Human Rights

ဂျော်ဒန်ရောက် ခေါင်းပုံဖြတ်ခံရသော မြန်မာအလုပ်သမများ ပြည်တော်ပြန်

This article has been converted from Zawgyi One to Unicode

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အထည်ချုပ်လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား အများစုမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်းနှင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိရသည်။

“အလုပ်ခေါ်ပွဲစားက ပြောတာနဲ့ ဟိုမှာ ကြုံခဲ့ရတာက တခြားစီပဲ။ ကျမတို့က ပြန်လာလို့။ ဟိုမှာ မြန်မာတွေ အများကြီးပဲ။ အားလုံး အလုပ်ရှင်တွေ၊ စာရေးတွေရဲ့ အနိုင်ကျင့်တာ ခံနေရတာ။ လုပ်ခလစာကျတော့လည်း ည ၁၂ နာရီအထိ အချိန်ပို ဆင်းခိုင်းတယ်။ ည ၉ နာရီအထိပဲ ပိုက်ဆံပေးတယ်။ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတရုံတွင် စက်ချုပ်ဝန်ထမ်းအဖြစ် အလုပ်သွားရောက် လုပ်ကိုင်ခဲ့သူ မသင်းသင်းထွေးက ဧရာဝတီသို့ ရှင်းပြသည်။

မသင်းသင်းထွေး အပါအဝင် ဂျော်ဒန်နိုင်ငံရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် အထည်ချုပ်အလုပ်သမ အဖြစ် သွားရောက်လုပ်ကိုင်ခဲ့ကြသည့် မြန်မာအလုပ်သမ ၁၂ ဦးသည် ၎င်းတို့၏ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး အပြည့်အဝမရခြင်း၊ အချိန်ပိုလုပ်ခလစာ အပြည့်အဝမပေးခြင်းနှင့် ပြည်တွင်းမှ ပို့ဆောင်ခဲ့သည့် အလုပ်ခေါ်သူပွဲစားက ပြောဆိုထားသည့် လစာပမာဏအတိုင်း မရဟုဆိုကာ ယမန်နေ့ ည ၇ နာရီ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ဒီကနေ သွားတုန်းကလည်း ဝန်ဆောင်ခ ဆိုပြီးတော့ ငွေ ၆ သိန်းကျော် ပေးရတယ်။ ဟိုမှာ အဆင်မပြေလို့ ပြန်လာတော့ ၂၂ သိန်း ပြန်လျော်ပေးရမယ်ဆိုပြီး တောင်းတယ်။ ဘာ ဆက်ဖြစ်မယ် မသိသေးဘူး။ ကျမတို့ အလုပ်သမားတွေ အရမ်း ဒုက္ခရောက်တယ်။ အစိုးရပိုင်းက ကူညီပေးတာတွေ ဘာတွေတော့ ကျမ မသိဘူး။ ဒီကနေ ပို့တုန်းက မျိုးဇော်ဦး ဆိုတဲ့ ပွဲစားက ခေါ်လို့ ရောက်သွားတာ။ ပြောရရင်တော့ ကိစ္စအားလုံး အဆိုးတွေချည်းပဲ” ဟု နေရပ်ပြန်ရာတွင် ပါဝင်သူ မြောက်ဥက္ကလာပမြို့နယ်နေ မစန်းစန်းက ပြောသည်။

အဆိုပါ အလုပ်သမများ ပြည်တော်ပြန်နိုင်ရေးအတွက် ဂျော်ဒန်ရောက် မြန်မာလူငယ်များအဖွဲ့ နှင့် လူမှုရေး ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် ဆရာတော်ဦးစန္ဒဇောတိ (သာသနာနွယ်) တို့က ငွေအား၊ လူအားဖြင့် အကူအညီများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရက ဂျော်ဒန်နိုင်ငံတွင် မြန်မာနိုင်ငံဆိုင်ရာသံရုံး မဖွင့်လှစ်နိုင်သေးသည့်အတွက် ဂျော်ဒန်နိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အများစု၏ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အချင်းချင်း ရန်ရှာခြင်း၊ အလုပ်သမား အခွင့်အရေးမရခြင်း၊ နေထိုင်စားသောက်မှု ကျပ်တည်းခြင်းများကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာများဖြစ်ပွားလေ့ရှိသည့်အခါတွင် ဖြေရှင်းရန် ခက်ခဲမှုများရှိကြောင်း သိရသည်။

Loading