မြန်မာနိုင်ငံ၌ တရားမဝင်ကျောက်စိမ်း တူးဖော်ရောင်းဝယ်မှုနှင့် ပတ်သက်သည့် Global Witness ၏ စုံစမ်းထုတ်ဖော် ရေးသားချက်များအပေါ် မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ငြင်းဆိုလိုက်သည်။
ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ဦးမောင်မောင်သိမ်းသည် ၎င်း၏သားဖြစ်သူ ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် မျိုးနွယ်ကျောက်မျက် ကုမ္ပဏီနှင့် မြတ်ယမုံ ကျောက်မျက်ကုမ္ပဏီတို့မှ အကျိုးအမြတ် ခံစားလျက် ရှိသူတဦးဖြစ်ပြီး လုပ်ငန်းလိုင်စင်များကိုလည်း ၎င်းနှင့်ဆက်နွှယ်နေမှုကို အသုံးချကာ ရယူခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်မောင်သိမ်းထံ ပေးပို့သည့်စာတွင် ရေးသားထားသည်။
Global Witness အဖွဲ့က ပေးပို့သည့်စာထဲတွင် ဦးမောင်မောင်သိမ်းနှင့် သားဖြစ်သူ ဦးနေအောင်တို့မှာ နိုင်ငံရေးအရ လည့်စားမှုများနှင့် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှုများအား လှုံ့ဆော်ရန် ကျောက်စိမ်းလုပ်ငန်းမှ အမြတ်အစွန်းများကို အသုံးပြုနေကြကြောင်း ရေးသားဖော်ပြသည်။
“မျိုးနွယ်၊ မြတ်ယမုံကျောက်မြတ် ကုမ္ပဏီတွေနဲ့ လုံးဝပတ်သက်မှု မရှိပါဘူး။ သူတို့ရဲ့စွပ်စွဲချက်တွေကို သေသေချာချာ လေ့လာပြီး ပြန်သုံးသပ်သင့်ပါတယ်။ သူတို့ရဲ့အစီအရင်ခံစာမှာ တချို့ကုမ္ပဏီတွေကိုတော့ ချန်ထားခဲ့ပါတယ်” ဟု ဝန်ကြီး ဦးမောင်မောင်သိမ်းက Global Witness အဖွဲ့၏ ရေသားချက်နှင့် ပတ်သက်ပြီး ယနေ့တွင် မီဒီယာသမားများကို ပြောဆိုသည်။
Global Witness ၏ အစီအရင်ခံစာတွင် တရားမဝင် ကျောက်စိမ်းလုပ်ငန်းတွင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ နှင့် စစ်အစိုးရလက်ထက်က ထိပ်တန်းခေါင်းဆောင် အားလုံး ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ် ရေးသားခဲ့သည်။
ထိုသို့ ဖော်ထုတ်ရေးသားချက်အပေါ် ပထမဆုံး ပြန်လည် ရှင်းလင်းချက်အနေဖြင့် ဦးမောင်မောင်သိမ်းက ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တွင် မီဒီယာများကို တွေ့ဆုံပြီး Global Witness အစီအရင်ခံစာတွင် ပါဝင်သည့် စစ်အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်များမှာ ၎င်းနှင့် ပတ်သက်မှု မရှိကြောင်းလည်း ငြင်းဆိုသည်။
Global Witness မှ ပေးပို့သည့်စာကို ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် လက်ခံရရှိခဲ့သော်လည်း စာတွင်လက်မှတ် ရေးထိုးထားခြင်း မရှိသည့်အပြင် ခြိမ်းခြောက်သည့်သဘော သက်ရောက်မှုများ ရှိနေ၍ အကြောင်းမပြန်ခဲ့ဘဲ ဆိတ်ဆိတ်နေပါက ဝန်ခံသလိုဖြစ်နေသည့်အပေါ် မီဒီယာများနှင့် ယခုကဲ့သို့ တွေ့ဆုံရှင်းလင်းခြင်းဖြစ်ပြီး Global Witness သို့ အကြောင်းပြန်စာ ပေးပို့မည်ဖြစ်သည်ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။
စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ ဦးမောင်မောင်သိမ်းသည် စစ်အစိုးရလက်ထက်၌ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။