ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့ရှိ ကုန်းတော် ဘုန်းကြီးကျောင်းမှ သံဃာတော် ၄ ပါးသည် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း က ရေခပ်ရန် ချောင်းသို့သွားစဉ် ချောင်းအနီး၌ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထိုမြေမြှုပ်မိုင်း ပေါက်ကွဲသည့် နေရာသည် အမှတ် (၂) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် (စကခ)နှင့် နားနေလျန် ကျေးရွာရှိ တပ် ဧရိယာ ကြားတွင် ဖြစ်ကြောင်း၊ ရေခပ်ဆင်းသွားစဉ် မြေမြှုပ်မိုင်း နင်းမိ ပေါက်ကွဲမှုကြောင့် ဦးပဉ္စင်း ၁ ပါးနှင့် ကိုရင် ၃ ပါး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း၊ ထို မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ဆေးဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲ တပ်ဖွဲ့မှ ဒုရဲမှူးဆန်းလွင် က ပြောပြသည်။
“မိုင်းနင်းမိပြီး အရင်ဆုံး မိုင်းနောင် ဆေးရုံကို ပို့လိုက်တယ်။ ပြီးတော့ ဦးပဉ္စင်းနဲ့ ကိုရင် ၂ ပါးကို လွိုင်လင်ပို့ခဲ့တယ်။ ၁ ပါးက မိုင်းနောင် မှာ ကုပါတယ်။ လွိုင်လင်ကို ပို့ခဲ့တဲ့ ဦးပဉ္စင်းနဲ့ ကိုရင် ၂ ပါးကို အောင်ပန်း တပ်မတော် စစ်ဆေးရုံ ခုတင် ၇၀၀ ကို ဒီနေ့မနက် ပို့ပြီး ကုသလျက် ရှိပါတယ်”ဟု ဒုရဲမှူး ဆန်းလွင်က ဧရာဝတီကို ပြောသည်။
အောင်ပန်းမြို့ တပ်မတော် စစ်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသည့် သံဃာတော် ၃ ပါးကို တပ်မတော် စစ်ဆေးရုံက ကုန်ကျခံ ကုသပေးလျက်ရှိကြောင်း၊ ဒေသခံများ သွားလာသည့်အခါ မြေမြှုပ်မိုင်း အန္တရာယ် ရှိနိုင်ကြောင်းလည်း ၎င်းက သတိပေး ပြောဆို သည်။
မိုင်းနောင်မြို့ခံ ဦးလှဆွေသိန်း ကလည်း“မနေ့က ညနေပိုင်းက သံဃာတော် ၄ ပါး ရေချိုး၊ ရေခပ်ဖို့ ချောင်းဘက် သွားနေချိန်မှာ မိုင်းနင်းမိတယ်။ မိုင်းသံက တော်တော်ကျယ်တယ်။ သံဃာ ၃ ပါးကတော့ ဒဏ်ရာ တော်တော်ပြင်းတယ်”ဟု ဧရာဝတီကို ပြော သည်။
ယခုအချိန်သည် လယ်ယာသိမ်းချိန် ဖြစ်သည့်အတွက် ဒေသခံလယ်သမားများက မြေမြှုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ်နေကြပြီး လယ်ယာ လုပ်ငန်းခွင်သို့ သွားရမည်ကို ကြောက်ရွံ့နေကြကြောင်း မိုင်းနောင်ဒေသခံများက ပြောဆိုကြသည်။
သံဃာတော် ၄ ပါး မြေမြှုပ်မိုင်းနင်းမိသည့် နေရာသည် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) နှင့် အစိုးရ တပ်မတော် အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် နေရာတခုလည်း ဖြစ်သည်။
SSPP/SSA နှင့် အစိုးရတပ်မတော်တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်ပြီး ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်း ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုင်းရှူးမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေရကြောင်း သိရသည်။