အသက်မပြည့်ဘဲ စုဆောင်းခံရသည့် ကလေးစစ်သား ၅၃ ဦးကို မြန်မာအစိုးရ တပ်မတော်က နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ နိုဝင်ဘာလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယခုအကြိမ် နုတ်ထွက်ခွင့် ပြုခြင်း အပါအဝင် မြန်မာအစိုးရသည် ၂၀၁၅ ခုနှစ်အတွင်း ကလေးစစ်သားပေါင်း ၁၄၆ ဦးအထိ နုတ်ထွက်ခွင့် ပြုပြီး ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုထားသည်။
ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) က ယင်းကဲ့သို့ နှုတ်ထွက်ခြင်းအပေါ် ကြိုဆိုကြောင်း၊ ကလေးစစ်သား စုဆောင်းရေးကို အဆုံးသတ်ရန် တပ်မတော်၊ မြန်မာအစိုးရနှင့် CTFMR အဖွဲ့တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆိုသည်။
“ကလေးတွေဆိုတာ တပ်မတော်အတွင်းမှာ မရှိသင့်ပါဘူး။ ထို့အပြင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ကလေးသူငယ်များ ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခများကို အဆုံးသတ်ဖို့ တပ်မတော် အပါအဝင် အဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိပါသည်” ဟု CTFMR ၏ ပူးတွဲ ဥက္ကဋ္ဌနှင့် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainval က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဆက်လက်ပြီး တပ်မတော်အတွင်း တပ်သားစုဆောင်းသည့်အခါ အသက်အရွယ် ဆန်းစစ်ခြင်းကို ပိုမိုခိုင်မာစွာ ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုမှ ကာကွယ်ခြင်း အကြောင်းများကို တပ်မတော်၏ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးရန် တိုက်တွန်းလိုကြောင်း CTFMR က ဆိုသည်။
၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ စုဆောင်းခြင်းနှင့် အသုံးပြုခြင်းစာရင်းတွင် မြန်မာအစိုးရ စစ်တပ် အပါအဝင် အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့ပေါင်း ၇ ဖွဲ့ကို ထည့်သွင်းခဲ့သည်။
ယင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှာ တိုးတက်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် – ငြိမ်းချမ်းရေး ကောင်စီ (KNLA-Peace Council)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ် (SSA-S) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့ ဖြစ်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ အစီရင်ခံစာပါ အဖွဲ့များအားလုံးအား ကလေးသူငယ်များ ခေါ်ယူစုဆောင်း အသုံးပြုနေမှုကို အဆုံးသတ်ရေး လုပ်ဆောင်ရန် တောင်းဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတူတကွ လက်တွဲလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ကြိုဆိုပါကြောင်း CTFMR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms Renata Lok Dessalliens က ဆိုသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ဇင်မာအောင်က ယခုတခေါက် မြန်မာအစိုးရ၏ ကလေးစစ်သားများ လွှတ်ပေးမှုအပေါ် ကြိုဆိုကြောင်းနှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသားများ အပေါ်လည်း အလားတူ ဆောင်ရွက်ပေးစေလိုကြောင်း ဆိုသည်။
ဒေါ်ဇင်မာအောင်က “အခု ကလေးစစ်သားတွေ လွှတ်ပေးတာကိုလည်း ကြိုဆိုပါတယ်။ ဒီ့ထက်ပိုပြီးတော့ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စရော၊ အခု ဖြစ်နေတဲ့ စစ်ပွဲမှာ ရှိနေတဲ့ ကလေးဒုက္ခသည်တွေပေါ့နော် ကလေးတွေ၊ မိခင်တွေ အဲဒီ အတွက်တွေကိုလည်း ပိုပြီးတော့ လုပ်ပေးနိုင်မယ်၊ စစ်ပွဲတွေ ရပ်တဲ့အထိ လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပိုကောင်းပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ အစိုးရမှ ကုလသမဂ္ဂနှင့်အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက် (Joint Action Plan) ကို ၂၀၁၂ ခုနှစ် ဇွန်လတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အထိ ကလေးစစ်သားပေါင်း ၆၉၉ ဦးကို မြန်မာအစိုးရက နုတ်ထွက်ခွင့်ပြုပြီး ဖြစ်ကြောင်း သိရှိရသည်။