ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် စားသောက်ဆိုင်အကူအဖြစ် လုပ်ကိုင်နေသည့် အသက်မပြည့်သေးသော ကလေး အလုပ် သမား တဦးကို ဆိုင်ရှင်ဖြစ်သူက ရိုက်နှက် နှိပ်စက်ခဲ့သည့်အပေါ် သက်ဆိုင်ရာတရားရုံးသို့ တိုင်တန်းထားကြောင်း သိရသည်။
နိုဝင်ဘာလအတွင်းက စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ဦး ဆိုသူက အသက် ၁၂ နှစ်အရွယ် မောင်ချစ်မင်းကို အမည်ရှိ ကလေး အလုပ်သမားကို ငွေကျပ် ၃၀၀ ခိုးယူသည်ဟု စွပ်စွဲ၍ ကြိမ်လုံးဖြင့် ရိုက်နှက်ခဲ့မှုကြောင့် မောင်ချစ်မင်းကို၏ ခြေထောက်၊ ပေါင်နှင့် လက်များတွင် ညိုမည်းစွဲဒဏ်ရာ အများအပြားရရှိခဲ့ပြီး ဆေးကုသမှုခံယူရသဖြင့် တိုင်တန်းရခြင်း ဖြစ်ကြောင်း မောင်ချစ်မင်းကို၏ ဦးလေး တော်စပ်သူ ဦးမင်းမင်းစိုးက ဧရာဝတီကို ပြောပြသည်။
“ကျနော်တို့က ကျေအေးပေးချင်လို့ ရဲစခန်းမှာတောင် ဆိုင်ရှင်ဖြစ်သူနဲ့ ညှိတယ်။ ဒါပေမယ့် သူတို့က ဆေးတလုံးတောင် မဝယ်ပေးနိုင်ဘူး။ တမင်သက်သက် အရိုက်ခံပြီး အလျော်တောင်းတယ်လို့ ပြောတယ်။ ကြိုက်တဲ့နေရာမှာ တိုင်၊ သူတို့ကလည်း ငွေ ၃၀၀ ကျပ် ခိုးလို့ အမှုဖွင့်မယ် ပြောတယ်။ ကလေးကိုရိုက်တာ ကြိမ်လုံး၂ လုံး ကုန်တယ်။ အရင်ကလည်း ခဏခဏရိုက်တယ်။ အခုတော့ ဆေးရုံက ဆင်းလာပါပြီ”ဟု ၎င်းက ပြောသည်။
မောင်ချစ်မင်းကိုသည် ဖခင်ဆုံးပါးသွားပြီး မိခင်သည်လည်း စားဝတ်နေရေးအတွက် တိုက်ကြီးမြို့နယ်တွင် အလုပ် လုပ်နေရကြောင်း၊ ရိုက်နှက်သည့် ဆိုင်ပိုင်ရှင်၏ စားသောက်ဆိုင်တွင် လခမရဘဲ ထမင်းကျွေး၊ နေစရာပေးထားသည့် သဘောမျိုးဖြင့် ဆိုင်အကူ လုပ် ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုအမှုဖြစ်စဉ်အား လက်ပံတန်းမြို့နယ် ရဲစခန်းတွင် ရဲအရေးမပိုင်သည့် ကိစ္စဖြစ်၍ အမှုဖွင့်မရဟုဆိုသဖြင့် ကာယကံရှင်မိသားစုက လက်ပံတန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၁၅၃၆ ဖြင့် အမှုကို လက်ခံထားပြီး တရားလိုကို စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဦးမင်းမင်းစိုးက ပြောသည်။
အလားတူ နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော် ၏ နေအိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၈ နှစ်အရွယ် ကလေးငယ် မစုဝေကို အဝတ်အစားများချွတ်ပြီး ကြိုးဖြင့် တုပ်၍ ရိုက်နှက်နှိပ်စက်ခဲ့သည့် အိမ်အကူဖြစ်သူ ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့နယ် ရဲစခန်းက ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် အရေးယူထားသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကလေးသူငယ်များအား ညှဉ်းပန်း ရိုက်နှက်ခဲ့သည့် အမှုဖြစ်စဉ်များ ဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး ရှိ ဆရာဝန်လင်မယား၏ ရိုက်နှက်နှိပ်စက်ခံရသည့် အိမ်အကူကလေးငယ်အမှု၊ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ဆရာဝန် လင် မယား နှင့် မိသားစု၏ ရိုက်နှက်ခံရသည့် အိမ်အကူကလေးငယ်အမှု၊ ဧရာဝတီတိုင်းဒေသ ကြီး အတွင်းရှိ အနုပညာရှင် တဦး၏ နေ အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရာမှ နှိပ်စက်ခံရသူ ကလေးငယ်အမှု စသည့် အသက်မပြည့်သေးသော အိမ်အကူများ၏ အမှုဖြစ် စဉ်များသည် နှစ်ချီကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာက တရားစွဲဆို စုံးစမ်း စစ်ဆေးဆဲ အဆင့်တွင်သာ ရှိနေပြီး အရေးယူမှု တစုံတရာ မရှိသေးကြောင်း သိရသည်။