၂၀၁၁-၂၀၁၂ ကစပြီး ပြောင်းလဲခဲ့တဲ့ မြန်မာ့အလှည့်အပြောင်းမှာ ကြိုးဆွဲသူကြီးကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေပဲလို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ လက်ဖက်ရည်ဝိုင်းထဲ မုန်တိုင်းဝင်တိုက်တိုင်း သူ့ကိုထည့်ပြီး ဆွေးနွေးတာ တွေ့ရကြားရတတ်ပါတယ်။
အခု ရွေးကောက်ပွဲ ပြီးမြောက်ကာလ (Post-election period) မှာလည်း ဦးသန်းရွှေရဲ့ သွေးခုန်နှုန်း ဘယ်လိုရှိနေလဲ ဆိုတာကို ဆွေးနွေး ငြင်းခုန်နေကြတာ တွေ့ရပါတယ်။ ဒါပေမယ့် အခိုင်အမာ Solid ဖြစ်တဲ့ အခြေခံတိကျတဲ့ သတင်း အချက်အလက်တွေပေါ်မှာ ချပြီး ဆွေးနွေးသုံးတာကြမျိုးတော့ မဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်က သွားရောက်တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အကျယ်ချဲ့ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒါဟာ ဦးသန်းရွှေက လွှတ်လိုက်တာလား၊ နေရွှေသွေးအောင်ရဲ့ ကိုယ်ပိုင်တဦးတည်း ဆုံးဖြတ်ချက်လား၊ ဘာသဘောကို ဆောင်သလဲ၊ နိုင်ငံရေးအတိတ်စိမ်း၊ နိမိတ်စိမ်းတွေကို သုတေသီတွေရော၊ သုခမိန် ဟုတ်သူ၊ မဟုတ်သူတွေရော ဆွေးနွေးကြပါတယ်။
ကောလာဟလ တခုကတော့ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ် စက်တင်ဘာ ကတည်းက တွေ့ဆုံခဲ့ကြဖူးသူတွေ ဖြစ်တယ်။ နောက်ထပ် ၂၀၀ဝ ဝန်းကျင်မှာ တကြိမ်၊ ၂၀၀၂ မှာ တကြိမ်တွေ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲတွေဟာ နိုင်ငံရေးအရ ဘာမှလေးနက်တဲ့၊ တိုင်းပြည်အတွက် အဖြေရှာတဲ့ ဆွေးနွေးပွဲတွေ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ဖိအားတွေကို ဖော့ထုတ် ဖြေထုတ်တဲ့ ပွဲတွေပဲလို့ သုံးသပ်ခဲ့ကြပါတယ်။
ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ဆီကို သံလွင်ခက် ပို့တယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အကူးအပြောင်းဟာ ချော့မွေ့နိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
လက်ရှိ အခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုနိုင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (တဖြစ်လဲ ကြံ့ခိုင်ရေးအသင်း) အကြီးအကျယ် ရှုံးပြီးနောက်ပိုင်း ကြံ့ခိုင်ရေးအသင်း နာယက ဖြစ်ခဲ့ဖူးသူ၊ နောက်ကွယ်မှာ သြဇာအာဏာ ဆက်ရှိနေတယ်လို့ ယူဆကြတဲ့ အငြိမ်းစား မင်းတြားကြီးဟာ တိုင်းပြည် နောက်တကွေ့ ဆက်တက်မယ့် အလှည့်အပြောင်းကို ငြင်ငြင်သာသာ သွားစေချင်တာလား စတဲ့ မေးခွန်းတွေတော့ တပုံတပင်ပါပဲ။
သေချာတဲ့အချက်ကတော့ ဦးသန်းရွှေ ချခဲ့တဲ့ လမ်းပြမြေပုံနဲ့ ၂၀၁၀ နောက်ပိုင်း အခင်းအကျင်းဟာ ပုံပျက်သွားပြီ ဆိုတာပဲ ဖြစ်ပါတယ်။
ဦးသိန်းစိန်ကို သမ္မတခန့်တယ်၊ တိုင်းပြည်တံခါး ပွင့်သွားတယ်။ ဒါပေမယ့် ဦးသိန်းစိန်နဲ့ သူ့ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး (ဒု သမ္မတ ရာထူးက ရုတ်တရက် နုတ်ထွက်သွားသူ) အကွဲအပြဲဖြစ်တယ်။ ဒုတိယအနေနဲ့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ၊ သန်းခေါင်ယံ စစ်ဆင်ရေးနဲ့ ရုပ်ဆိုးအကျည်းတန်စွာ အဆုံးသတ်ခဲ့တယ်။ အားကိုးရတဲ့ တပည့်ဟောင်း ဦးအောင်သောင်း ဆုံးပါးသွားခဲ့တယ်။
နောက်ဆုံး အချက်ကတော့ ကြံ့ခိုင်ရေးပါတီဟာ ခွက်ခွက်လန် ရှုံးခဲ့တယ်။ ဦးသိန်းစိန် အစိုးရကို မြန်မာပြည်သူလူထုက မထောက်ခံဘူးဆိုတာကို ရွေးကောက်ပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းသေဝပ်စွာ ပြသခဲ့ပါတယ်။
ဒီနေရာမှာ အရင်က တပ်မတော်မှာရော၊ စစ်အစိုးရမှာပါ ရာထူးအကြီးကြီးတခုကို ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းရဲ့ အခန်းကဏ္ဍက ပြန်ပေါ်လာပါတယ်။
ဦးရွှေမန်းနဲ့ ဦးသန်းရွှေရဲ့ ဆက်ဆံရေးဟာ မကောင်းခဲ့ဘူးလို့ ယေဘုယျ သိထားကြပါတယ်။ တပ်ချုပ်ရာထူး၊ သမ္မတရာထူးတွေကို ချိန်ပြီး ရည်မှန်းချက်ကြီးခဲ့ဖူးတဲ့ ဦးရွှေမန်းကို ဦးသန်းရွှေ ဘက်ကတော့ ဖြုတ်ခဲ့လို့ နှစ်ဖက်အကြား ဆက်ဆံရေးတွေ ပျက်ခဲ့တာလို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း သန်းခေါင်ယံ အာဏာသိမ်းပွဲမှာ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍကို သတင်းစာတွေက ပြည်တွင်း ပြည်ပမှာ ပြန်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ ပြည်ထဲရေး ခေါင်းဆောင်ပိုင်းဟာ ဦးရွှေမန်းကို တညီတညွတ်တည်း ဝိုင်းအုပ်လိုက်ကြတယ်လို့ သုံးသပ်ပါတယ် (ဒါတွေက တွေးထင်ချက်တွေလည်း ပါသလို၊ အချက်အလက်တွေ အပေါ်မှာ အခြေခံတာတွေလည်း ရှိပါတယ်)။
ရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးရွှေမန်းနဲ့ ပထမဆုံးအကြိမ် တွေ့တယ်။ နောက်တကြိမ် ထပ်တွေ့တယ်။ ပါတီတွင်း သန်းခေါင်ယံ အာဏာသိမ်းပွဲအပြီး ဦးရွှေမန်းဟာ နိုင်ငံရေးသေသွားတာ မတွေ့ရဘဲ ပြန်ထွက်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် ဦးရွှေမန်းဟာ ဦးသန်းရွှေကို ရွေးကောက်ပွဲအလွန်ကာလမှာ သွားတွေ့ခဲ့သလား။ တွေ့ခဲ့ရင်လည်း အရင်ပုံစံမျိုး မဟုတ်ဘဲ (သီတင်းကျွတ်လို မြန်မာ့ ဘာသာရေး ထုံးစံအတိုင်း၊ တပ်ရဲ့ အစဉ်အလာအတိုင်း သွားရောက်ပြီး) အသေအချာ အရိုအသေပေးပြီး အောက်ကနေ ပြန်ဝင်ခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားပါပြီ။
မင်းတြားကြီးဟာ သူ့ရဲ့ မိသားစုနဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နောက်ဆုံးအချိန်ကို စိုးရိမ်မယ်ဆိုရင် သဘာဝကျပါတယ်။ (ဦးနေဝင်း၊ ဦးခင်ညွန့်တို့လို အရှိန်အဝါကြီးမားသူတွေရဲ့ နိုင်ငံရေးအသေထွက် ထွက်ခဲ့ပုံကို ပြန်ကြည့်ပါ။)
ဒါကြောင့် နဝတ၊ နအဖ ခေတ် တလျှောက်လုံး “ကျနော်က နိုင်ငံရေး တာဝန်ယူမယ်၊ ကိုအေးက စစ်ရေးတာဝန်ယူ” ဆိုပြီး အလုပ်လုပ်ခဲ့တဲ့ မင်းကြားကြီးဟာ ဒီတကွေ့မှာလည်း သူ့ရဲ့ထွက်ပေါက်ကို ထပ်ရှာရမှာ ဖြစ်ပါတယ်။ ဒီထွက်ပေါက်ကတော့ တိုင်းပြည်အတွက်ရော သူ့အတွက်ပါ နိုင်ငံရေးအရ အသက်ရှုပေါက်ချောင်ချောင်နဲ့ လည်ပင်းကို ကြိုးကွင်းအစွပ် မခံရဘဲ သတ္တိရှိရှိနဲ့ လက်ခုပ်သံယူပြီး ထွက်တဲ့နည်းဖြစ်ဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။