နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က(NLD) က အစိုးရသစ်တွင် ဦးဆောင်မည်ဖြစ်သော်လည်း အစိုးရအဖွဲ့တွင် တိုင်းရင်းသားများနှင့် နိုင်ငံအကျိုးပြုပုဂ္ဂိုလ်များပါဝင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
RFA သတင်းဌာန၏ ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည် ရေဒီယိုအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အစ်မတို့ဟာ အခု လုံး၀ NLD တခုတည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ ရှိပေမယ့် အစကတည်းက ပြောထားတယ်၊ အမျိုး သား ရင်ကြားစေ့ရေးကို အခြေခံပြီးတော့ ဒီလိုမလုပ်ဘူး။ နိုင်လို့ အားလုံးယူမယ်ဆိုတဲ့ ပုံစံလည်း မလုပ်ဘူး။ နိုင်လို့ မျှပြီး တော့ အားလုံးနဲ့အတူ ပူးပေါင်းလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်မယ်။ NLD ကတော့ ဦးဆောင်မှာပေါ့။ ဒါ ပြည်သူ လူထု က ပေးထားတဲ့ တာဝန်လေ။ ပြည်သူလူထုကနေ NLD ကို မဲပေးတယ်ဆိုတာဟာ အစိုးရဖွဲ့ဖို့အတွက် တာဝန်ပေး တာပဲ။ အဲဒီအတွက်ပဲ အစ်မတို့ ပြောင်ပြောင်တင်းတင်းပဲ တောင်းခံခဲ့တာပဲ။ NLD ကို မဲပေးပါ၊ အစိုးရဖွဲ့နိုင်တဲ့ အခြေ အ နေ ဖြစ်အောင် မဲပေးပါဆိုပြီးတော့ တောင်းခံခဲ့တယ်။ ပြည်သူကလည်း တောင်းခံခဲ့တဲ့အတိုင်း အစ်မတို့ဆန္ဒကို ဖြည့်ပေး ခဲ့ တယ်။ အဲဒီတော့ ပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့က အစ်မတို့က တာဝန်ရှိတာပေါ့။ အစ်မတို့ဖွဲ့မယ့် အစိုးရထဲမှာ NLD မဟုတ်တဲ့ တိုင်းရင်းသားတွေလည်း ပါမယ်။ တခြား နိုင်ငံကို အကျိုးပြုမယ့် ပုဂ္ဂိုလ်တွေလည်း ပါနိုင်လိမ့်မယ်လို့ အစ်မ တို့ မျှော်လင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရသစ်လုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအနက် ကောင်းမွန်သည်များကို ဆက်လက် လုပ် ဆောင် မည်ဖြစ်သေ်ာလည်း ပြင်စရာရှိသည်များကိုလည်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။
“အခုဟာက အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ Political Frame Work ဆွဲတဲ့နေရာနဲ့ ပတ်သက်ပြီးတော့ အစ်မတို့ အခုလုပ်နေတဲ့ဟာတွေက ဆက်ပြီးတော့ လုပ်ဖို့ဆိုရင် အခုထဲက စပြီးညှိရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ MPC လုပ်ခဲ့တဲ့ကိစ္စတွေ၊ တချို့ကောင်းတဲ့ကိစ္စတွေ ကျမတို့ ဆက်ပြီးလုပ်ချင်တယ်။ ပြောင်းသင့်တယ်လို့ထင်တဲ့ ကိစ္စတွေကတော့ ကျမတို့ ပြောင်းမှာပေါ့။ အဲ့တော့ အခုကတည်းက ညှိပြီးတော့ လုပ်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံနိုင်တဲ့လူတွေနဲ့ စောစောစီးစီး တွေ့ဖို့ဆိုတာ ဒီနိုင်ငံရဲ့ ကိစ္စအ၀၀ ငြိမ်းချမ်းရေး အပါအဝင်အတွက် အများကြီးကောင်းတယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
အစိုးရသစ်ဖွဲ့စည်းပြီးပါက တိုင်းရင်းသားများနှင့်ပတ်သက်၍ လုပ်ဆောင်စရာများစွာရှိနေပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်နှင့်ပင်လုံစိတ်ဓာတ် အမြစ်တွယ်ရန် အရေးကြီးကြောင်း ၎င်းက ရှင်းပြသည်။
“တိုင်းရင်းသားနဲ့ ပတ်သက်တာတော့ အများကြီးပဲလုပ်ရမှာ၊ ဒေသဖွံ့ဖြိုးရေးတင် မပြီးသေးဘူးလေ။ အဓိကကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ရှိရမယ်၊ ဒေသဖွံဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုတာ ပြောလို့တော့ တစ်ကြောင်းထဲ၊ ဒါပေမယ့် အင်မတန် ကျယ်ပြန့်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အရမ်းကျယ်ပြန့်တယ်။ နောက် အရေး အကြီးဆုံးကတော့ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပြီးတော့ ဒီနိုင်ငံမှာ အမြစ်တွယ်ဖို့ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အစိုးရသစ်ဖွဲ့စည်းရာတွင် NLD မှ ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်မည်ဖြစ်သော်လည်း ရာထူးအာဏာပေးအပ်ခြင်းနှင့် နေရာ ပေးအပ်ခြင်းမဟုတ်ကြောင်း၊ ပြည်သူလူထုကို မလေးစားသူများသည် NLD အစိုးရအဖွဲ့တွင် ပါဝင်ရန် မဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
“အာဏာပြချင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ NLD က ဘယ်တော့မှ ဝန်ကြီးနေရာ ပေးမှာမဟုတ်ပါဘူး။ အစထဲက သေသေချာချာ ပြောထားတာပါ။ ရာထူးခန့်အပ်မှာ မဟုတ်ဘူး၊ နေရာပေးမှာ မဟုတ်ဘူး၊ တာဝန်ပဲပေးမှာ။ တာဝန်ကို မယူတတ်လို့ရှိရင်၊ ပြည်သူလူထုကို မလေးစားလို့ရှိရင် NLD အစိုးရအဖွဲ့ဝင် တယောက် ဖြစ်ဖို့တာ မဖြစ်နိုင်ပါဘူး”ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာပေါင်း ၃၉၀ အနိုင်ရရှိထားပြီး ပြည်ထောင်စုအစိုးရဖွဲ့စည်းခွင့်နှင့် သမ္မတ တင်မြှောက်ခွင့်ရရှိထားပြီဖြစ်သည်။