အနှစ် ၅၀ ကျော် အကြောက်တရားများနှင့် ရှင်သန်ခဲ့ရသည့် ပြည်သူများ မျက်စိပွင့်၊ နားပွင့် ရှိလာသည့် ပြယုဂ်ကို ပြရမည် ဆိုလျှင် မကြာခင်ကမှ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ညွှန်းဆိုရမည်ပင် ဖြစ်သည်။
ပြည်သူ့အင်အားဖြင့် ရွေးချယ်လိုက်ခြင်းကြောင့် တိုင်းပြည်၏ အရွေ့တခုကို ဦးဆောင်မည့် ပါတီကြီး တခု ရွေးကောက်ပွဲတွင် လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့သည်။ ပြည်သူများ မျက်စိပွင့်၊ နားပွင့် ဖြစ်လာရခြင်းသည် အရွေ့တခုကို လိုလားသည့် ဒီမိုကရေစီ အင်အားစုများစွာ၏ ဘက်စုံထောင့်စုံမှ တွန်းအားပေးမှုကြောင့် ဟုဆိုလျှင် မှားမည် မထင်ပေ။
ဘက်ပေါင်းစုံမှ တွန်းအားပေးခဲ့သည့် ဒီမိုကရေစီ ဘက်တော်သားများထဲတွင် သာသနာပြုပုဂ္ဂိုလ် များစွာလည်း ပါဝင်ပြီး ယင်းတို့ ထဲမှ ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည့် ဆရာတော် တပါး ဖြစ်သည်။
ဆရာတော် သက်တော် ၂၃ နှစ်က စပြီး ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှု ပေါ်ပေါက်ခဲ့ကာ ယင်းအချိန် ကတည်းက နိုင်ငံရေး လှုပ်ရှားမှုများ၊ နိုင်ငံရေးတရား ဟောပြောမှုများ ရှိနေခဲ့သည့် ဆရာတော်သည် ယခုဆိုလျှင် သက်တော် ၅၀ ပြည့်လာခဲ့ပြီ ဖြစ်သည်။
သာသနာရေးလောက၏ သာသနာရေး ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးလောက အတွင်းက လူပုဂ္ဂိုလ်များ၏ လေးစားကြည်ညို ရသည့် ရွှေညဝါဆရာတော်၏ သက်တော် ၅၀ ပြည့် မွေးနေ့ပွဲသည် အထူးစည်ကားခဲ့သည်ဟု ဆိုရမည်။
ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ၏ သက်တော် ၅၀ ပြည့် မွေးနေ့ပွဲကို မှော်ဘီမြို့နယ်က ရွှေညဝါတောရ သာသနာပြုကျောင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မွေးနေ့ပွဲနှင့် အတူ ဆရာတော်၏ ရုပ်တုဖွင့်ပွဲနှင့် ကထိန်သင်္ကန်း ဆပ်ကပ်ပွဲကိုလည်း တပြိုင်တည်း ယင်းနေရာတွင် ကျင်းပခဲ့သလို အခမ်းအနားကိုလည်း ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ ဆရာတော် အရှင် ဥူးသုမင်္ဂလ (ဒယ်အိုး)၊ နိုင်ငံတော် သံဃနာယက ဆရာတော်များနှင့် နိုင်ငံရေးလောကမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ မမီးမီး၊ မနီလာသိန်း အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုနေဘုန်းလတ်၊ မဇင်မာအောင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် အဆိုတော်သျှီ စသည့် ဘာသာရေးနှင့် နိုင်ငံရေး ဘက်ပေါင်းစုံက ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
အကြောက်တရား ကြီးစိုးနေသည့် မြန်မာပြည်သူများ၏ နိုင်ငံရေးအမြင် ပွင့်လင်းမှုကို ဘာသာတရား လမ်းကြောင်းမှန် အတိုင်း တဖက်တလမ်းမှ ကူညီပေးနေသည့် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တပါး ဖြစ်သည်ဟု မွေးနေ့ပွဲ တတ်ရောက်လာ သည့် နိုင်ငံရေးတရား ဟောကြားရာတွင် ဒယ်အိုးဆရာတော်ဟု နာမည်ကြီးသည့် ဆရာတော် အရှင်ဥူးသုမင်္ဂလက ရွှေညဝါ ဆရာတော်၏ ဂုဏ်ပုဒ်ကို ဖော်ကျူးခဲ့သည်။
“အင်မတန် ယဉ်ကျေးတဲ့၊ အကုသိုလ်တရားကို ကြောက်ပြီး ကုသိုလ်တရားတွေနဲ့ သိမ်မွေ့တဲ့ မြန်မာနိုင်ငံသားတွေကို အာဏာရှင် စနစ်ဆိုးကြီးကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အကြောက်တရားတွေကို ဖယ်ရှားပေးဖို့ အတွက် ရှေ့ကနေ ခေါင်းဆောင် လမ်းပြသွားတာ ရွှေညဝါဆရာတော်ကြီးပါ” ဟု ဒယ်အိုးဆရာ တော်က ဆိုသည်။
ဆရာတော်ကို ၁၉၆၅၊ နိုဝင်ဘာလ ၂၀ ရက် နေ့ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အတွင်းက ဘုရားကုန်းကျေးရွာတွင် အဘ ဦးထွန်းရင်နှင့် အမိ ဒေါ်လှတုတ်တို့မှ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်လောင်းလျာ ဖြစ်သည့် ကိုဇေယျ (ခေါ်) ဖိုးပါကြီး တနှစ်သားအရွယ်တွင် မိခင် ကွယ်လွန်ခဲ့ကာ အသက် ၉ နှစ် အရွယ်အထိ ဖခင်လက်ထဲတွင် ကြီးပြင်းခဲ့ရပြီးနောက် ဘုရားကုန်းကျေးရွာ တောင်ဘက်ရှိ သီရိမင်္ဂလာရုံ ကျောင်းတွင် ရှင်သာမဏေ ဝတ်ခဲ့သည်။
ထို့နောက် သက်တော် ၂၂ နှစ် ဝါတော် ၁၃ ဝါအရောက်တွင် အစိုးရက ဦးစီးကျင်းပသည့် ဓမ္မာစရိယ စာမေးပွဲတွင် ပါရာဇိကဏ်ကျမ်းစွဲ အောင်မြင်ခဲ့ပြီး သာသနပါလ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
ဆရာတော်သည် သာသနာရေး ပုဂ္ဂိုလ်တဦးအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်နေသလို ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး လှုပ်ရှားမှုများတွင်လည်း နိုင်ငံရေးစိတ်ဓာတ် ပြည့်ဝသည့် ရဟန်းပျိုတပါး အဖြစ် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဆရာတော်သည် တိုင်းပြည် မငြိမ်မသက် ဖြစ်နေသည့် အချိန်တွင် နိုင်ငံရေး စိတ်ဓာတ်တွင် စိတ်တူကိုယ်တူ ရှိသည့် ရဟန်းပျိုများကို စုစည်းပြီး ဆရာတော်ဦးဆောင်ကာ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့လုံး ဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဖွဲ့စည်းခဲ့သည်။
ယင်းသမဂ္ဂ အဖွဲ့အစည်းကို ဦးဆောင်ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့သည့် အတွက် ဦးနေဝင်း ဦးဆောင်သည့် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) လက်ထက် ၁၉၈၈ စက်တင်ဘာလတွင် သက်ဆိုင်ရာက ဆရာတော် အရှင်ပညာသီဟကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၆ လအကြာတွင် ပြန်လည် လွတ်မြောက်ခဲ့ သည်။
ဆရာတော်သည် ထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် သာသနာရေးနှင့် ရပ်ရွာအကျိုးပြု လုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော်လည်း ဆရာတော်၏ တရားပွဲများသည် ပြည်သူကို သာသနာရေးနှင့် နိုင်ငံရေး ယှဉ်တွဲပြီး ဟောပြောသည့် အတွက် ပြည်သူများမှာ နိုင်ငံရေး မျက်စိပွင့်စေသည့် တရားများဖြစ်ခဲ့သည်။
ဆရာတော်ဟောကြားသည့် “တကယ့် လွတ်လပ်ရေး၊ မတရား မလုပ်ကြပါနှင့်” စသည့် တရားတော်များကြောင့် တရားပွဲတချို့ ပိတ်ပင်ခံခဲ့ရသလို ဆရာတော် ဟောကြားမည့် “ငြိမ်းချမ်းရေး တရားတော်” ဟောပြောခွင့်လည်း ပိတ်ပင်ခံခဲ့ ရသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ တရားဟောခွင့် ပိတ်ပင်တားမြစ်မှုတွင် အရှင်ပညာသီဟ ဟောပြောမှုများသည် ဗုဒ္ဓဘာသာ တရားတော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဟောကြားသည့်အတွက် သံဃနာယကအဖွဲ့၏ ဆိုဆုံးမမှု အပေါ် နာခံမှု မရှိသူ “ဒုဗ္ဗစ” ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး ဓမ္မကထိက ဂုဏ်အင်္ဂါနှင့် မညီသည့် အတွက် တရားဟောခွင့် ပိတ်ပင်တားမြစ်ကြောင်း ရေးသားဖော်ပြ ထားသည်။
ရွှေညဝါဆရာတော်၏ နိုင်ငံရေး တရားဟော ပြောမှုများသည် နိုင်ငံရေးနှင့် မကင်းကွာသူများ အဖို့ မှန်ကန်သော တရားသဘောများဟု ဆိုရမည် ဖြစ်ပြီး နိုင်ငံရေးနှင့် ကင်းကွာသည့် ပြည်သူတချို့ အနေနှင့် ဆရာတော်၏ တရားများသည် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လွန်းသည်ဟု ဆိုကြသည်။ ဆရာတော် အနေနှင့်လည်း ယင်းအချက် အပေါ် ဝန်ခံပြောကြားခဲ့သည်။
“အရင်တုန်းကတော့ ဘုန်းကြီးက မာမာထန်ထန် အမှန်တရားတွေကို ရဲရဲတင်းတင်း ချပြဟောပြောခဲ့တယ်။ အခုကတော့ အဲဒီလိုမျိုး ပုံစံကို ပြောင်းလိုက်တယ်။ နားအေးပါးအေးနဲ့ ပြည်သူတွေ နှလုံးသားတွေ ပြန်လည်နူးညံ့ပြီး သိမ်မွေ့လာတဲ့ အခြေအနေရောက်အောင် အမျိုးသားယဉ်ကျေးမှုစရိုက်တွေ ပြန်လည်ကောင်းမွန်လာအောင် ဘုန်းကြီး ကြိုးစားအားထုတ်ပြီး ဟောပြောမယ်” ဟု အရှင်ပညာသီဟက ဆိုသည်။
ဆရာတော်သည် တဖက်တွင်လည်း နိုင်ငံရေးတရားများ ဟောကြားနေပြီး တဖက်တွင်လည်း သာသနာပြန့်ပွားရေး အတွက် သာဓုပရိယတ္တိ စာသင်တိုက်တွင် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ကို ဦးဆောင်ဖွင့် လှစ်ခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည့် မန္တလေး NLD ရုံးချုပ်တွင် “ပင်ဝါးရုံ” ခေါင်းစဉ်ဖြင့် ဩဝါဒမိန့်ကြားခြင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ရွှေညဝါ ပညာ့ဗိမာန်တော်ကြီးတွင် ကျင်းပခွင့် ပေးခြင်း စသည့်အချက်များကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ စည်းဝေးဆုံးဖြတ်ချက်ဖြင့် ရွှေညဝါဆရာတော် သတင်းသုံးနေထိုင်သည့် သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် ၂၀၁၂ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညနေပိုင်းက ဆရာတော်ကို အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ဆရာတော်သည် အကြောင်းကြားစာ ရပြီး မကြာခင် လပိုင်းအတွင်းမှာပင် သာဓုကျောင်းတိုက်မှ ငြိမ်းချမ်းစွာ ထွက်ခွာ ပေးခဲ့ပြီး မှော်ဘီမြို့နယ် အထွက်နားရှိ လယ်ကွင်းပြင်တွင် ရွှေညဝါတောရ သာသနာပြု ကျောင်းတိုက် တည်ထောင်ပြီး ယနေ့အထိ သတင်းသုံး နေထိုင်ခဲ့သည်။
ဆရာတော်သည် နိုင်ငံရေးစိတ်ဓာတ် ပြည့်ဝသည့် ရဟန်းတပါး ဖြစ်သည်နှင့် အညီ အများပြည်သူ အတွက်ဆိုလျှင် အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သည့် ဆရာတော်တပါး ဖြစ်သည်ဟု ဆရာတော်၏ လုပ်ဆောင်ချက် များအရ သိရသည်။
အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးတွင် မီးလောင်ဒဏ်ရာ ရခဲ့သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ဆေးကုသရာ ဆေးရုံသို့ ကြွရောက်ပြီး လှူဒါန်းပေးကမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ယင်းနောက် မှော်ဘီမြို့နယ်ရှိ Yangon Crown သံမဏိစက်ရုံရှိ ဆန္ဒပြအလုပ်သမားများ၊ လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများကို သွားရောက်တွေ့ဆုံပြီး အားပေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သလို မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖြစ်ပွားနေသည့် လယ်ယာမြေ ပြဿနာများနှင့် ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ရပ်တန့် ရေးတွင်လည်း ကြွရောက်ဖြေရှင်း ညှိနှိုင်းပေးခဲ့သည်။
“ဆရာတော်က ရဲရင့်တယ်၊ ပြတ်သားတယ်၊ အများပြည်သူ အတွက်ဆို အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာ တွေဟာ အရမ်းလေးစားကြည်ညိုစရာ ကောင်းတယ်။ ဒါဟာ ဆရာတော်ရဲ့ ထူးခြားတဲ့ အချက်ပါ” ဟု မကြာခင်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ဆိုသည်။
အခြား ထူးခြား ထင်ရှားသည့် အချက်မှာ ရွှေညဝါ ဆရာတော်သည် အမျိုး၊ ဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်ကို သဘော မတူကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဒုတ်ထိုးအိုးပေါက် ပြောတတ်သော်လည်း ရွှေညဝါ ဆရာတော်အနေနှင့် ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေမည့် ဘာသာရေး ဟောပြောချက်များ မရှိသည့် အတွက်ဆရာတော်၏ တရားတော်တွေ အပေါ် လေးစားကြောင်း အမုန်းစကား၊ ပန်းစကား ကမ်ပိန်း လှုပ်ရှားမှုကို ဦးဆောင်လုပ်ဆောင်နေသည့် ကိုနေဘုန်းလတ် ကလည်း ဆိုသည်။ ။