၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနိုင်ရရှိပြီးနောက် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး၊ NLD အစိုးရ စတင် ဆောင်ရွက်သင့်သည့် ကိစ္စများ၊ တပ်မတော်နှင့် ဆက်ဆံရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပထဝီ နိုင်ငံရေးနှင့် NLD အစိုးရနှင့် တိုင်းရင်းသားများကြား ရင်ကြားစေ့နိုင် ရေး အကြောင်းတို့ကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ NLD က ရွေးကောက်ပွဲမှာ နေရာအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပြီဆိုတော့ ဒီကြားကာလမှာ အာဏာ အသွင်ကူးပြောင်းမှု ချောမွေ့မယ်လို့ ထင်လား။ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကိုယ့်အနေနဲ့ ကိုယ်ထင်တာတော့ ချောမွေ့လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ အာဏာရတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ က ချောချောမွေ့မွေ့ အာဏာလွှဲပေးဖို့ ဆိုတဲ့ကိစ္စကို ခဏခဏ ပြောနေတယ်။ နိုင်ငံတော် သမ္မတကလည်း ပြောတယ်။ ကာ/ချုပ် လည်း ပြောတယ်။ အခုအခြေအနေထိတော့ အဲဒါနဲ့ဆန့်ကျင်တဲ့ လက္ခဏာမျိုး မတွေ့ရသေးဘူးပေါ့နော်။ ကိုယ်ထင်တာကတော့ ဒီအာဏာ လွှဲပြောင်းရေးကိစ္စက သူတို့ဆောင်ရွက်လိမ့်မယ်လို့ ယူဆပါတယ်။
မေး ။ ။ ဒီကြားကာလမှာ နိုင်ငံရေး တည်ငြိမ်မှုကို ပြောကြတယ်လေ။ အဲဒီတော့ ဘယ်လို နိုင်ငံရေးတည်ငြိမ်အောင် လုပ်မလဲ။ နောက်ဘယ်သူတွေမှာ တာဝန်ရှိလဲပေါ့နော်။ အစိုးရမှာ တာဝန်ရှိလား။ နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လိုလုပ်သင့်လဲ။ ဒီမှာ ပြဿနာ တွေလည်း ရှိတယ်လေ။ ငြိမ်းချမ်းရေးကိစ္စတွေလည်း ရှိတယ်။ နောက် မွတ်စလင်ကိစ္စတွေ ရှိတယ်။
ဖြေ ။ ။ နှစ်ပိုင်း ပြောချင်တယ်။ အခု ရွေးကောက်ပွဲရလဒ်ကို ကြည့်တဲ့အခါကျတော့ တကယ့် သာမန်ပြည်သူတွေထဲမှာ ခုနလို ပြဿ နာမျိုးတွေ မရှိဘူးလို့ သုံးသပ်လို့ ရတယ်။ ဥပမာ ပဋိပက္ခတွေ မရှိဘူး။ သူတို့လည်း မလိုလားဘူးဆိုတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က။ ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းဆိုတာ မဲမထည့်ဖို့ ပေါ့နော်။ သူ မဲမထည့်ရေးကို ပြောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘာသာရေး အမည်ခံပြီးတော့လေ။
ဒါပေမယ့် ရွေးကောက်ပွဲ ရလဒ်ကို ကြည့်တဲအခါကျတော့ လူအများစုကြီးက အဲဒါတွေကို ဖယ်ပစ်လိုက်တာပဲဗျ။ ဆိုတော့ ဒါတွေကို လုပ် နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာတော့ လူနည်းစုလေးပဲ ဖြစ်လိမ့်မယ်။ ငွေရေးကြေးရေး တစုံတရာ ရှိနိုင်တယ်။ အာဏာ တစုံတ ရာ ရှိနိုင်တယ်။ အဲဒီလို လူနည်းစုလေးကပဲ ဆောင်ရွက်နေပြီးတော့ အဲဒီလူနည်းစုလေးရဲ့ ဆောင်ရွက်မှုကြောင့် ကျနော်တို့ တိုင်းပြည် သိက္ခာ ကျတယ်။ ကျနော်တို့လူမျိုး သိက္ခာကျတယ်။ အဲဒီလို ဖြစ်ခဲ့ရတာလေ။ ဒါက ထားပါတော့။ ကိုယ်ထင်တာကတော့ ဒေါ်အောင် ဆန်းစုကြည်က သူကိုယ်တိုင် အစိုးရကို အားကောင်းကောင်းနဲ့ ဖွဲ့စည်းနိုင်သွားမယ်။ အားကောင်းတဲ့ အစိုးရ ဖြစ်လာလိမ့်မယ်လို့ ကိုယ် ထင်တယ်။ အဲဒါဆိုရင် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းရသိမ်းရတာက ပိုလွယ်တယ်လို့ ကိုယ်ထင်တယ်။ ဒီကြားကာလမှာကတော့ ဒါတွေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းဖို့က လက်ရှိအစိုးရက တာဝန်အရှိဆုံးပဲ ဖြစ်တယ်။
မေး ။ ။ NLD အစိုးရ တက်လာလို့ရှိရင် သူ ဘာစလုပ်သင့်လဲ။
ဖြေ ။ ။ ဘာစလုပ်သင့်လဲဆိုတော့ သူ အုပ်ချုပ်ရေး ယန္တရားတွေ၊ အုပ်ချုပ်ရေး ကိစ္စတွေကို သေသေချာချာ စနစ်တကျ လည်ပတ်နိုင် အောင် ကိစ္စက သူတို့ ဦးဆုံး အာရုံစိုက်ရမယ့် ကိစ္စဖြစ်တယ်လို့ ထင်တယ်။ နိုင်ငံရေးအရကတော့ လုပ်လိမ့်မယ်လို့ ကိုယ်ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စတွေ နောက် ငြိမ်းချမ်းရေး ပတ်သက်တဲ့ကိစ္စတွေ ဒီကိစ္စတွေကို သူတို့ လျင်လျင်မြန်မြန် ဆောင် ရွက်လိမ့်မယ်လို့ ထင်တယ်။ ကျနော် ယူဆတာကတော့ အုပ်ချုပ်ရေး ယန္တရားတခုလုံးက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးတော့ သယ် ဆောင်နိုင်ဖို့ ကိစ္စကို သူတို့ အဓိကအာရုံစိုက်ရမယ့်ကိစ္စ၊ မဖြစ်မနေ အာရုံစိုက်ရမယ့် ကိစ္စက အဲဒါပဲလို့ ကျနော် ထင်တယ်။
မေး ။ ။ အခု အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း လုပ်မလား၊ မလုပ်ဘူးလား။ တပ်မတော်ကလည်း ဒီကိစ္စကို တားထားတော့ အပေးအယူ ဘယ်လောက် လုပ်နိုင်မယ်ထင်လဲ။ ပြင်နိုင်မယ်ထင်လား။ ပြင်ရင်ကော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်လာနိုင်လား။
ဖြေ ။ ။ အဓိကက တပ်နဲ့ဆက်ဆံရေး အရေးကြီးတယ်။ ဖွဲ့စည်းပုံပြင်ရေးကျတော့ လွှတ်တော်အတွင်းမှာလည်း အရေးကြီးတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးမှာလည်း အရေးကြီးတယ်။ နောက်တခုက တိုင်းရင်းသား အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ဖြစ်စဉ်ပေါ့။ အဲဒါကလည်း အရေးကြီးတယ်။ အဲဒါတွေ အကုန်လုံးကို ချိန်ပြီးတော့ လုပ်ဖို့လိုတယ်လို့ ကျနော် ထင်တယ်။
မေး ။ ။ အခု အစိုးရကတော့ ငြိမ်းချမ်းရေး တချို့တဖွဲ့နဲ့ လက်မှတ် ထိုးတယ်။ အခုလည်း Peace Process ကို ဆက်လုပ်နေတော့ နောက်အစိုးရ တက်လို့ ရှိရင်ကော ဒီ Frame က ဒီအတိုင်း ဆက်လုပ်နိုင်လား။ ဒါမှမဟုတ် တမျိုးတမည်နဲ့ NLD ရဲ့ မဟာဗျူဟာတခုနဲ့ ဖြစ်လာဖို့ ထင်လား။
ဖြေ ။ ။ ကိုယ့်အမြင်ကတော့ ဒီငြိမ်းချမ်းရေး Process က သူတို့ ဆက်သယ်ရမှာပဲ။ ဒီ NCA Agreement ပေါ့နော်၊ ဒီ Agreement က အခြေခံအားဖြင့်က လက်ရှိ တိုက်နေတဲ့လူတွေကော၊ လက်ရှိ အပစ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ လူတွေကော အကုန်လုံးက သဘော တူထားတာ။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ သူတို့ ဆက်လုပ်ရမှာပဲ။ ဒါပေမယ့် လုပ်ပုံလုပ်နည်း လုပ်မယ့်ပုံစံကတော့ ပြောင်းကောင်း ပြောင်းနိုင်တယ်။ ဒါပေမယ့်လည်း ဒီအစိုးရအနေနဲ့ ကိုယ်မြင်တာက သူတို့လက်ထက်မှာ တတ်နိုင်သမျှ ဒီကိစ္စနဲ့ပတ်သက်လို့ အုတ်မြစ် ချခဲ့တယ်ဆိုတာ ဖြစ်ချင်တာ။ အဲဒါကို သူတို့ အုတ်မြစ်ချနေတာပဲလို့ ကိုယ်ယူဆတယ်။
တကယ်တမ်း ပြောမယ်ဆို နောက်အစိုးရ တက်ဖို့ဆိုတာ ၃-၄ လပဲ ရှိတော့တာကိုး။ အများကြီး ဘာမှမလုပ်နိုင်တော့ဘူး။ ဒီကာလမှာ သူတို့ သဘောတူညီမှု ရရှိပြီးထားတဲ့ အဖွဲ့အစည်းတချို့နဲ့ ဒါကို အုတ်မြစ်ချဖို့ ကြိုးစားနေတယ်။ သူတို့က အစပြုခဲ့တယ်ဆိုတာကို ကြိုး စားနေတယ်လို့ ကိုယ်ထင်တယ်။ နောက်အစိုးရက ကြိမ်းသေတယ်။ ဆက်သယ်ရမှာပဲ ဒါကို။ သယ်တဲ့နေရာမှာတော့ လက်ရှိ ရှိနေ တဲ့ဟာတွေ ရှိချင်မှ ရှိမှာပေါ့။ နောက်အစိုးရရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ ကိုယ်လည်း ခန့်မှန်းရခက်တယ်လေ။
မေး ။ ။ လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်နေတဲ့ MPC(မြန်မာ့ ငြိမ်းချမ်းရေးစင်တာ)ရဲ့ အနေအထားကို ဘယ်လို မြင်လဲ။
ဖြေ ။ ။ သူတို့လည်း ဖျက်ချင်ဖျက်မှာပဲ။ ပုံစံပြောင်းချင် ပြောင်းမှာပဲလေ။ ဟုတ်တယ်မို့လား၊ ပုံစံပြောင်းရင် ပြောင်းမယ်၊ လူတွေ လဲရင် လဲမယ်။ ဒီတိုင်းဆက်ထားရင် ထားမှာပေါ့။ သို့မဟုတ်ရင် တခုလုံးကို ဖျက်ပစ်ချင် ဖျက်ပစ်မှာပေါ့။ အဲ့ဒါကတော့ နောင်အစိုးရရဲ့ သဘောထားပေါ်မှာ အများကြီးမူတည်မှာပေါ့။
မေး ။ ။ NLD ကတော့ ပြောတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အထွေအထွေ သဟဇာတဖြစ်ရေး၊ အာဃာတ ကင်းစင်ရေး တွေပေါ့။ တဖက်မှာလည်း တပ်က ၅၉(စ) မပြင်ဘူး။ ၄၃၆ မပြင်ဘူးဆိုတော့ တကယ်လို့ ဒီဘက်မှာ NLD က အပြောင်းအလဲ တစုံတရာ လုပ်လိုက်လို့ရှိရင် ပြုပြင်ပြောင်းလဲရေးက တကယ်ဖြစ်မှာလား၊ အောက်ခြေက လူတွေကို စားဝတ်နေရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး၊ အဲဒါမျိုးတွေပေါ့။ NLD ရဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိနိုင်လဲ။
ဖြေ ။ ။ စိန်ခေါ်မှုတွေက ပြောမယ်ဆိုရင် လတ်တလောက တိုင်းပြည်ကို ဒီမိုကရေစီဖြစ်အောင် သွားဖို့ကိစ္စမှာတော့ တပ်နဲ့ သူနဲ့ အများကြီး စကားပြောရမယ်။ တပ်ကို သူဘယ်လောက်အထိ စည်းရုံးနိုင်သလဲ။ ဘယ်လောက်အထိ နားချနိုင်မလဲ။ တပ်ကလည်း ဘယ် လောက်အထိ ပူးပေါင်းဆောင်ရွက်မလဲ။ အဲဒါက အဓိက စိန်ခေါ်မှုပဲလို့ ထင်တယ်။ သို့သော်လည်းပဲ ကိုယ်မြင်တာက အကယ်၍ ငြိမ်း ချမ်းရေး Process ကို အောင်မြင်အောင် ဦးဆောင်နိုင်တယ်ဆိုရင် တပ်ကိုစည်းရုံးရတာ ပိုပြီးတော့ ကောင်းမယ်။ အပြောင်းအလဲအတွက် တပ်ကို မြန်မြန်ပြောင်းအောင် စည်းရုံးဖို့ကိစ္စက ပိုကောင်းလိမ့်မယ်လို့ ကျနော်တော့ ထင်တယ်။ ဒါက တချက်ပေါ့။
အဲဒါက ခုနက ဖွဲ့စည်းပုံ ပြောင်းလဲရေးပေါ့။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရယ်၊ နောက်တခုက တိုင်းပြည်ထဲမှာ အမျိုးသား ပြန်ပြီးတော့ ရင် ကြားစေ့ဖို့၊ ကိုယ့်အမျိုးသား သွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ဖို့ ကိစ္စအတွက်ကိုတော့ အဲဒါအရေးကြီးတယ်လို့ ထင်တယ်။ အဲဒါ မရှိဘဲနဲ့ တိုင်းပြည်ကို အရှိန်အဟုန်နဲ့ ရှေ့တက်အောင်လုပ်ဖို့ မလွယ်ဘူး။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးလာအောင်ပဲ ဖြစ်ဖြစ်၊ တခြားကဏ္ဍ တွေမှာ ဖွံ့ဖြိုးတိုးတက်အောင်ပဲ ဖြစ်ဖြစ်၊ ကိုယ်က မညီညွတ်ဘူးဆိုရင် ရှေ့ဆက်သွားဖို့ ခက်တယ်လို့ ကိုယ်ထင်တယ်။ နောက်တခုက အဓိက စိန်ခေါ်မှုတွေကတော့ လက်တွေ့ပေါ့နော်။ လက်တွေ့ အုပ်ချုပ်ရေး ယန္တရားကို ဗဟိုကနေ အောက်ခြေထိ သေသေချာချာ ကျအောင် ချောချောမွေ့မွေ့ Run နိုင်ဖို့ကိစ္စကတော့ တော်တော်ခက်ခဲမယ့်ကိစ္စ ဖြစ်နိုင်မယ်လို့ ကျနော် ထင်တယ်။
ဘာကြောင့်လဲဆိုတော့ ညွန်ချုပ်အဆင့်ကအစ အတွင်းဝန်အဆင့်က စပြီးတော့ မြို့နယ်အဆင့်အထိက များသောအားဖြင့် တပ်က လူတွေက များတယ်လေ။ အဲဒါကို တဖြည်းဖြည်းနဲ့ အရပ်သား အုပ်ချုပ်ရေးပုံစံ ဖြစ်အောင်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံ ဖြစ်အောင် ပြန်ပြီးပြောင်းဖို့ဆိုတာကတော့ အချိန်နည်းနည်း ယူရမယ်လို့ ထင်တယ်။ အဲဒီမှာတော့ စိန်ခေါ်မှု ကြီးကြီးမားမား တွေ့မယ်။ စီးပွားရေး ကတော့ ကောင်းလာမယ့် လက္ခဏာရှိတယ်။ သူ စတက်ပြီးဆိုတာနဲ့ ဒေါ်လာဈေး ဘာညာက စကျပြီလို့ ထင်တယ်။ ကိုယ့်အထင် ပေါ့နော်။ investment ကလည်း ပိုပြီး ဝင်လာနိုင်တယ်။ တိုးတက်မှုကိုတော့ နည်းနည်း မြင်ရနိုင်တယ်လို့ ထင်တယ်။ ဒါပေမယ့် တည်ငြိမ်တဲ့ တည်တံ့တဲ့ တိုးတက်မှုဖြစ်အောင် စီစဉ်ဖို့က တပိုင်းပေါ့နော်။ ဒါပေမယ့် စီးပွားရေးကတော့ ကောင်းလာမယ့် လက္ခဏာ ရှိတယ်လို့ ကျနော်တော့ အဲလိုပဲ ယေဘုယျ ယူဆတယ်။
မေး ။ ။ ကျနော်တို့ နိုင်ငံမှာ ယဉ်ကျေးမှုလို အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးတွေ အဲဒါကျတော့ တရားဥပဒေ စိုးမိုးမှု ရှိဖို့ကျတော့ NLD အနေနဲ့ ဘယ်လောက် လုပ်နိုင်မယ်လို့ထင်လဲ။
ဖြေ ။ ။ အဲဒါက ၄-၅ နှစ်နဲ့ လုပ်လို့တော့ မရဘူး။ အဲဒီကိစ္စက တို့တိုင်းပြည်က တော်တော်ပြဿနာ ရှိနေတယ်။ လူတွေရဲ့ တွေးတာ ခေါ်တာ၊ နေတာထိုင်တာ၊ သွားတာလာတာ၊ ဓလေ့စရိုက်တွေကအစ ယဉ်ကျေးမှုလိုတောင် ဖြစ်နေတယ်လေ။ အဲဒါကြီး ပြန်ပြင်ဖို့ ဆို တာက အစိုးရသက်တမ်း တခုလောက်နဲ့ မလွယ်ဘူး။ ရေရှည်လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ အဲဒီအတွက် ဒါကြီးက ဆက်ရှိနေဦးမယ်လို့ ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါကို တရားဥပဒေ စိုးမိုးမှုရှိအောင် သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်တာက တပိုင်း၊ ဒါက တော့ သူတို့လုပ်မှာပဲ။ ဒါပေမယ့် ဒါကြီးကို ချက်ချင်းကြီး ဝုန်းဒိုင်းပြောင်းဖို့ဆိုတာတော့ မလွယ်ဘူးလို့ ကျနော် ထင်တယ်။
မေး ။ ။ နောက်တချက် ကျနော်တို့နိုင်ငံက ပထဝီအနေအထားအရ အချက်အချာ ကျတယ်ပေါ့။ အင်အားကြီးနိုင်ငံတွေကြားမှာ ရှိတယ်ဆိုတော့။ အရင်တုန်းကတော့ စစ်အစိုးရ အဆက်ဆက်က တရုတ်ကို အားကိုးခဲ့တယ်လေ။ NLD တက်လာတဲ့ အချိန်ကျရင် တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ဘယ်လိုမြင်လဲ၊ ပိုကောင်းလာနိုင်သလား။
ဖြေ ။ ။ အခုအနေအထားအရတော့ တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးက ကောင်းတယ်လို့ ပြောလို့ရတာပဲ။ ဘာ ကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ကို သွားတယ်။ တကယ့်ခေါင်းဆောင်တယောက်ကို ကြိုဆိုသလို ကြိုဆိုတာ။ သူတို့ ဆီက ထိပ်သီးခေါင်းဆောင်တွေ အကုန်လုံးလိုလိုနဲ့တွေ့တာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို တရုတ်နိုင်ငံက တော်တော် အလေးထားတယ်လို့ ကျနော် ထင်တယ်။ အဲဒီအတွက် တရုတ်နဲ့ ဆက်ဆံရေးက ပြေလည်မယ်လို့ ကျနော် ယူဆပါတယ်။ ထို့ နည်းတူပဲ ကိုယ်ထင်တာကတော့ အနောက်အုပ်စုတွေနဲ့ ဆက်ဆံရေးက ပြေလည်ပြီးသား ဖြစ်တယ်လေ။ တိုင်းပြည်ကလည်း အဆက် ဆက် နိုင်ငံတကာကိစ္စ အထူးသဖြင့် ဒီနိုင်ငံကြီးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကျနော်တို့ လွတ်လပ်ရေး ရပြီးကတည်းက လွတ်လပ် ပြီး တက်ကြွတဲ့ပုံစံပဲ တို့ရပ်ခဲ့တာ။ အဲဒါကိုပဲ ဆက်ထိန်းမယ်လို့ ကျနော် ထင်တယ်။ တရုတ်ဆိုရင် အိမ်နီးနားချင်းတွေ သူ ခဏခဏ ပြောဖူးပါတယ်။ ဒါကြီးကို ရွေ့သွားလို့မှမရတာ ဟုတ်တယ်မို့လား။ သူတို့နဲ့ ပြေလည်မှဖြစ်မှာ။ နောက် ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးဖို့ အတွက် က အနောက်နိုင်ငံတွေရဲ့ အကူအညီ၊ အမေရိကန်နိုင်ငံရဲ့ အကူအညီတို့တွေ လိုအပ်တာပဲလေ။ ဆိုတော့ နိုင်ငံအသီးသီးနဲ့ ပြေလည် နိုင်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ ယုံကြည်တယ်။
မေး ။ ။ NLD နဲ့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးက ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူပြောထားတာ ရှိတယ်လေ။ အမျိုးသား ရင်ကြားစေ့ရေး အစိုးရ ပေါ့နော်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ။ အဲဒါကို သူပြောထားတာ ရှိတယ်။ လက်ရှိ အစိုးရအဖွဲ့ကို သူတို့ဖွဲ့မယ့် အစိုးရ အဖွဲ့ကို အဲဒီလို တိုင်းရင်းသား ခေါင်းဆောင်တွေပါ ပါပြီးတော့ ဖွဲ့မယ်ဆိုရင်တော့ အခြေအနေကောင်းမယ်လို့ ထင်တယ်။ ပိုပြီးတော့ လည်း တည်တည်ငြိမ်ငြိမ်နဲ့ အုပ်ချုပ်နိုင်မယ်။ နောက်တခုက ငြိမ်းချမ်းရေး Process ကိုလည်းပဲ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေက အများကြီး အကူအညီပေးနိုင်တယ်။ ဦးခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်။ ဦးအေးသာအောင်လို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်။ တိုင်းရင်း သားတွေထဲမှာ ရှိနိုင်သေးတယ်။ အကယ်၍များ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းမယ်ဆိုရင် အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေပါပြီး ဖွဲ့စည်းမယ်ဆိုရင် ကိုယ့်အမြင်ကတော့ အရမ်းလှတယ်လို့ ကိုယ်မြင်တယ်။ နောက်တခုက ပိုပြီးတော့ သိက္ခာရှိရှိ၊ တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်တခုလုံးကို ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေး Process ကိုလည်း ဒီလိုပုဂ္ဂိုလ်မျိုးတွေက အများကြီး အကူအညီပေးနိုင်လိမ့်မယ်။
မေး ။ ။ ကိုအောင်မိုးဇော်တို့ ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ ။ ကိုယ်တို့က မဟာမိတ်တွေပဲ၊ စည်းတခုတည်းကြားမှာ ရှိတယ်။ အကုန်လုံး အဝန်းအဝိုင်းတခုထဲမှာပဲ။ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ထဲမှာပဲ ကိုယ်တို့ ရှိနေတုန်းပဲ။ အဲဒီအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲဖြစ်ဖြစ် ကိုယ့်တို့ရဲ့ မဟာမိတ်လို့ပဲ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆို ပိုထင်ရှားသွားတာက အခုရွေးကောက်ပွဲမှာ သူက လူထုခေါင်းဆောင်ဖြစ်တယ်ဆိုတာကို ထပ်ပြီးတော့ အသိ အမှတ်ပြုပေးတာ။ နောက်တခုက အရေးကြီးတာတခုက ခုနက အစ်ကိုပြောခဲ့သလို ကိုယ်တို့တိုင်းပြည်က ဒီမိုကရေစီ မဖြစ်သေးဘူး။
ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဦးဆောင်ပြီး ကြိုးစားရမှာ ဒေါ်အောင်ဆန်းစုကြည်။ အဲဒီလို ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေ တွေ့ ကောင်း တွေ့နိုင်တယ်။ အဖုအထစ်တွေ တွေ့ကောင်း တွေ့နိုင်တယ်။ အဲဒီလိုကိစ္စတွေမှာကျရင် ကိုယ်တို့ ဝိုင်းပြီးတော့ လက်တွဲပြီးတော့ ဖြေရှင်းနိုင်ဖို့ လိုတယ်။ ဝိုင်းပြီးတော့ ဝန်းရံနိုင်ဖို့ လိုတယ်။ လက်တွဲပြီးတော့ ဆောင်ရွက်နိုင်ဖို့ လိုတယ်လို့ ကိုယ်မြင်တယ်။ ဒီမိုကရေစီ နိုင်ငံကို ကျနော်တို့ မရောက်သေးဘူး။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးဘူး။ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အထိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ အဲဒီခရီးက ကျန်သေးတယ်။ လမ်းမှာ တို့ဘာအခက်အခဲတွေ တွေ့ရ မလဲဆိုတာ မသိသေးဘူး။ ဘာပဲပြောပြော ကိုယ်တို့တွေဟာ မဟာမိတ်တွေဖြစ်တယ်ဆိုတာကို ခိုင်မာထားဖို့ လိုတယ်။ အခက် အခဲတိုင်းမှာ အတူတကွ ရှိနေဖို့၊ အတူတကွ ရပ်တည်နိုင်ဖို့ လိုတယ်လို့ ကျနော်တော့ အဲဒီလို ထင်တယ်။