ရွေးကောက်ပွဲရလဒ် ကြေညာပြီးသည်မှာ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်ပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းသူဦးရေ နည်းပါးလျက်ရှိကြောင်း ကော်မရှင်အဖွဲ့ခွဲ အသီးသီးထံမှ သိရသည်။
ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် တင်သွင်းလာမည့် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို စိစစ်မှုများ ပြုလုပ်ရမည်ဖြစ်ရာ သတ်မှတ်ရက်နီးကပ်မှ တင်ပြလာပါက ၎င်းတို့အတွက် အခက်အခဲရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ဧရာဝတီကို ပြောသည်။
“သူတို့က ကပ်ပြီးမှ လာတင်ရင် အလုပ်ရှုပ်တာပေါ့။ လာတင်ရုံပဲ ဆိုရင်တော့ ကိစ္စမရှိဘူး။ သတ်မှတ်ချက်နဲ့ ညီလား၊ ညွှန်ကြားချက်နဲ့ ကိုက်ညီမှု ရှိမရှိဆိုတာတွေကို ကျနော်တို့က စိစစ်ရသေးတယ်။ မပြည့်စုံရင် တခါပြန်လုပ်ပေးရတယ်။ စောစောလာပြီး တင်ကြရင်တော့ ကောင်းတာပေါ့” ဟု ဦးခင်မောင်ကျော်က ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၌ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယနေ့ ဒီဇင်ဘာ ၁ ရက်အထိ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းသူ ၃၃ ဦး သာ ရှိသေးကြောင်း ၎င်းက ပြောသည်။
မန္တလေးခရိုင်တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်ပြသူ ကိုယ်စားလှယ်ဦးရေသည် နိုဝင်ဘာ ၁၂ ရက်မှ ၃၀ ရက်အထိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့ဒီမိုကရေစီ ပါတီမှ ၂ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၅ ဦးသာ ရှိသေးကြောင်း မန္တလေးခရိုင် ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးတင်မင်းအေးက ပြောသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်သည် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အနိုင်ရသည့် ကိုယ်စားလှယ်အမည် ကြေညာသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာခရိုင် ကော်မရှင်ထံ တင်ပြရမည်ဟု ရွေးကောက်ပွဲဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေတွင် ပြဌာန်းထားသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းနိုင်ပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်း ခံရမည်ဖြစ်သောကြောင့် သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၃၀ ရက်တွင် အသိပေး နှိုးဆော်ထား သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ၎င်းတို့ပါတီမှ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းသူ ၂ ဦးသာ ရှိသေးသော်လည်း သတ်မှတ်ရက်အတွင်း အပြီးတင်သွင်းနိုင်မည်ဟု ပြောဆိုသည်။
“ရွေးကောက်ပွဲ နည်းဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း အတိအကျ လိုက်နာပါ။ ဒါပဲ ပြောထားတယ်။ တခြား ကျနော်တို့ ပံ့ပိုးနိုင်တာကတော့ ငွေစာရင်းနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင် ၂ ပတ်လောက်ကတည်းက ပါတီရဲ့ကိုယ်ပိုင် ငွေစာရင်းစာအုပ်လည်း ဖြန့်ထားပြီးသား ဖြစ်တယ်။ ကိုယ်စားလှယ် သုံးရမယ့်ဟာ ရုံးမှာသုံးရမယ့် စာရင်းစာအုပ် အပြည့်အစုံ ထုတ်ထားပေးပါတယ်။ အဲဒီအတိုင်း အတိအကျ လိုက်နာမယ်ဆိုရင်တော့ သူတို့အတွက် ပိုပြီးတော့မှ အဆင်ပြေပါလိမ့်မယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
အတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက NLD ပါတီ အနေဖြင့် ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ရွေးကောက်ပွဲ အသုံးစရိတ် အစီရင်ခံစာအတွက် အဖွဲ့ချုပ်က စီမံကိန်းကြိုတင်ဆွဲထားပြီး အမှားအယွင်း မရှိအောင် စီမံထားသဖြင့် အခက်အခဲ မရှိကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်တွင် ကိုယ်စားလှယ်ဦးရေ ၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဒီဇင်ဘာ ၁ ရက်အထိ ၇ ဦးသာ ကုန်ကျစရိတ်စာရင်း လာရောက် တင်သွင်းသေးကြောင်း၊ နောက်ဆုံး တင်သွင်းရမည့်ရက်ကို ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီဟု သတ်မှတ်ထားကြောင်း ဖျာပုံခရိုင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုန်းဟန်က ပြောသည်။
ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ဥပဒေများအရ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် တဦးချင်းစီ၏ ရွေးကောက်ပွဲ အသုံးစရိတ်ကို အများဆုံး သုံးစွဲခွင့်အဖြစ် ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပြီး ရွေးကောက်ပွဲကုန်ကျ စရိတ်အား အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တင်သွင်းရမည် ဖြစ်သည်ဟု ပြဌာန်းထားသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ကိုယ်ပိုင်ငွေဖြင့် သော်လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံသား တဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့များက ဖြစ်စေ တရားဝင် ရရှိထားသော လှူဒါန်းငွေများဖြင့်သော် လည်းကောင်း၊ သက်ဆိုင်ရာပါတီ အဖွဲ့အစည်းက ထောက်ပံ့သည့် ငွေဖြင့်သော်လည်းကောင်း ကျခံသည့် ကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်သွင်းရမည်ဟု သိရှိရသည်။