ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံနှင့် နမ့်ခမ်း မြို့နယ်ကြားတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း TNLA က သတင်း ထုတ်ပြန်သည်။
RCSS/SSA အဖွဲ့များက TNLA လှုပ်ရှားနယ်မြေအတွင်းကို ကျွံဝင်လာ၍ ယခုလ ၂၇ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်း အထိ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က ဧရာဝတီသို့ ပြောသည်။
“ဖြစ်နေတာ ၂၇ ရက်နေ့ကတည်းက ကျနော်တို့လည်း တိုက်ပွဲမဖြစ်ချင်တော့ နယ်ကျွံဝင်မလာဖို့ ညှိနေတာမရတဲ့အဆုံး ဒီနေ့ ကျနော် တို့ သတင်းထုတ်လိုက်တာ”ဟု မိုင်းဘုန်းကျော် က ပြောသည်။
၎င်းတို့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်မ ၇၇၊ ၈၈၊ ၉၉ လက်အောက်ခံ တပ်ရင်းများလည်း RCSS/SSA တပ်ဖွဲ့များဘက်မှ ပါဝင် တိုက်ခိုက်ကြောင်း TNLA က စွပ်စွဲထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် ဘက်မှ တစုံတရာ ထုတ်ပြန်ထားသည်ကိုလည်း မတွေ့ရှိရသေးပေ။
RCSS/SSA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်ပြီး PSLF/TNLA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ် မထိုးရသေးသော အဖွဲ့ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် လှုပ်ရှားသော RCSS/SSA ၏ အမှတ် ၇၀၁ တပ်ရင်း လွယ်တိုင်းလျန်း ဌာနချုပ်မှ အပြန်လမ်းတွင် PSLF/TNLA တပ်များနှင့်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနေရာများတွင် PSLF/TNLA ရှိ မရှိ မသိရှိကြောင်း RCSS/SSA အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းလ က ဧရာဝတီသို့ ပြောသည်။
“တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ လွယ်တိုင်းလျန်းကနေ ပြန်သွားတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို TNLA ကချုံခိုပြီး တိုက်တာဖြစ်ပါတယ်။ ကျနော်တို့မှာ သူ့နယ်မြေ ကိုယ့်နယ်မြေမရှိတော့ ပလောင် ထိန်းချုပ်တဲ့ နယ်မြေမှန်း မသိပါဘူး။ ကျနော်တို့အခြေချ လှုပ်ရှားတဲ့ နယ်မြေကို ပြန်ရင်း သူတို့ ရှေ့တန်းတပ်တွေက ချုံခိုတိုက်ခိုက်တာလို့ ကျနော်တို့ တပ်တွေက အစီရင်ခံထားပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
ထို့အပြင် RCSS/SSA နှင့်အတူ အစိုးရ တပ်မတော် စစ်ကြောင်းများက ဝိုင်းဝန်းတိုက်ခိုက်ကြောင်း TNLA ၏ သတင်းထုတ်ပြန်မှုသည် တဖက်သတ်စွပ်စွဲခြင်းသာ ဖြစ်ကြောင်း ၎င်းတို့အနေဖြင့် တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း လည်း ဗိုလ်မှူးကြီး စိုင်းလ က ထပ်မံ ရှင်းလင်းသည်။
ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က“ယွက်စစ်အဖွဲ့နဲ့ မြန်မာ့ တပ်မတော်နဲ့ ဘယ်လိုညှိထားကြလဲ ကျနော်တို့မသိဘူး။ သူတို့ NCA ထိုးပြီး နောက်ပိုင်းမှာ နေရာချထားရေး ကိစ္စတွေ ဆွေးနွေးညှိနှိုင်းနေကြတယ်။ အဲဒါကြောင့်မို့ အခု တရုတ်နယ်စပ် နမ့်ခမ်းကနေ နမ္မတူ တလျှောက် ကျနော်တို့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ ကြားထဲမှာ ယွက်စစ်အဖွဲ့နဲ့ ညှိပြီးတော့မှ နေရာချထားပေးချင်တဲ့ သဘောလား၊ ဒါမှမဟုတ် တပ်အသစ်တွေထိုးဖို့ ကြိုးစားသလား ဆိုတာကို ကျနော်တို့သုံးသပ်နေပါတယ်။ အဲဒီလိုမျိုး ဆိုရင်တော့ ကျနော်တို့ လက် မခံပါဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲမဖြစ်ချင်ပေမယ့် ဆက်လုပ်နေမယ်ဆိုရင် ဟန့်တားသွားရမှာပဲ”ဟု ပြောဆိုသည်။
ယခုတိုက်ပွဲဖြစ်ပွားရာဒေသသည် RCSS/SSA တပ်ဖွဲ့များ လှုပ်ရှားခဲ့ဖူးခြင်း မရှိကြောင်း TNLA ဘက်ကပြောဆိုပြီး အဆိုပါဒေသတွင် ၎င်းတို့ TNLA တပ်ဖွဲ့အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းနှင့် အစိုးရ တပ် မတော်များ လှုပ်ရှားကြောင်း သိရသည်။