၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရရှိပြီးနောက် သမ္မတ ရာထူး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နိုင်ငံတော်အကြီးအကဲ ရာထူး နေရာ တွေမှာ ဘယ်သူ တွေ ခန့်အပ်မလဲ၊ ဘယ်သူတွေက အလားအလာများနေသလဲဆိုတာ အားလုံးက စိတ်ဝင် တ စား ရှိနေ ကြပါတယ်။
ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးယုံကြည်ရတဲ့ ညာလက်ရုံးတဆူအဖြစ် သတ်မှတ်ခံထားရတဲ့ ဦးဝင်းမြင့်လည်း အပါအဝင်ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ လွှတ်တော် အမတ် တွေကြား မှာ ဝင်းလေးဝင်း ခေါင်း ဆောင်မှုလို့ နာမည်ကြီးတဲ့ လူပုဂ္ဂိုလ် ၄ ဦးရှိနေပါတယ်။
အဲဒီလူတွေမှာ ပထမ ဦးဉာဏ်ဝင်း၊ ဒုတိယ ဦးဝင်းထိန်၊ တတိယ ဦးဝင်းမြင့်နဲ့ စတုတ္ထ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ ဖြစ်ပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လွှတ်တော်ကိုယ်စားလှယ် လောင်း ရွေးချယ်တာကို အဓိက ဝင်းလေးဝင်းက ဦးဆောင် လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ဆိုပါတယ်။
ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းထိန်က ပါတီကို အဓိကကြီးစိုး ဦးဆောင်နေကြပြီး ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ပါတီမူဝါဒ တွေကို အဓိက ကိုင်တွယ်ထိန်းကျောင်းနေကြတယ်လို့ NLD အမတ်တွေက ဆိုပါတယ်။ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့် ကတော့ လွှတ်တော် ကိုယ်စား လှယ် တွေဖြစ်ကြတာကြောင့် နိုင်ငံတော်အကြီးအကဲ ရာထူးတွေမှာ အလားအလာကောင်းတွေရှိနေတယ်လို့ NLD အသိုင်း အဝိုင်းက ဆိုပါတယ်။
အထူးသဖြင့် လတ်တလော တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရတဲ့ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ဆုံးနဲ့ လွှတ်တော်မှာ ယုံကြည်အားထားရတဲ့ သူဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းမြင့်ကို သူနဲ့အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဦးဝင်းမြင့်က ဘယ်လိုလူစားမျိုးလဲ၊ သူက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစားမှုရရှိထားပါသလဲ ။ ဦးဝင်းမြင့် ကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဧရာဝတီတိုင်းဇာတိဖြစ်ပါတယ်။ အခုဆိုရင် ဦးဝင်းမြင့်က အသက် ၆၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်းပညာကို ပုသိမ်မြို့ အမှတ် ၆ အထက်တန်း ကျောင်းမှာ သင်ယူခဲ့ပြီး သိပ္ပံဘွဲ့(ဘူမိဗေဒ)ကို ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ရရှိခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာ HGP (Higher Grade Pleader) စာမေးပွဲအောင်မြင်ပြီး အထက်တန်းရှေ့နေအဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှာ RL (Registered Lawyer) စာမေးပွဲ အောင်မြင်၍ တရားရုံးချုပ်ရှေ့နေအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်ချိန်မှာ တော့ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားလာခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ စစ်အစိုးရလက်ထက် စစ်အာဏာရှင်စနစ်အောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရပါတယ်။
“ဦးဝင်းမြင့်က အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ပါတီမူဝါဒတွေ တိတိကျကျလိုက်နာတယ်။ အမေစုရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လုပ်တယ်။ နောက်ထပ်သဘောကျစရာ အကောင်းဆုံးကတော့ အလုပ်လုပ်တာ သေသပ်ပြီး တိကျ မှန်ကန် တာပဲ။ ၂၀၁၂ ခုနှစ်ကစလို့ လွှတ်တော်သက်တမ်းတလျှောက်လုံးမှာ တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ အတွင်းရေးမှူး အဖြစ် တာဝန်ကျေကျေ သူထမ်းဆောင်တယ်။ အနေအထိုင်၊ အပြောအဆိုကလည်း တကယ့်ကို လူကြီးလူကောင်းဆန် တယ်” လို့ NLD လွှတ်တော်အမတ်တဦးက ဆိုပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဲဆွယ် စည်းရုံး ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD က တင်မယ့် သမ္မတသည် အရပ်သားစစ်စစ်ဖြစ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။