တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးစားနေချိန် ၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါပြီ။ ဒီလိုအချိန်မှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး အာဏာကို အလွယ်တကူ လွဲပြောင်းပေးမှာလားဆိုတာ အများပြည်သူက စိတ်ဝင်စားလျက် ရှိပါတယ်။ အာဏာ အသွင် ကူးပြောင်းမှု ချောမွေ့ရေး၊ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး၊ အစိုးရသစ်နဲ့ တပ်မတော် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးတို့ အကြောင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦး ဖြစ်သူ ဦးကိုကိုကြီးကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆံုံမေးမြန်းခဲ့ပါတယ်။
တွေ့ဆုံမှုမှာ ဦးကိုကိုကြီးက သူ၏ နိုင်ငံရေး ရည်မှန်းချက်တချို့နဲ့ ၈၈ နိုင်ငံရေး မျိုးဆက်တွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်မယ့် ပုံစံတွေ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
မေး ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ အနိုင်ရသွားပြီတော့ အာဏာ ကူးပြောင်းမှု ချောမွေ့မယ်လို့ ထင်လား။
ဖြေ ။ ။ အဲဒါက အဓိက အဆုံးအဖြတ်ပေးမယ့် သူတွေက တယောက်နဲ့တယောက် ဘယ်လောက် ညှိနှိုင်း ဆောင်ရွက်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ယေဘုယျအားဖြင့်တော့ လက်ရှိ နိုင်ငံတော် သမ္မတရော၊ ကာကွယ်ရေး ဦးစီးချုပ်ကရော ရွေးကောက်ပွဲ ရလဒ် လူထုရဲ့ ဆုံးဖြတ်မှုကို လိုက်နာမယ်။ လေးစားမယ်လို့ ပြောထားတာဆိုတော့ အသေးစိတ် အချက်အလက်တွေကတော့ တွေ့ဆုံဆွေး နွေးမှု ရလဒ်အပေါ် တည်မယ်လို့ အဲဒီလို မြင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာဟာ လွှတ်တော် နာယကနဲ့တော့ တွေ့ပြီးသွားပြီ။ နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဖို့ကိစ္စမှာ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီဇင်ဘာလထဲမှာ တွေ့မယ်လို့ အကြောင်း ပြန်ထား တယ်။ နိုင်ငံတော် သမ္မတကလည်းပဲ ရွေးကောက်ပွဲ ကော်မရှင် တရားဝင် ကြေညာပြီး ဆုံးဖြတ်ပြီးတဲ့အချိန်မှာ တွေ့မယ်လို့ ပြောထား တော့ အဓိက အာဏာလွှဲပြောင်းရေး ဘယ်လောက် ချောမွေ့မလဲ။ အာဏာလွှဲပြောင်းပြီး နိုင်ငံတော်ကို ဆက်ခံဆောင်ရွက်ဖို့ အတွက် ဘယ်လောက် ချောမွေ့မလဲ ဆိုတာဟာ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ တည်တယ်လို့ ပြောရမှာပေါ့။
မေး ။ ။ အဲဒီတော့ အာဏာမလွှဲပြောင်းနိုင်ခင်မှာ ဒီကြားကာလမှာ နိုင်ငံရေး တည်ငြိမ်ဖို့၊ ပဋိပက္ခ မဖြစ်ပွားဖို့ ဘာတွေ ဆောင်ရွက်သင့်လဲ။ နောက်ဘယ်သူတွေမှာ တာဝန်ရှိလဲ။
ဖြေ ။ ။ အဓိကက လူထုရဲ့ သဘောထားအမြင်တွေကို ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ Opinion Leader ခေါ်တာပေါ့။ အဲဒီလူတွေက ချင့်ချင့် ချိန်ချိန်နဲ့ ဆောင်ရွက်ဖို့ လိုတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ လူထုရဲ့ တုံ့ပြန်မှုကို ကြည့်ရင်တော့ လူထုဟာ တော်တော်ကို စီစဉ်တကျ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရွေးကောက်ပွဲကို မဲပေးခဲ့ကြတယ်။ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာလည်းပဲ အုတ်အော်သောင်းနင်း အောင်ပွဲခံတာတွေ တဖက်ကို အနိုင်မရတဲ့သူတွေအတွက် ကသိကအောက် မဖြစ်အောင် ထိန်းသိမ်းကြတာတွေကို ကြည့်ရတာကတော့ လူထုအပိုင်းက တော်တော်လေး အစီအစဉ်တကျ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်တယ်။ နောက်အနိုင်ရတဲ့ ပါတီ ကိုယ်တိုင်က လည်းပဲ မေတ္တာရပ်ခံထားတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ လူထုရဲ့တုံ့ပြန်မှုက ကောင်းတယ်လို့ အဲလိုပဲ ပြောရမှာပေါ့နော်။
မေး ။ ။ NLD အစိုးရ တက်လာရင် တိုင်းပြည်မှာ ဘာစလုပ်သင့်တယ်လို့ ထင်လဲ။
ဖြေ ။ ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို အခိုင်အမာ ပြောထားတော့ အရင်ဆုံး ကျနော်တို့ အသိအမှတ်ပြုရမှာက ပြန်လည်သင့်မြတ်ရေးလို့ ပြောကတည်းက မသင့်မြတ်တဲ့ အပိုင်းတွေ ရှိတယ် ဆိုတာကို ကျနော်တို့ ရိုးရိုးရှင်းရှင်း လက်ခံထားဖို့ လိုတယ်။ အဲဒီ သဘောထား ကွဲလွဲမှုတွေကို လျော့ချနိုင်ဖို့၊ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အဲဒါဟာ နံပါတ်တစ် အရေးအကြီးဆုံးပဲလို့ မြင်တယ်။
မေး ။ ။ လက်ရှိ Key player ဖြစ်တဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းဖို့လည်း လိုတာပေါ့လေ။ တဖက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ရှိနေတော့ ဒီကာလမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လောက် အလုပ်ဖြစ်နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကိုက တပ်မတော်သား ကိုယ်စားလှယ်တွေ မပါဘဲနဲ့ ဖွဲ့စည်းပုံပြင်လို့ မရဘူး။ ဒါဟာ ပကတိ အခြေအနေတခု ဖြစ်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလို ကိစ္စမျိုးဟာ အဓိကက ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးမှု၊ နောက်ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နားလည်မှု တည်ဆောက်တဲ့ အလားအလာ၊ အဲဒီအပေါ်မှာ မူတည်တယ် လို့ မြင်တယ်။
မေး ။ ။ အနိုင်ရပါတီက တက်လာခဲ့လို့ရှိရင် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ပြောင်းလဲခဲ့ရင် လက်ရှိ ငြိမ်းချမ်းရေး Process ကို ထိခိုက်နိုင် မယ်လို့ ထင်လား။ တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ NLD ကို မျှော်လင့်နေတာမျိုးတွေလည်း ရှိပါတယ်။
ဖြေ ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာက အစိုးရတဖွဲ့ရဲ့ ရလဒ် မဟုတ်ဘူး။ ဒါဟာ နိုင်ငံတော်အနေနဲ့ စဉ်းစားရမယ့်ကိစ္စ၊ ဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စမျိုး စဉ်းစားတဲ့အခါမှာ အစိုးရ အပြောင်းအလဲ ဖြစ်တာနဲ့ အကုန်လုံး တစ်က ပြန်စမယ်လို့ လုပ်လို့မရဘူး။ တဖက် ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို သူ့အနေနဲ့ ကောင်းတဲ့ဟာတွေကို ဆက်ခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောထားတော့ တကယ်လည်း အဲဒီလိုပဲ ဖြစ်သင့်တယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာက အရင် အစိုးရ လုပ်ခဲ့တဲ့ လက်စပေါ့။ အဲဒါကို နောက်အစိုးရက ဆက်ခံရမှာပဲ။ ဆက်ခံပြီးတော့ ပိုပြီးကောင်းအောင် မွမ်းမံပြင်ဆင်ပြီးတော့ တိုးတက်အောင် လုပ်သွားရမှာပဲ။
မေး ။ ။ စစ်အာဏာရှင်ရဲ့ စနစ်ရဲ့ ဆိုးမွေတွေကြောင့် ဗမာဆိုရင် တိုင်းရင်းသားတွေက တော်တော်လေး မုန်းနေကြတယ်။ ဒီဘက် မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ တက်လာလို့ရှိရင်တော့ ဗမာနဲ့ တိုင်းရင်းသားတွေကြားမှာ ရင်ကြားစေ့နိုင်ဖို့ မြင်လား ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ လက်တွေ့ ဆောင်ရွက်ချက်တွေပေါ်မှာ မူတည်တာပေါ့။ အဓိက ဒီတိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဆိုတာက လွတ် လပ်ရေးနဲ့အတူ မွေးဖွားလာတယ်လို့တောင် ပြောလို့ရတယ်။ တိုင်းရင်းသား တန်းတူညီမျှရေးကို လက်တွေ့ ဆောင်ရွက်ပေးနိုင်မှု အ ပေါ်မှာပဲ မူတည်တယ်။ ဥပမာအားဖြင့် အခု ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့အခါမျိုးမှာ အကွဲအပြဲတွေကို စုစည်းနိုင်တဲ့ Unity Government ပေါ့။ ညီညွတ်ရေး အစိုးရမျိုး ဖွဲ့စည်းနိုင်ရင်တော့ အလားအလာကောင်းတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ် ပေါ့။
မေး ။ ။ အခု လက်ရှိ ရှမ်းတို့ ကချင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပထမပိုင်းမှာ တပ်မတော်ကို ထိုးစစ်တွေကို မလုပ်ပါနဲ့လို့ ပြောတယ်။ ဒါပေမယ့် တိုက်ပွဲတွေက ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရကျရင်ကော တပ်မတော် ကို သူထိန်းနိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါကတော့ ခုနကပြောသလို တွေ့ဆုံဆွေးနွေးမှု အပေါ်မှာပဲ မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ပဋိပက္ခ တွေ အပေါ်မှာ အမြင်၊ နောက်တိုင်းရင်းသားတွေဘက်က တပ်မတော်နဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်နိုင်တဲ့ အပေါ်ပေါ့နော်။ အဲဒီအပေါ်မှာပဲ တည်လိမ့်မယ်။ အဓိကကတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဟာ နိုင်ငံရေး ပြဿနာ၊ စစ်ရေးနဲ့ ဖြေရှင်းတာထက်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ဒီပြဿနာက ပြေလည်မယ်ဆိုတာက အားလုံးက လက်ခံဖို့ လိုတယ်။
မေး ။ ။ မေးခွန်းတွေ များလာတော့ အကိုတို့အကြောင်း ပြောင်းမေးချင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ခေါင်းဆောင် တချို့ဟာ NLD က ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဝင်လို့ မရခဲ့ဘူး။ ဒါပေမယ့် NLD အောင်နိုင်ရေးကို ပံ့ပိုးပေးတာ တွေ့ရတယ်။ အဲဒါ ဘယ်လိုကြောင့်လဲ။
ဖြေ ။ ။ ကျနော်တို့ တရားဝင် ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပဲ ဖော်ပြထားပြီး သားပေါ့။ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ အောင်နိုင်ရေးအတွက်ကို ပံ့ပိုးသွားမယ်။ ဝန်းရံသွားမယ်ဆိုတာ ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲ။ ရွေးကောက်ပွ ဲဝင်ခွင့် ရခြင်း၊ မရခြင်းဆိုတာထက် ကျနော်တို့က တိုင်းပြည်မှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးဖို့၊ တိုင်းရင်းသား တန်းတူညီမျှရေး ဖြစ်ဖို့ဆိုတာ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။
မေး ။ ။ ၈၈ မျိုးဆက်တွေအနေနဲ့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို ဝင်ဖို့ ကြားဖြတ် ရွေးကောက်ပွဲ ရှိပါသေးတယ်။ အဲဒီ လမ်းကြောင်းကို စဉ်းစားထားလား။
ဖြေ ။ ။ ကျနော်တို့က ရေရှည်နိုင်ငံရေးအတွက် ပြင်ဆင်ရမယ့်ကိစ္စတွေ ရှိတယ်။ အခု လောလောဆယ်မှာကတော့ အားလုံး အာရုံစိုက်ရမယ့်ကိစ္စက ရွေးကောက်ပွဲရလဒ်ကို အောင်အောင်မြင်မြင်နဲ့ အာဏာလွှဲပြောင်းနိုင်ဖို့။ အသိအမှတ်ပြုဖို့။ အစိုးရသစ်၊ လွှတ်တော်သစ် ပေါ်ပေါက်လာဖို့ဟာ လောလောဆယ်မှာ အဓိက အာရုံစိုက်ရမယ့် ကိစ္စလို့ မြင်ပါတယ်။
မေး ။ ။ ကိုကိုကြီးအနေနဲ့ ၈၈ မျိုးဆက်တွေကို စုစည်းပြီး ပါတီတရပ် ထူထောင်ဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ဘယ်လိုပုံစံမျိုး စုစည်းမှာလဲ၊ တချို့က ပြန့်ကြဲနေတာဆိုတော့ ဘယ်လိုပုံစံ ထွက်မှာလဲဆိုတာ စိတ်ဝင်စားစရာပဲ။
ဖြေ ။ ။ အဲဒါက ကျနော်တို့ အခု ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်လာတဲ့ အချိန်ကျမှ ဒါကို ကျနော်တို့ ရေရှည် ခိုင်ခိုင် မာမာဖြစ်အောင် ဆောင်ရွက်သွားမယ်။ စဉ်းစားတဲ့အခါမှာလည်းပဲ ဒီ ၈၈ မျိုးဆက် ဆိုတဲ့ဟာမှာ နိုင်/ကျဉ်းဟောင်းတွေ ရှိတယ်။ နောက် ပြည်ပကနေ ရောက်လာတဲ့ ရဲဘော်တွေ ရှိတယ်။ နောက်မျိုးဆက်တွေလည်း ရှိတယ်ပေါ့၊ ၉၆-၉၈ အစရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါလာအောင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။ ကျနော်တို့ နောင်တော် မျိုးဆက်တွေထဲမှာလည်း လွှတ်တော် နိုင်ငံရေးကို ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့လူတွေ ရှိတယ်။ ဒါတွေအားလုံး ကျနော်တို့ ရသလောက် စုစည်းသွားမှာပါ။
မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပါဦး။ ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ အဓိကတော့ ကျနော်တို့နိုင်ငံမှာ အကွဲအပြဲတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ စစ်ဘက်၊ အရပ်ဘက်၊ နိုင်ငံရေး အယူအဆ သဘောထား ကွဲလွဲတာတွေ၊ နောက်လူနည်းစု တိုင်းရင်းသားနဲ့ လူများစု တိုင်းရင်းသားဖြစ်တဲ့ ဗမာနဲ့ ပဋိပက္ခတွေ၊ နောက် အခု ဈေးကွက် စီးပွားရေးဆိုပြီး ပြောင်းလာတာမှာ ပုံသဏ္ဍာန် မကျတဲ့ ဈေးကွက်စီးပွားရေးစနစ် ပေါ်လာပြီးတော့ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးလာတာတွေ၊ လူမျိုးရေး ဘာသာရေး ပုံစံမျိုး ပဋိပက္ခတွေ၊ အဲဒီ အကွဲအပြဲတွေကို ပြန်ပြီး စုစည်းနိုင်ဖို့ဟာ လာမယ့် အစိုးရသစ်ရဲ့ အဓိက စိန်ခေါ်မှုပဲလို့ ကျနော်မြင်တယ်။ အဲဒါကလည်း အစိုးရချည်းပဲ မလုပ်နိုင်ဘူး။ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေရော၊ လူမျိုးရေး ဘာသာရေး ခေါင်းဆောင်တွေပါ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ဖြစ်လာဖို့အတွက်ကို အားလုံး ဝိုင်းပြီးကြိုးစားကြရမယ်လို့ အဲလိုပဲမြင်ပါတယ်။