Ethnic Issues

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အတားအဆီးများ

This article has been converted from Zawgyi One to Unicode

မကြာမီ မြန်မာနိုင်ငံ လွှတ်တော်တွင် အမတ်အသစ်များ နေရာယူပြီး ဒုသမ္မတနှင့် သမ္မတအသီးသီး ကိုရွေးချယ်ကာ အစိုးရအသစ်တရပ်ကို ဖွဲ့စည်းမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်တက်လာမည့် သမ္မတအသစ် အထက်တွင် ရှိမည်ဟု ပြောခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အပါအဝင် ပြည်ထောင်စု လွှတ်တော်တွင် အပြတ်အသတ် အနိုင်ရခဲ့သည်မှာ ထင်ရှားပါသည်။ သို့သော် အောင်မြင်မှုများ အလွန်တွင် NLD အနေနှင့် ကြမ်းတမ်းခက်ခဲသော ပြဿနာများကိုလည်း ရင်ဆိုင်ဖြေရှင်းရပါမည်။ အထူးသဖြင့် တိုင်းပြည်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဆယ်စုနှစ်နှင့်ချီပြီး ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လိမ့်မည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။

ပြည်တွင်းစစ်ပွဲများ ချုပ်ငြိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတပ်မတော်နှင့် မရင်ဆိုင်ရဲခဲ့လျှင် ၎င်းအစိုးရသည် အောင်မြင်မှုနှင့် အလှမ်းဝေးနိုင်ပါသည်။

သမိုင်းဝင်ရွေး ကောက်ပွဲနေ့တွင် အစိုးရစစ်တပ်နှင့် ရှမ်း၊ ကချင် ၊တအောင်းစသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁ သောင်း ခန့်သည် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ မရှင်းလင်းသည်မှာ မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်၏ စီမံခန့်ခွဲမှုများအပေါ်တွင် ထားရှိသော သဘောထား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း တိုင်းရင်းသားဒေသတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သတ်၍ ယခုချိန်အထိ မှတ်ချက်ပြုရန် ပျက်ကွက်နေခဲ့ပါသည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ တိုင်းပြည်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရအသစ်နှင့်အတူ လက်တွဲမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။

“ပြဿနာတွေ အားလုံးကို ကျနော်တို့ အဆုံးသတ်ချင်ပါတယ်။ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရှေ့ဆက်သွားချင်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပတ်သတ်တဲ့ အစိုးရအသစ်ရဲ့ ပေါ်လစီကို ကျနော်တို့ ညှိနှိုင်းဖို့ အဆင်သင့်ပါပဲ” ဟု ဦးလနန်က ဆယ်စုနှစ်များစွာ ရှည်လျားနေသည့် ပြည်တွင်းစစ်များကို ရည်ညွှန်းပြောခဲ့သည်။

လက်နက်ကိုင် တိုင်းရင်းသားလူနည်းစု တပ်ဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ကြိုးစားမှုများနှင့် ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက စစ်မှန်သော ဖက်ဒရယ်စနစ်ကို တောင်းဆိုမှုများကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ကမ္ဘာပေါ်ရှိ အရှည်ကြာဆုံး ပြည်တွင်း စစ်များအနက်မှ တခုဖြစ်လာခဲ့သည်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သောအစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ရှိသည့်အနက် ၈ ဖွဲ့နှင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ကြီးမားသော အဖွဲများဖြစ်သည့် ကချင်၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်းမြောက်၊ တအာင်း (ပလောင်) နှင့် ၀ တပ်ဖွဲ့များသည် လက်မှတ် ရေးထိုးရာတွင် မပါဝင်ခဲ့ပေ။

သဘောတူစာချုပ် ရေးထိုးပြီးနောက် တပ်မတော်သည် တိုက်ပွဲများ ဆင်နွဲခဲ့သော်လည်း အစိုးရဘက်မှ ငြိမ်းချမ်ရေး ညှိနှိုင်းမှု လုပ်ဆောင်သူများ တဦးတယောက်မျှ တိုက်ပွဲဖြစ်ပွားခြင်းအကြောင်းကို ထုတ်ဖော်ဝေဖန်ခြင်း မပြုကြပေ။ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အစိုးရ ကျောထောက်နောက်ခံပြုသော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တပ်မတော်၏ ထိုးစစ်ဆင်မှုနှင့်ပတ်သတ်၍ နှုတ်ဆိတ်နေခဲ့ကြသည်။

Shan Women’s Action Network မှ တက်ကြွလှုပ်ရှားသူ နန်းချန်တောင်းသည် NLD ပါတီအနိုင်ရပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းပဋိက္ခများအပေါ်တွင် အာရုံစိုက်မှု မပျက်စေရန်နှင့် မြန်မာနိုင်ငံ၏ စစ်ပွဲများ ဖြစ်ပွားနေသည့် နေရာ၏ လက်တွေ့ အဖြစ်အပျက်များကို စောင့်ကြည့်ကြရန် တိုက်တွန်းခဲ့သည်။

“ထောင်ပေါင်းများစွာသော လူတွေက မြန်မာ့တပ်မတော်ကြောင့် ဆင်းရဲဒုက္ခခံစားနေရတဲ့ အချိန်မှာ ရက်စက်ပြီး တရားမျှတမှု မရှိတဲ့ အစိုးရရဲ့ ကျမတို့ လူတွေအပေါ် ကျူးလွန်နေမှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အသံတိတ်မနေသင့်ပါဘူး” ဟု နန်းချန်တောင်းက ဧရာဝတီသို့ ပြောသည်။

လေ့လာသုံးသပ်သူများက နောက်တက်လာမည့် အစိုးရအနေဖြင့် နည်းလမ်းအသစ်ကို အသုံးပြုပြီး ဦးသိန်းစိန် လက်ထက်တွင် မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချည်းကပ်ရလိမ့်မည်ဟု တိုက်တွန်းသည်။

ဂျာနယ်လစ်တယောက်ဖြစ်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေး လင့်တာနာက MPC သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်တွင် ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိခဲ့၍ ပွဲစီစဉ်ခြင်းသာ ဆောာင်ရွက်နိုင်ခဲ့သောကြောင့် အလုပ်မဖြစ်ခဲ့ပြီး MPCအား တခြားပုံစံဖြင့် အစားထိုးသင့်ကြောင်း ပြောခဲ့သည်။

တိုင်းရင်းသား နိုင်ငံရေးသမား အများစုသည် ရှည်လျားခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သံသယရှိခဲ့ပြီး စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်နိုင်စွမ်းကို မေးခွန်းထုတ်ခဲ့ကြသည်။

မွန်နိုင်ငံရေးသမား တယောက်က ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ခေါင်းဆောင်နေရာမှ လွှတ်တော် အမတ်အဖြစ် နိုင်ငံရေးအကွက်ရွှေ့ ကစားခဲ့မှုကြောင့် စစ်တပ်နှင့် ထိတိုက်ရင်ဆိုင်မှု မလုပ်ရဲဘဲ ရှောင်လွဲသွားမည်ကို တိုင်းရင်းသားအဖွဲ့များက စိုးရိမ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အား ရန်လိုမုန်းထားခြင်းမရှိဘဲ မိတ်ဆွေအဖြစ် ဆက်ဆံသွားရန် ရည်ရွယ်ကြောင်း Channel News Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။ မကြာသေးခင်နှစ်များက ဒေါ်အောင်ဆန်းစုကြည် သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော မြန်မာ့တပ်မတော်နှင့် ပတ်သတ်၍ နှစ်သက်မြတ်နိုးကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

NLD ရွေးကောက်ပွဲ ကြေညာစာတမ်း၏ “တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်ရေး” ခေါင်းစဉ်အောက်တွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်ရန် ကတိပေးထားခဲ့သည်။

ထိုအခန်းတွင် ပါတီအနေဖြင့် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိခြင်းတို့ကို အခြေခံ ငြိမ်းချမ်းသောနိုင်ငံရေး သဘောတူညီမှုများအတွက် အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား အဖွဲ့များအကြား အချင်းချင်း အငြင်းပွားသော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုထားသည်။

စစ်မှန်သော ဖက်ဒရယ်စနစ်တခု ဖွဲ့စည်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ပါတီ၏ ကနဦး ဆောင်ရွက်ချက်အတွက် ခက်ခဲသော အကြောင်းအရာတခု ဖြစ်တန်ရာသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဖက်ဒရယ်စနစ်အပေါ် အမြင်သည် ၂ မျိုး ကွဲပြားနေသောကြောင့် ဖြစ်သည်။

ဖက်ဒရယ်စနစ်အပေါ် တပ်မတော်၏အမြင်မှာ ပြည်ထောင်စုမှ ခွဲထွက်ပြီး ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးလာသည်ဟု ထင်မြင်ပြီး တိုင်းရင်းသားအဖွဲ့များက ကွဲပြားနေသည်များ ပို၍စည်းလုံးလာမည်ဟု ထင်ကြသည်။ မည်သို့ပင် ဆိုစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်တွင် တပ်မတော်တခုသာ ထားရှိခွင့်ပြုထားပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က NLDအစိုးရလက်ထက်တွင် ဒီမိုကရေစီနည်းလမ်းကျ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စည်းလုံးလာစေရန် ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သော်လည်း နောက်ပိုင်းဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာသည့်အခါ တပ်မတော်က မည်သို့ပြုမူဆက်ဆံမည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။

“နောက်တက်လာမယ့် အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လုပ်ရမယ်ဆိုတာ အာမခံချက် မရှိဘူးလို့ တချို့အစိုးရဘက်က လူတွေက ပြောကြတယ်။ ပိုတောင် ဆိုးလာနိုင်တယ်လို့ ပြောကြတယ်။ ကျမ စိတ်ပူမိတာတခုက NLDပါတီ အစိုးရဖြစ်လာတဲ့အခါ NLDပါတီအပေါ်မှာထားတဲ့ တပ်မတော်ရဲ့ သဘောထားကိုပါ” ဟု ပဒိုနော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောသည်။

တပ်မတော်ကို စောင့်ကြည့်ရန်နှင့် ပြည်တွင်းစစ်ပွဲများ အဆုံးသတ်ရန်တို့မှာ နောက်တက်လာမည့် အစိုးရအတွက် အခက်အခဲများ ရင်ဆိုင်ရမည် ဖြစ်သော်ငြားလည်း တချို့ အရေးပါသောပုဂ္ဂိုလ်များက NLDပါတီအနေဖြင့် အကယ်၍ တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးရန် နည်းလမ်းတွေ့ရှိပါက အဆိုပါအခက်အခဲများကို နောက်ဆုံးတွင် ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

အထက်ပါအတိုင်း လျင်မြန်စွာ ဖြစ်ပေါ်လာမည် သို့မဟုတ် အချိန်ကြာမြင့်မည် ဆိုသည်မှာ နောက်တက်လာမည့် အစိုးရနှင့် စစ်တပ်တို့၏ သဘောတရားပေါ်တွင် မှုတည်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေအဖွဲ့ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

“NLDပါတီအနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ အချိန်ယူရပါလိမ့်မယ်။ အဲဒါက အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်နဲ့ ဘယ်လောက်ညှိနှိုင်းနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ အစိုးရသစ်က ဘယ်သူဘဲဖြစ်ဖြစ် ဒီစစ်ပွဲတွေ အဆုံးသတ်ဖို့အတွက် တာဝန်ယူရပါလိမ့်မယ်” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

Loading