြစ် ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန်နှင့် အနာဂတ်တွင် တိုင်းပြည်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဖြစ်သည်။
အကယ်၍ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိတ်စေတနာမှန်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန် လက်ခံပါက ပြည်သူများ၏ လေးစားမှု ရရှိနိုင်မည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အကူးအပြောင်းကာလတွင် အေးချမ်း တည်ငြိမ်ရေးကို သေချာစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လေးစားမည်၊ အနိုင်ရပါတီနှင့် လက်တွဲလုပ်ကိုင်မည် ဟု သူ ပြောခဲ့သည့် ကတိများကို အလေးထားမည် ဟု မျှော်လင့်ရပါသည်။
တချို့က လက်ခံကြမည် မဟုတ်သော်လည်း ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မဲဆန္ဒရှင်များ၏ ရွေးချယ်မှုကို အလေးထားပြီး တိုင်းပြည်ကို တာဝန်ထမ်းဆောင်ရန် ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်ခဲ့သော အစိုးရ သစ်တရပ်ကို ခွင့်ပြုပေးခြင်းဖြင့် ဆယ်စုနှစ်များစွာကြာ စစ်အာဏာရှင် လက်အောက်တွင် အရုပ်ဆိုးခဲ့သော သမိုင်းကို သက်သာလျော့ပါးစေမည့် လမ်းအတိုင်း သွားကြနိုင်ပါသည်။
၎င်းတို့၏ လုပ်ဆာင်မှုများက မြန်မာနိုင်ငံ၏ ခေတ်သစ် ဇာတ်လမ်းတပုဒ်တွင် စာမျက်နှာသစ် လှန်ရန် တိတိကျကျ သက်သေပြသွားလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် အပြောင်းအလဲ အတွက် မဲပေးရန် သတ္တိရှိခဲ့ကြပြီး ၎င်းတို့၏ ယုံကြည်မှုနှင့် စိတ်ချမှုများကို ခေါင်းဆောင်သစ် ထံသို့ ပုံအပ်ခဲ့ကြသည်။ လက်ရှိ ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ဟောင်းများ အတွက်မူ သမိုင်းတွင် နေရာမှန်မှ ရပ်တည်ရန် အခွင့်ကောင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ယခုလို အရေးပါသည့် အဆုံးအဖြတ် အချိန်တွင် ၎င်းတို့က မည်သည့်လမ်းကြောင်းကို ရွေးချယ်သွားမည်ဆိုသည်ကို လေ့လာစောင့် ကြည့်သူ အသီးသီးကလည်း စောင့်ကြည့်နေကြ ပါလိမ့်မည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းဝက်ဆိုက်ဒ်တွင် ဖော်ပြထားသော Aung Zaw ၏ After the Vote, Time for Pledges to be Honored ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)