နေ့လယ် ၁ နာရီကျော်အချိန်ကတည်းက နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ရိပ်သာမှာ သတင်းထောက် တွေအားလုံး စုပြုံ ရောက်ရှိနေကြပြီ။ ဘုရင့်နောင်ရိပ်သာဝင်ပေါက် ဘေးဘက်မှာ အနီရောင် စည်းတားဆီးထားပြီး သတင်းထောက်တွေကို အနီရောင် စည်း အနောက်မှာ နေရာချ ထား ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု အပေါ် ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်ရဲ့ သတင်းစာရှင်းလင်းပွဲကနေ နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးဆီ မရပ်မနား လာခဲ့ရတာမို့ သတင်းထောက်တွေရဲ့ မျက်နှာအသွင်အပြင်မှာ မောပန်းနွမ်း လျနေ တဲ့ အသွင်အပြင်တွေ့မြင်ရပါတယ်။
နေ့လယ် ၂ နာရီမထိုးခင်မှာတော့ ယူနီဖောင်း အစိမ်းရောင်ဝတ်ထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဗိုလ်ချုပ်အောင်ရဲဝင်း ခြံရံပြီး ဝင်ရောက်လာပါတယ်။ တပ်ချုပ် မင်းအောင်လှိုင်က သတင်းထောက်တွေကို ပြုံးပြီး နှုတ်ဆက်ပါတယ်။ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ မျက်နှာအသွင်အပြင်က စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ အစအရာရာ ကြိုတင်ပြင်ဆင်လာတဲ့ ကျောင်းသားတဦး မိမိကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေတဲ့ မျက်နှာအသွင်အပြင်နဲ့ တက်ကြွလန်းဆန်းနေပါတယ်။ တပ်ချုပ်က ဘုရင့်နောင်ရိပ်သာ အဝင်တံခါးဆီ လှမ်းမျှော်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတ်တပ်ရပ် အသင့်အနေအထား စောင့်ဆိုင်းနေပါတယ်။
သိပ်မကြာခင်မှာပဲ တိုယိုတာ မတ်တူး အဖြူရောင် ကားလေးတစ်စီး ဘုရင့်နောင်ရိပ်သာ အဝင်ပေါက်အောက်ကို ဆိုက်ကပ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဆင်းလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုက်ရင်ပဲ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ မျက်နှာ အသွင် အပြင်က ပြုံးရွှင်စွာနဲ့ လက်ကို ရှေ့ကမ်းလင့်ကြိုပြီး နှုတ်ဆက်ပါတယ်။
ကြက်သွေးရောင် ဝတ်စုံ၊ ပန်းနုရောင် ပဝါ၊ ပန်းနုရောင် ပိုက်ဆံအိတ် ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းတွေက မြန်ဆန် သွက်လက်လှပြီး ပြုံးရွှင်စွာနဲ့ ပြန်လည် နှုတ်ဆက်ပါတယ်။ ၂ ဦးသား တဦးလက်ကို တဦးကိုင် နှုတ်ဆက်ပြီး မီဒီယာတွေ ဘက် မျက်နှာမူလို့ ဓာတ်ပုံအရိုက်ခံချိန်မှာတော့ ကင်မရာအသံတွေ တဖျက်ဖျက်၊ မီးရောင်တလက်လက် ထသွားပါတယ်။ သူတို့နှစ်ဦးရဲ့ မျက်နှာပေါ်မှာ မာန်မာန၊ အာဃာတတွေ ကင်းစင်နေတာ အထင်းသားတွေ့မြင်ရပါတယ်။
အဲဒီနောက် ၂ ဦးသား တွေ့ဆုံဆွေးနွေးမယ့် ခန်းမဆီကို တက်တက်ကြွကြွ ဝင်ရောက်သွားကြပါတယ်။
၁ နာရီကျော်ကြာမြင့်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆွေးနွေးပွဲအပြီး ပြန်လည် ထွက်ခွာလာချိန်မှာတော့ ၂ ဦးသား ပြုံးရွှင်နေဆဲပါပဲ။ နောက်တကြိမ် အပြုံးမျက်နှာတွေနဲ့ မီဒီယာတွေဘက်လှည့်လို့ ဓာတ်ပုံ ရိုက်ခံပြန်ပါတယ်။ သူတို့ ၂ ဦးရဲ့ အသွင်အပြင်က နှစ်ပေါင်းများစွာ ကွဲကွာနေရာကနေ ပြန်လည် တွေ့ဆုံကြတဲ့ မောင်နှမတွေ လို့ဆိုရင် မမှားနိုင်ပါဘူး။ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာ ချက်ချင်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေမယ့် နှစ်ဖက်လုံးက ဆွေးနွေးမှုကို ကျေနပ်ပုံပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်တဲ့အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုက်ပါနှုတ်ဆက်သလို ဒေါ်အောင်ဆန်း စုကြည် ကလည်း ကားပေါ်ရောက်တဲ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်ပြ နှုတ်ဆက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ကားပေါ်တက်ပြီး ပြန်လည် ထွက်ခွာသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကားပေါ်ကနေ မီဒီယာတွေကို ကောင်းမွန်တဲ့ တွေ့ဆုံမှုပါလို့ အော်ဟစ်အသိပေးသွားပါတယ်။ သူတို့ နှစ်ဦးရဲ့ အပြုံးမျက်နှာတွေနဲ့ ၁ နာရီကြာမြင်တဲ့ တွေ့ဆုံဆွေးနွေးမှုက သန်း ၅၀ ကျော်သော မြန်မာပြည်သူတွေရဲ့ အနာဂတ်အတွက် သမိုင်းဝင် တွေ့ဆုံမှုဆိုရင် မမှားနိုင်ပါဘူး။