၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထားပြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင် တို့နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လိုက်ပါလျက် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း အဓိကအားဖြင့် အကြောင်းအရာ ၂ ခုကို ဦးစားပေး ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုတွင် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရန် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ ဒုတိယအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အာဏာလွှဲပြောင်းသည့် အစဉ်အလာ ကောင်း ထူထောင်ရေးကို ဆွေးနွေးခဲ့ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သတင်း ထုတ်ပြန်ပြောဆိုသည်။
“ဒီနေ့အစည်းအဝေးမှာ ခေါင်းဆောင်တယောက်က ငြိမ်းချမ်းစွာချောမွေ့စွာကူးပြောင်းနိုင်ဖို့အတွက် လုပ်ဆောင် နိုင် မယ့်နည်းလမ်းတွေကိုအမြင်ချင်းဖလှယ်ခဲ့တယ်။ဖလှယ်ပြီးတဲ့အခါ ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုတာ ခင်ဗျားတို့ တဖြည်းဖြည်း သိလာမှာပါ။ ဒီကြားထဲမှာလည်းကျနော်တို့အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါတီတွေကြားထဲမှာဆက်သွယ်ရေးလမ်းကြောင်းတခုဖွင့်မှာပါ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။
နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုသည် ရလဒ်ကောင်းမွန်ပြီး တိုင်းပြည်အတွက် အကျိုးရှိ သည်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံပွဲ အပြီး သတင်းထောက်များကို ပြောဆိုခဲ့သည်။
တပ်ချုပ်မင်းအောင်လှိုင်နှင့်ေဒါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် ပြည်သူ့ဆန္ဒကို အလေးထား၍ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖံွ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီကြကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရန် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ တစုံတရာ ဆွေးနွေးမှုမရှိကြောင်း နှစ်ဖက် သတင်းထုတ်ပြန်ချက် များအရ သိရှိရသည်။