WFP က ၂၀၁၇ ခုနှစ်အထိ စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့မည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များအား စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို ၂၀၁၇ ခုနှစ်အထိ ဆက်လက် ထောက်ပံ့သွားမည်ဟု ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
မူလက ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် ရပ်နားမည်ဟု သတ်မှတ်ထားသော်လည်း မြန်မာ နိုင်ငံရေးအာဏာ အလွှဲအပြောင်း ကာလတွင် ထိခိုက်နစ်နာလွယ်သော ပြည်သူများ ရိက္ခာမပြတ်စေရန်အတွက် ထပ်မံ ထောက်ပံ့လိုက်ခြင်း ဖြစ်သည်ဟု WFP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားပြီး WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dom Scalpelli ကလည်း မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့မှုများကို ဆက်လက်အာရုံစိုက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ယခုနှစ်လယ်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့်လည်း လူပေါင်း ၄၄၀,၀၀၀ ခန့်မှာ စားနပ်ရိက္ခာ လိုအပ်နေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် လူပေါင်း ၁၇၂,၀၀၀ ကျော်သည် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသည်ဟု WFP က ဆိုထားသည်။