အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လာမည့်နှစ်ဆန်းတွင် အစိုးရအဖွဲ့ တာဝန်ယူနိုင်ခြေ ရှိသဖြင့် ရွေးကောက်ပွဲအနိုင်ရ NLDလွှတ်တော်ကိုယ် စားလှယ်များ အနေနှင့် စည်းကမ်း၊ ကျင့်ဝတ် နှင့် ပတ်သက်ပြီး လိုက်နာမှု ရှိကြရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံပြီး ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် (NLD)ပါတီသည် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကို အပြတ်အသတ် အနိုင်ရခဲ့ပြီး လွှတ်တော်တွင် နေရာအများစုဖြင့် အစိုးရသစ်တရပ် ဖွဲ့စည်းခွင့်ရရှိတော့မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ မီဒီယာများမှ သတင်းယူခွင့် မရခဲ့သော်လည်း လွှတ်တော်အမတ် တယောက်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြန်လည်ပြောကြားခဲ့သည်။
ဒဂုံမြို့နယ်တွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များသည် တရားမဝင်သော သို့မဟုတ် ကျင့်ဝတ်နှင့် မညီသော အပြုအမှုများ လုပ်ဆောင်ပါက ပြစ်ဒဏ်ခံရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ကြောင်း ပြောသည်။
“အဓိကပြောတာတော့ ကိုယ့်လူတွေဖြစ်တဲ့ပေါ့နော်၊ နိုင်ငံတော်ရဲ့ တာဝန်နဲ့ ပတ်သတ်ပြီးတော့မှ အဖွဲ့ချုပ်ကနေပြီးတော့ အချင်းချင်း သက်ညှာသွားမှာ မဟုတ်ဘူး။ ကိုယ်စားလှယ်တွေ အကူအညီလိုရင် လာတောင်းပါ။ မသိတာရှိရင် မေးပါ။ တိုးတိုးတိတ်တိတ် ပြောလည်းရတယ်။ ကူညီဖို့ အဆင်သင့်ပဲ။ ကိုယ်နည်းကိုယ်ဟန်နဲ့ကိုယ် မှန်တယ်ဆိုပြီး ဖြေရှင်းခဲ့ပြီးတော့ မှားသွားခဲ့ရင်တော့ အမှားကို အမှန်ပြောင်းပေးမှာ မဟုတ်ဘူး။ ဥပဒေကို ချိုးဖောက်ရင် ဥပဒေအတိုင်း အရေးယူရမှာဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်အဖွဲ့အစည်းက ဖြစ်တဲ့အတွက် နောက်ဆုံး ထောင်ကျသွားရင်တော့ ထောင်ဝင်စာတော့ လာတွေ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ပြောသည်။
နိုဝင်ဘာလ ၂၈ ရက်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၂၆ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်ရှိနေသည့် ပြည်နယ်နှင့်တိုင်းမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များနှင့်လည်း ဒီဇင်ဘာလ ၅ ၇က်နေ့တွင် နေပြည်တော် ပျဉ်းမနားမြို့ မေခန်းမ၌ တွေ့ဆုံသွားမည် ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲအတွင်း NLD က ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ဖွဲ့စည်းမည်ဖြစ်ကာ အနိုင်ရ ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်ထိုက်၊ မဖြစ်ထိုက်အား ၅ နှစ်သက်တမ်းအတွင်း သက်သေပြနိုင်ရမည်ဖြစ်ပြီး စိစစ်ရေးအဖွဲ့က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ကိုယ်စားလှယ်စိစစ်ရေး အဖွဲ့ကို ဗဟိုကနေပြီးတော့ဖွဲ့မယ်၊ ဖွဲ့ပြီးတော့ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတာနဲ့ မလုံလောက်သေးဘူး၊ ပြည်သူကိုယ့်စားလှယ် မဖြစ်ထိုက် ဖြစ်ထိုက်ကို ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ကနေပြီး တောက်လျှောက် စောင့်ကြည့်နေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ဒေါ်သက်သက်ခိုင်ကပြောသည်။
အနိုင်ရကိုယ်စားလှယ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပါတီ၏ရည်မှန်းချက်၊ မူဝါဒ သဘောတရားများကို ကြေညက်စွာ လေ့လာထားရန်နှင့် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နီးစပ်သည့်အတွက် ၎င်းတို့အား ဦးစွာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များအား အင်္ဂလိပ်စာအရည်အချင်း တိုးတက်စေရန် နှင့် အမှိုက်ကောက်ခြင်း လုပ်ငန်းအား မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပြည်သူများကို ဦးဆောင်၍ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
“ပြည်သူလူထု လုပ်တဲ့အလုပ်မျိုးကို ကိုယ်စားလှယ်ကလည်း လုပ်နိုင်ရမယ်။ ပြည်သူကို လုပ်စေချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်လည်း ဦးဆောင်ပြီး လုပ်ပြရမယ်ဆိုတာမျိုး အန်တီစုကပြောပါတယ်” ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအား ပြည်သူများအတွက် တာဝန်ယူဆောင်ရွက်ရန်နှင့် “ပြည်သူတွေက ကိုယ့်ကို အလိုမရှိတော့ရင် ကိုယ့်ရဲ့ နိုင်ငံရေးသမားဘဝကလည်း အဆုံးသတ်သွားပါလိမ့်မယ်။ ဒါက ပိုက်ဆံထက် ပိုအရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းပြည်ဆင်းရဲနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ် တဦးက တလလျှင် လစာ ၁၀သိန်းရရှိခြင်းမှာ မျှတမှု မရှိကြောင်း ပြောကြားခဲ့သောကြောင့် တက်ရောက်လာသည့် အနိုင်ရကိုယ်စားလှယ်များ အနေဖြင့် လစာများ အဖြတ်ခံရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့အပြင် ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှုကိုလည်း အနီးကပ် စောင့်ကြည့်သွားလိမ့်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလတွင် လက်ရှိလွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ လစာ ၃ ဆတိုးရန် သဘောတူညီခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်များ၏ လစာ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်သွားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်များကို ပါတီဝင်များကလည်း လက်ခံကြိုဆိုခဲ့ကြပါသည်။
“အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တယ်ဆိုရင် စည်းကမ်းရှိရပါမယ်။ အခုပြောသွားတဲ့ စည်းကမ်းတွေဟာ ကောင်းမွန်တဲ့ အချက်တွေမို့ ကျမတို့အနေနဲ့ လိုက်နာ ရပါမယ်” ဟု ဒေါ်သက်သက်ခိုင်ကပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ကျော်ဖြိုးသာ၏ Suu Kyi Commands Reps to Show Discipline, Lead by Example ကို ဘာသာပြန်ဆိုသည်။