အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းထား သည့် မစ္စတာ စကောက် မာရှယ် (Scot Marciel) က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သမိုင်းဝင် ရွေးကောက်ပွဲကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သတ်၍ အပြောင်းအလဲများစွာ ဖြစ်ပေါ်ရန် ကြိုတင် မမျှော်လင့်နိုင်ကြောင်း ဒီဇင်ဘာလ ၁ရက် နေ့က ပြောကြားခဲ့သည်။
“ကျနော် ကြိုပြီး မျှော်လင့်ထားမှာ မဟုတ်သလို ထူးခြားတဲ့ အပြောင်းအလဲတွေ အတွက်လည်း အကြံပြု ထောက်ခံသွားမှာ မဟုတ်ပါဘူး” ဟု သူက အမေရိကန် အထက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီ ရှေ့မှောက်တွင် ကြားနာစစ်ဆေးမှု မခံယူမီ ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် စကောက် မာရှယ်က အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပြီး ယခင်က အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ဆောင်ရွက် ဖူးသူလည်း ဖြစ်သည်။
အရေးယူပိတ်ဆို့မှု စနစ်သည် အပြောင်းအလဲလုပ်နိုင်ပြီး ပစ်မှတ်ထားသည့် နိုင်ငံတွင် အရေးပါသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့လျှင် ပိတ်ဆို့မှုများကို ဖြေလျော့ပေးခွင့်ပြုထားသည်ဟု သူကဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရရှိခဲ့ခြင်းကို နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် အရေးပါသော ခြေလှမ်းတခုအဖြစ် မြင်ကြသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် တခြားပြဿနာများအတွက် အလေးအနက် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည့် သမ္မတ အိုဘားမား၏ အစိုးရက သတိထား၍ ဆက်လက် စောင့်ကြည့်လျှက် ရှိသည်။ လူပုဂ္ဂိုလ် တရာကျော်အပါအဝင် စီးပွားရေး လုပ်ငန်းများနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကန့်သတ်ထားမှုများစသည့် အရေးယူပိတ်ဆို့မှုများကို မရုတ်သိမ်းမီ ဒီမိုကရေစီလုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောသည်။
သို့သော်လည်း ယေဘုယျအားဖြင့်ဆိုလျှင် အာရှတွင် တရုတ်နိုင်ငံ အင်အားကြီးလာမှုကို ဟန့်တားရန်နှင့် မြန်မာ့ စီးပွားရေး တိုးတက်လာမှုကို အခွင့်အရေး ရယူရန်အတွက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို တိုးချဲ့နိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်။
အောက်တိုဘာလတွင် သမ္မတ အိုဘားမားသည် စကောက် မာရှယ်အား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခဲ့သည်။ တရားဝင် ခန့်အပ်နိုင်ရန်အတွက် နိုင်ငံခြားဆက်ဆံရေး ကော်မတီနှင့် အမေရိကန် အထက် လွှတ်တော်ထံမှ သဘောတူညီချက် ရယူရမည်ဖြစ်သည်။
ယခုချိန်အထိ မည်သည့်နေ့တွင် အဆုံးအဖြတ်ပေးမည်ကို မသိရသေးပါ။ သို့သော်လည်း ကြားနာစစ်ဆေးမှု ပြုလုပ်စဉ်တွင် စကောက် မာရှယ်အား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းမှုအား ဆန့်ကျင် ကန့်ကွက်သည့် အရိပ်အယောင်များ မတွေ့ရှိခဲ့ရပါ။