ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင် လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်း ကုန်ဆုံးတော့မည့် အလုပ် သမားများ သက်တမ်း တိုးရေးအတွက် နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်း အဖြေရှာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တသန်းကျော်ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း ၄ နှစ် ဗီဇာ သက်တမ်းရှိ ယာယီနိုင်ငံ ကူး လက်မှတ်များ ထုတ်ပေးခဲ့သည်။
၄ နှစ် သက်တမ်း ကုန်ဆုံးသွားသူများကို ဆက်လက် နေထိုင် လုပ်ကိုင်ခွင့်ရရန် နောက်ထပ် နှစ်တိုးပေးခဲ့၍ စုစုပေါင်း ၆ နှစ်အထိ နေ ထိုင်ခွင့်ရရှိထားကြသည်။
၎င်းတို့အနက် ၂၀၀၉ ခုနှစ်မှ ထုတ်ပေးခဲ့သည့် ယာယီနိုင်ငံကူး လက်မှတ်ရရှိထားသူများသည် ယခု ဒီဇင်ဘာလတွင် သက်တမ်း ကုန် ဆုံးတော့မည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၁၃ ခုနှစ်အတွင်း လက်မှတ်ရရှိထားသူများမှာလည်း ၄ နှစ် သက်တမ်း ကုန်ဆုံးကြတော့မည် ဖြစ်၍ အလုပ်သမားအများစုသည် စိုးရိမ်မှုများ ဖြစ်နေကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဧရာဝတီ ကို ပြောသည်။
ထိုင်း-မြန်မာ အလုပ်သမား ဝန်ကြီးဌာများမှ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို နေပြည်တော်၌ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက် အထိ ပြုလုပ်၍ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး၊ ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ ဆက်လက် နေ ထိုင် လုပ်ကိုင်နိုင်ရေးတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် ကလည်း ဧရာဝတီ ကို ပြောပြသည်။
ဦးဝင်းမောင်က “ရွှေ့ပြောင်း အလုပ်သမား ကိစ္စကို အလေးထားဆွေးနွေးမယ်၊ အဓိကတော့ ၆ နှစ် ဗီဇာ သက်တမ်း ကုန်တော့မယ့် သူတွေရဲ့ ကိစ္စ ဆွေးနွေးမယ်၊ သက်တမ်းကုန်မယ့် အလုပ်သမားတွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့လည်း ကျနော်တို့ ညှိနှိုင်းမှာပါ”ဟု ဆိုသည်။
ထိုင်းနိုင်ငံ တဝန်း၌ မြန်မာ အလုပ်သမား သန်းနှင့်ချီ၍ ဗီဇာသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ ၎င်းတို့၏ ဗီဇာ သက်တမ်း တိုးရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရများက အကြောင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိ၍ ယင်းကိစ္စကို ဆောင်ရွက်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာနများသို့ စာရေး အကြောင်းကြားထားကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
ဦးအောင်ကျော်က “ဒီလထဲမှာ ဗီဇာသက်တမ်း ကုန်ဆုံးတော့မယ့်သူတွေ အများကြီးရှိနေတယ်၊ ဒါပေမယ့် နှစ်နိုင်ငံ အစိုးရတွေက အခုချိန်ထိ ဘာမှပြောဆိုတာ မရှိသေးဘူး၊ အဓိကတော့ မြန်မာ အစိုးရမှာ ပိုပြီးတာဝန်ရှိပါတယ်”ဟု ပြောဆိုသည်။
ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများအတွက် မည်သို့ ဆောင်ရွက်ပေးသွားမည်ဆိုသည်ကို အစိုးရ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောဆိုမှု တစုံတရာမရှိ၍ အလုပ်သမား အများစုသည် စိုးရိမ်မှုများ ရှိနေကြောင်း၊ ၎င်းတို့ MWRN အဖွဲ့ကလည်း နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာနသို့ အချက် ၆ ချက်ကို တင်ပြတောင်းဆိုထားကြောင်းလည်း ဦးအောင်ကျော် က ပြောသည်။
MWRN အဖွဲ့က တောင်းဆိုထားသည့် အချက်များတွင် ဗီဇာ သက်တမ်းပြည့်သူများအား မြန်မာနိုင်ငံသို့ မပြန်စေဘဲ ထိုင်းနိုင်ငံတွင်း သို့မဟုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ သက်တမ်းတိုးပေးရေး၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း အစိုးရ သတ်မှတ်ထားသည့် ကုန်ကျစရိတ် နှုန်းထား အတိုင်းသာ ကောက်ခံရန်နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ မရှိစေရေး၊ အမြတ်ထုတ်ယူသည့် ပွဲစားများ ရှိပါက လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တဝန်း၌ မြန်မာ အလုပ်သမား ၃ သန်း ခန့်ရှိပြီး ယာယီနှစ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူ ၁ ဒသမ ၇ သန်း၊ MOU ဖြင့် လာရောက်သူ ၂ သိန်းနှင့် ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပေးထားသော ပန်းရောက်ကတ် ကိုင်ဆောင်ထားသူ ၅ သိန်း ဝန်းကျင်ရှိ ကြောင်း MWRN အဖွဲ့ က ပြောသည်။