ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီဟာ ၁၉၉၃ တုန်းက ကြံ့ခိုင်ရေးအသင်း (USDA) ဆိုတဲ့ အမည်နဲ့ စတင်တည်ထောင်ခဲ့ပြီး နာယကကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေပဲ ဖြစ်ပါတယ်။
နိုင်ငံရေး ဒဏ်ရာဒဏ်ချက်တွေနဲ့ အာဏာရှင်တွေရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာလူထုက ဒီလို အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို “ချက်ဆိုနားခွက်က မီးတောက်ပြီးသား” သဘောပေါက် နားလည်ပြီးသား ဖြစ်ပါတယ်။
ထင်ထားကြတဲ့အတိုင်း ၂၀၁၀ ခုနှစ် ဇွန်လမှာတော့ USDA ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။
ဒါကြောင့် USDA ၊ USDP နဲ့ အရင်အစိုးရဟာ အတူတူပဲ ဒီပုပ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်လိုက်ပုံရပါတယ်။ ကြံ့ခိုင်ရေးပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အရင်အစိုးရရဲ့ ခေါင်းဆောင်တွေပဲ ပါဝင်နေတာ ဖြစ်ပြီး ဆယ်သက် စားမကုန်တဲ့ စည်းစိမ်တွေ လာဘ်ပေးလာဘ်ယူ လုပ်စားတဲ့ ပစ္စည်းများစွာအပြင် ပြည်သူအပေါ် ဗိုလ်ကျအနိုင်ကျင့်တဲ့ ဘောင်းဘီချွတ်တွေပဲလို့ ပြည်သူတွေက မြင်ကြပါတယ်။
နောက်တချက်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ ရံပုံငွေတွေပဲ ဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတော် ဘတ်ဂျက်တွေလား၊ ဘယ်သူ့ ဘတ်ဂျက်တွေလဲဆိုတာ မရှင်းမလင်း ဖြစ်နေပါတယ်။
မြန်မာပြည်သူပြည်သား အများစုဟာ အရင်ခေတ်တွေတုန်းက ကြံ့ခိုင်ရေးအသင်းရဲ့ လုပ်ရပ်တွေကို မမေ့သေးပါ။ ပြည်သူတွေ ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့သူတွေ၊ ၂၀၀၃ မှာ ဖြစ်ခဲ့တဲ့ နာမည်ကျော် ဒီပဲယင်း တိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးက လက်သပ်မွေးသူတွေ ပါဝင်ပတ်သက်နေတယ်လို့ မီဒီယာတွေက မီးမောင်းထိုးပြခဲ့တာကို လူထုက ယုံကြည်ထားကြပါတယ်။
ဒါကြောင့် USDA တဖြစ်လဲ USDP ဟာ အစကတည်းက ပုံရိပ်ပြဿနာ ရှိတယ်လို့ သုံးသပ်ရမှာပါ။
ဒါ့အပြင် USDP အဖြစ် ရပ်တည်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံရေးမှာ လူမျိုးရေးနဲ့ ဘာသာရေးကို ရောယှက်အသုံးချလာတာကြောင့် လူထုရဲ့ မနှစ်မြို့မှုကို ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာ သူတို့ ခေါင်းဆောင်တွေပေးတဲ့ Message တွေဟာ အောက်ခြေလူထုရဲ့ ရင်ခုန်သံ လိုအပ်ချက်တွေနဲ့ အရမ်းကို ကင်းကွာနေတာကို တွေ့ရပါတယ်။
ဒါကိုပဲ ရွေးကောက်ပွဲမှာ နိုင် နိုင်ခြေ ရှိတယ်လို့ ထင်ကြေးနဲ့ပြောနေတဲ့ ကြံ့ခိုင်ရေးပါတီ ခါင်းဆောင်တွေဟာ တကယ်ကို အခြေမှန်နဲ့ ကင်းကွာနေပြီး ဆင်စွယ်နန်းတော်ထဲမှာပဲ နေနေခဲ့တာဆိုတာ ထင်ရှားပါတယ်။
နောက်တချက်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အတွင်းပဋိပက္ခပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၃ လအလိုခန့်မှာ သန်းခေါင်းယံ အာဏာလုပွဲလို့ ခေါင်းစဉ်တပ်ရေးသားခံရတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အင်အားသုံး ဖြုတ်ချတဲ့ အတွင်းတိုက်ပွဲဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဦးရွှေမန်းဟာ စစ်အုပ်စုထဲက နံပါတ် ၃ ခေါင်းဆောင်တာဝန်ကို ယူခဲ့သူဖြစ်ပြီး USDP ရဲ့ တာဝန်ကို ယူချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သဘောဆန်တဲ့၊ လက်တွေ့ကျတဲ့ ပါတီကြီး ၂ ခုရဲ့ ဆက်ဆံမှုကို ထူးထူးခြားခြား တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ သြဇာကို စောစောစီးစီး နားလည်ထားသူ တဦးလို့ တွက်ဆနိုင်ပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အုပ်စုက သူ့ကို အင်အားသုံး ရှင်းထုတ်ခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ ဘက်မှာပါတဲ့ သူရဘွဲ့ရ ဦးအောင်ကိုရဲ့ အဆိုအရ ဦးရွှေမန်းဟာ ပါတီအတွင်း ညီလာခံအရ ရွေးကောက် တင်မြှောက်ခံထားရတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့ကို အင်အားသုံး ဖယ်ရှားခဲ့တာ တရားနည်းလမ်း မကျဘူးလို့ သုံးသပ်ရမှာပါ။
ဦးရွှေမန်းဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကြံ့ခိုင်ရေးပါတီ ရှုံးမယ်ဆိုတာကို ကြိုတင် ဟောကိန်းထုတ်ခဲ့တဲ့ ပါတီခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပေါင်းစည်းမဟာမိတ် ဖွဲ့မှုကို လန့်ပြီး ချေဖျက်ခဲ့တဲ့ ဦးသိန်းစိန် အုပ်စုဟာ အမှားကြီးတခုကို ထပ်ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ့်တပ်ကို ကိုယ်ပြန်နင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အဲဒီလို ကြံ့ခိုင်ရေးပါတီ ဝရုန်းသုန်းကားနဲ့ ဝါးအစည်းပြေချိန်မှာ NLD ဟာ ဒေါ်အာင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မဲဆွယ်စည်းရုံးရေးနဲ့ ပါတီဝင်သစ်တွေ ကိုယ်စားလှယ်လောင်းတွေကို သေသေချာချာ ရွေးချယ်နိုင်ခဲ့ပါတယ်။ အောင်နိုင်ငံရေးကို သေချာ အာရုံစိုက် လုပ်နိုင်ခဲ့ပါတယ်။ လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရွေးကောက်ပွဲ Message တွေဟာ ရိုးရိုးရှင်းရှင်းနဲ့ ရင်ကိုထိတဲ့ Campaign message ဖြစ်ပါတယ်။ တကယ်အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူပြည်သားတွေက ဒါတွေကို ယုံကြည်လက်ခံပါတယ်။
၁၉၈၈ ကတည်းက NLD ဆိုတဲ့ အမှတ်တံဆိပ် သင်္ကေတကို ရင်းနှီးထောက်ခံသိရှိခဲ့တဲ့ လူထုဟာ သိန်းနဲ့ချီ ရှိနေဆဲပါ။ သူတို့မြင်တာက ရိုးရှင်းပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ရင် ပုခုံးပေါ် တက်နင်းထားတဲ့ သူတွေ ဆင်းသွားမယ်လို့ ရိုးရိုးပဲ တွေးပါတယ်။
နောက်ဆုံး အချက်တွေကတော့ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ကရုဏာသက်ကြသူတွေ ဖြစ်ပါတယ်။ (နိုင်ငံရေးအရ ဆွေမျိုး မကင်းသူတွေ၊ မိတ်ဆွေတွေ ထောင်ထဲမှာ အတူနေခဲ့သူတွေ ဘဝတူ ခံစားခဲ့ကြရသူတွေ ဖြစ်ပါတယ်)။
နောက်ဆုံးအချက်ကတော့ ကြံ့ခိုင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်လို၊ မင်းကိုနိုင်လို၊ ကိုကိုကြီးလို Charismatic ရှိတဲ့ ခေါင်းဆောင်တွေ မရှိပါဘူး။
ဒါကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှေ့ဆက်ရပ်တည်ဖို့ အလားအလာ အများကြီး ခက်ခဲတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။