အသက် ၈ နှစ်အရွယ် ကလေးငယ် မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုတွင် အိမ်ရှင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်က ထိထိရောက်ရောက် တားမြစ်ခဲ့ခြင်းမရှိဘဲ ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်စေရန် ပြုလုပ်ခဲ့ခြင်းအပေါ် အားပေးကူညီမှု ပြုလုပ်ခဲ့ကြောင်း မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ တင်ပြချက်၌ တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်၏ နေအိမ်တွင် နေထိုင်သည့် မစုဝေ နှိပ်စက် ညှဉ်းပမ်းခံရမှုနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဒီဇင်ဘာ ၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နောင် အလားတူဖြစ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်ရန် လွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့ရာတွင် ရန်ကုန်တိုင်း လွှတ်တော် ဗိုလ်မှူးကြီး တင်အောင်ထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အိမ်ဖော် မသန်းနွဲ့က မတရား ရိုက်နှက်ခြင်း၊ ကြိုးတုပ်ထားခြင်း၊ နေပူလှန်းခြင်းတို့ကို ပြုလုပ်သည်ကို အိမ်ရှင် မယဉ်ယဉ်နွယ်က ထိထိရောက်ရောက် တားမြင့်ခဲ့ခြင်း မရှိဘဲ ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်စေရန် ပြုလုပ်ခဲ့ခြင်းအပေါ် အားပေးကူညီမှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) အပြင် အခြား ပြစ်မှုများ ငြိစွန်းမှု ရှိ၊ မရှိကို ဥပဒေ အကြံပြုချက် ပေးနိုင်ရန် ၃၀ ရက်၊ နိုဝင်ဘာလ ၂၀၁၅ ရက်နေ့တွင် ဗဟန်းမြို့နယ် ဥပဒေရုံးသို့ အကြံပြုချက် တောင်းခံထားပြီး ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။
ဗိုလ်မှူးကြီး တင်အောင်ထွန်းက အစိုးရအနေနှင့် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ပြဌာန်းချက်များအတိုင်း တိုင်း၊ ခရိုင်၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ထိုကော်မတီများက ဥပဒေပြဌာန်းချက်များအတိုင်း လုပ်ဆောင်နေသည့်အတွက် လွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ယင်း၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းက ရိုက်နှက်သူ အိမ်အကူ ဒေါ်သန်းနွဲ့ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူထားသော်လည်း လက်ရှိအချိန်အထိ အိမ်ရှင်များအား အရေးယူဆောင်ရွက်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လာမည့်ဒီဇင်ဘာလ ၇ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် အရိုက်ခံရသည့် ကလေးငယ်နှင့် ကလေးငယ် မိခင်တို့ကို နတ်မောက်လမ်းရှိ အမျိုးသမီး အသက်မွေး အတတ်ပညာကျောင်း၌ ပို့ဆောင်ထားကြောင်း သိရသည်။