Human Rights

ဖမ်းဆီးခံ ကျောင်းသား ၈ ဦး ကျန်းမာရေးစစ်ဆေးရန် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း

This article has been converted from Zawgyi One to Unicode

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ကျောင်းသားများနှင့် ဝန်းရံသူများထဲမှ ၈ ဦးကို ကျန်းမာရေး စစ်ဆေးရန်နှင့် လိုအပ်ပါက ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ကျောင်းသားများနှင့် ဝန်းရံသူများအား ယနေ့သာယာဝတီ တရားရုံး၌ ရုံးထုတ်စစ်ဆေးမှု အပြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူ ၈ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တိုက်ရိုက် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သူများမှာ ဦးခင်မောင်ဝင်း၊ ကိုမင်းမင်းဇော်၊ ကိုဘိုဘိုမျိုး၊ ကိုမျိုးထက်ပိုင်၊ ကိုတေဇာထွဋ်၊ ကိုဝေယံထွန်း၊ ကိုကျော်စွာလင်းနှင့် မဟန်နီဦးတို့ ဖြစ်ကြသည်။

“သာယာဝတီဆေးရုံမှာ ကျန်းမာရေး စစ်ဆေးတာ မလုံလောက်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့တာလို့ ပြောရမယ်။ အရင်ကတည်းက ကျမတို့က စစ်ဆေးဖို့ပြောနေတာကို သူတို့ဘက်က လုံလောက်ပြီပဲပြောတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အပြင်ဆရာဝန်ခေါ် စစ်လိုက်မှ ကလေးတွေမှာ တဦးကို ရောဂါသုံးမျိုးလောက် ဖြစ်နေကြတယ်။ အရင်က အရိုက်ခံရတဲ့ အခြေအနေတွေလဲ ပါတာပေါ့” ဟု ဖမ်းဆီးခံထားရသူ ကျောင်းသားတဦးဖြစ်သည့် ကိုမင်းသွေးသစ် မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုက ဧရာဝတီကို ပြောသည်။

သာယာဝတီ အကျဉ်းထောင်တွင် ကျန်ရစ်ခဲ့သည့် ကိုမင်းသွေးသစ်နှင့် ကိုထိန်လင်းအောင်တို့ကို လည်ပင်း ဓာတ်မှန်ရိုက်ရန် ဆရာဝန်က ညွှန်ကြားထားသည့်အတွက် ယနေ့တွင် ဓာတ်မှန်ရိုက်ခဲ့ကြောင်းနှင့် ဆေးရုံသို့ တင်ပို့ထားသည့် ကျောင်းသားများ၏ အခြေအနေအား ဆေးစစ်မှုအပြီးတွင် အသေးစိတ် သိနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်ခင်ယုက ဆက်ပြောသည်။

ကျောင်းသားများတွင် တီဘီအကျိတ် ဖြစ်ပေါ်နေခြင်း၊ အစာအိမ်ရောဂါ ဖြစ်ပွားနေခြင်း၊ အရေပြားရောဂါ ဖြစ်ပွားနေခြင်း၊ ကိုယ်တခြမ်း ထုံကျဉ်နေခြင်းစသည့် ကျန်းမာရေးအခြေအနေ စစ်ဆေးတွေ့ရှိရပြီး ဖမ်းဆီးခံ ကျောင်းသားတဦးတွင် အသည်းရောင်ရောဂါ “ စီ ” ပိုး ရှိသည်ကို တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လက်ပံတန်းမြို့အထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်ပြီး သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေး ခံနေရဆဲ ဖြစ်သည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၅၀ ဦးကို ယနေ့အထိ ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ကြောင်းနှင့် ကျောင်းသားများ၏ အမှုရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၈ ရက်တွင် ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။

Loading