၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကြောင့် ကရင် တိုင်းရင်းသားပါတီ ၅ ခုမှာ ပြန်လည် ပေါင်းစည်းရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်တိုင်းရင်းသား ပါတီ ၅ ခု ဖြစ်သည့် ကရင်ပြည်သူ့ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည် နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုတက်ရေးပါတီနှင့် ကရင်အမျိုးသားပါတီတို့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှှူး ဦးစောစေးဝါးက“တပါတီတည်း ပေါင်းစည်းနိုင်ဖို့အထိ ကြိုးစားနေတယ်။ ပြည်သူတွေ ကလည်း ဒါမျိုးကို လိုချင်ကြတယ်။ အခုပါတီက များနေတော့ လူတွေကဘယ်သူ့ကို ပေးရမှန်းမသိ ဖြစ်သွားတယ်”ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပါတီအားလုံး ရှုံးနိမ့်ခဲ့ခြင်းသည် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ အပြောင်းအလဲအတွက် လူထုအနေ ဖြင့် ကရင်ပါတီများအပေါ် ယုံကြည်မှု နည်းပါးခြင်း၊ မဲဆန္ဒနယ်အတွင်း ကိုယ်စားလှယ်လောင်းအချင်းချင်းပြိုင်ရခြင်း မဟုတ်ဘဲ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယှဉ်ပြိုင်ခဲ့ရခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုတိယ ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။
မန်းအောင်ပြည်စိုးက“ကျနော်တို့ ပေါင်းစည်းဖို့က ဆွေးနွေးပွဲအဆင့်မှာပဲပေါ့။ ကျနော်တို့ ပါတီတွေ စထောင်ကတည်းက ရှင်သန် ကြီးထွားအောင် ဘယ်လိုရပ်တည်မယ်ဆိုတဲ့ မူက ရှိပြီးသားပဲ။ ကရင်လူထုကို နည်းနည်းလေး စိတ်ရှည်ပေးကြပါ။ ကျနော်တို့ ကြိုးစားနေပါတယ်လို့ ပြောချင်တယ်”ဟု ပြောသည်။
ကရင်ပါတီများ အနေဖြင့် ပါတီပေါင်းစည်းရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်မှာ ကရင်ပါတီများ ပေါင်းစည်းနိုင်ရေးအတွက် အဖြေဖြစ်ပြီး ကရင်လူထုမှာလည်း ပေါင်းစည်းရေးကို တောင်း ဆိုမှုရှိနေပြီ ဖြစ်သည့်အတွက် ပါတီစုစည်းနိုင်ရေး လိုအပ်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးစောသန်းမြကလည်း ဧရာဝတီသို့ ပြောသည်။