ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA -ကိုးကန့်) အဖွဲ့က ပြောဆိုသည်။
“လောက်ကိုင်နယ်မြေမှာ ကျနော်တို့တပ်တွေ မရှိတော့ပါဘူး။ ပြည်သူတွေ နေတဲ့နေရာကိုလည်း ကျနော်တို့က ပစ်ခတ်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့က တဖက်သတ် အပစ်အခတ် ရပ်စဲထားတာ ၄ လလောက် ရှိပြီ။ အဲဒီကတည်းက တိုက်ခိုက်မှုလည်း မရှိတော့ပါဘူး” ဟု MNDAA ၏ တပ်မဟာ ၂၁၁ ဒုတပ်မဟာမှူး ဒု ဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်က ဆိုသည်။
လောက်ကိုင်မြို့ ပတ်ဝန်းကျင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် အစိုးရတပ်မတော် စစ်ကြောင်းများအား MNDAA အဖွဲ့က နိုဝင်ဘာလ ၂၇ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အတူ လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား MNDAA တပ်က ပစ်ခတ်သည့် RPG ဒုံးသီး ၂ လုံး ထိမှန်ပေါက်ကွဲသဖြင့် လောက်ကိုင်ဒေသခံ ပြည်သူများစိုးရိမ်ပူပန်နေသည်ဟု အစိုရတပ်မတော် အာဘော်ဖြစ်သည့် နိုဝင်ဘာလ ၂၉ ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။
MNDAA ပစ်ခတ်မှုများအား တုံ့ပြန်သောအားဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်ရာ ကိုးကန့်အဖွဲ့က ဆုတ်ခွာသွားကြောင်း၊ MNDAA ၏ ပစ်ခတ်ခြင်းခံရသည့် နေရာတဝိုက်အား အသေးစိတ် ရှာဖွေရှင်းလင်းခဲ့ရာ လက်နက်ငယ် ကျည်ခွံ ၇၀၊ စက်လတ်ကျည်ခွံ ၄၂ ခုနှင့် ကြိုးဆွဲလက်ပစ်ဗုံး တလုံးတို့ကို သိမ်းဆည်းရမိကြောင်း အဆိုပါမြဝတီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထိုသို့ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး လောက်ကိုင်မြို့ခံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မြို့ပေါ်၌ ပစ်ခတ်မှု မရှိကြောင်း၊ တောင်ပေါ်ဒေသ ဘက်၌သာ တိုက်ပွဲငယ်တချို့ ရှိသည်ဟု သိရကြောင်း၊ လောက်ကိုင်မြို့ပေါ်၌ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့်အချိန်မှ ယနေ့အထိ တည်ငြိမ်နေကြောင်း လောက်ကိုင်ဒေသခံများက ပြန်လည် ပြောဆိုသည်။
အစိုးရတပ်မတော်နှင့် MNDAA တို့အကြား လအတန်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်ပြီး ထိုဒေသကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး နယ်မြေတည် ငြိမ်နေပြီဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။
လောက်ကိုင်မြို့ခံဖြစ်သူ ဦးမိုးထွန်းက “လောက်ကိုင်မြို့ တည်ငြိမ်အေးချမ်းနေတာ အတော်ကြာပါပြီ။ တခြား တောင်ပေါ်ဘက်တွေမှာတော့ ပစ်ခတ်မှုတချို့ ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။
လောက်ကိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့ခံအများအပြား တရုတ်နယ်စပ်နှင့် လားရှိုးမြို့နယ်များသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ လားရှိုးမြို့၌ ပြီးခဲ့လများအတွင်းထိ ဒုက္ခသည်စခန်းတချို့ ရှိခဲ့သော်လည်း ယခုအခါ နယ်မြေ တည်ငြိမ်နေသည့်အတွက် ဒုက္ခသည်များ မိမိတို့နေအိမ်များသို့ ပြန်လည် နေထိုင်သွားကြပြီ ဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည်များအား ကူညီပေးခဲ့နေသည့် လားရှိုးမြို့ခံ ဦးရန်ကျင်းကန်က ဧရာဝတီကို ပြောသည်။