အသစ်တက်လာမည့် လွှတ်တော်နှင့်အစိုးရအား စောင့်ကြည့်ထိန်းကြောင်းနိုင်ရန် အရွေးချယ် မခံရသော ကိုယ်စားလှယ်လောင်းများဖြင့် အရပ်ဘက် Political Monitoring and Evaluation Society of Myanmar (PMESM) ယာယီ အဖွဲ့ တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းအဖွဲ့ ဖွဲ့စည်းခြင်းကို အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF)၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဦးဆောင်မှုဖြင့် နိုဝင်ဘာ ၉ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီ လခန့်တွင် လုပ်ငန်းစဉ်များ စတင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း NDF ကပြောသည်။
“လာမယ့် တလအတွင်းမှာ ပြီးစီးအောင်ဖွဲ့စည်းဖို့ ရှိတယ်။ အဲဒီအတွင်းမှာပဲ အမှုဆောင်စာရင်းကို ထုတ်ပြန်ဖို့ရှိတယ်။ ပြီးတော့မှ အားလုံး ကို ဖိတ်ခေါ်ပြီးတော့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို Press release လုပ်ဖို့ရှိတယ်”ဟု NDF ကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရက ဧရာဝတီသို့ ပြောသည်။
PMESM သည် အသစ်တက်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်ထဲ ရောက်သွားသည့် ကိုယ်စားလှယ်များအတွက် အထောက်အကူပြုစေမည့် မေးခွန်းများ၊ အဆိုများတင်သွင်းနိုင်ရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း၊ လူငယ်အဖွဲ့အစည်းများအကြား အချိတ်အဆက်မိပြီး ဆုံးဖြတ်ချက်ချမည့်နေရာများတွင် လူငယ်များပိုမိုပါဝင်လာစေရေးနှင့် လူငယ်များ၏ အရည်အသွေးမြင့်မားလာစေရန် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယင်းအဖွဲ့တွင် ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်လောင်း မဟုတ်ခဲ့သူများ၊ ပြင်ပပညာရှင်များ၊ တိုင်းရင်းသားများ၊ လူငယ်များစသည်ဖြင့် လူထုလူတန်းစားအလွှာစုံကို ကိုယ်စားပြုသွားမည့် အရပ်ဘက်အဖွဲ့အစည်းတခု အဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး ယခုလောလောဆယ်တွင် လူအင်အား ၂၀၀ ကျော်နေပြီဖြစ်ကြောင်း NDF ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်း လသာမြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထက်အောင်ကျော်က ရှင်းပြသည်။
PMESM အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုကာ အစိုးရသစ်တရပ်ကို အပြုသဘောဆောင်သည့် ထောက်ပြဝေဖန်မှုများဖြင့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ဦးကျော်သူရကလည်း ပြောသည်။
“ကျနော်တို့ကတော့ အဓိက အပြုသဘောဆောင်တယ်။ ပြည်သူ့အကျိုးစီးပွားကို ရှေးရှုတယ်။ အစိုးရသစ်ကို အတိုက်အခံလုပ်ဖို့ ဖွဲ့ထားတာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံသားအများစု လက်မခံနိုင်စရာကိစ္စတွေ ပြည်သူတွေအတွက် အကျိုး ယုတ်မယ့်ကိစ္စတွေကိုတော့ ရှေ့ဆုံးကနေ ရပ်တည် ကာကွယ်ပေးမယ့် အဖွဲ့အစည်းဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
PMESM ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း PMESM ၏ လုပ်ငန်းဆောင်တာများ အကောင်အထည်ပေါ်လာသည့်အခါ နားလည် သဘောပေါက်သွားကြလိမ့်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ကို စတင်ဖွဲ့စည်းသူများက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိင်ခဲ့သော ပါတီတခုဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အနေဖြင့်မူ ယခုအချိန် အထိ ယင်းအဖွဲ့အစည်းအကြောင်းကို အသေအချာမသိရှိသေးဘဲ ပါတီမှ ကိုယ်စားလှယ်လောင်းများပါဝင်ရန်လည်း မရှိကြောင်း၊ လော လောဆယ်တွင် ပါတီ၏ စနစ်တကျ ကျန်းမာသည့်ပါတီဖြစ်ရေးကိုသာ ရေရှည်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း လူ့ဘောင် သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“သူတို့လုပ်မယ့်ကိစ္စက တကယ်ပဲ ကနေ့တက်လာမယ့် အနိုင်ရပါတီနဲ့ တက်လာမယ့် အစိုးရ၊ နောက်ဖြစ်လာမယ့် တိုင်းပြည်ရဲ့အခြေ အနေတွေကို အကျိုးပြုမလား မပြုဘူးလား ဆိုတဲ့ကိစ္စက သူတို့လုပ်ရပ်တွေအပေါ်မှာပဲ မူတည်လိမ့်မယ်။ အခုအချိန်အထိ ဖွဲ့တောင် မဖွဲ့ရသေးတဲ့အခါကျတော့ Comment(သဘောထား မှတ်ချက်)ပေးဖို့ စောမယ်လို့ထင်တယ်။ သူတို့ဘာလုပ်မယ်ဆိုတဲ့ အပေါ်မှာ မူတည်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးအတွက် နိုင်ငံရေးပါတီ ၉၂ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း စုစုပေါင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ NDF ပါတီ သည် ကိုယ်စားလှယ် တဦးတယောက်မျှ အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။