Ethnic Issues

တရုတ်နယ်စပ်က နွေရာသီ မရှိတဲ့ဒေသ သို့မဟုတ် ကချင် အထူးဒေသ (၁)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ-တရုတ် နယ်စပ် ထောင့်တနေရာက ချုံတွေကြားမှာ ကျောက်တိုင်ဖြူဖြူကြီး တခုက အသုံးမဝင်တော့တဲ့ ပစ္စည်းဟောင်း တခုလို။ လာရောက်ကြည့်ရှုသူလည်း ရှိပုံမရ။

ကျောက်တိုင်ပေါ်မှာလည်း မြက်ပင်တွေက နေရာယူထားပြီး တစုံတယောက်ကမှ ဒီကျောက်တိုင်ကို သန့်ရှင်းရေး မလုပ်တာလည်း သေချာ သလောက် ဖြစ်နေပါတယ်။

ဒီနေရာဟာ နွေရာသီမရှိတဲ့ဒေသလို့ တင်စား ခေါ်ဝေါ်ရလောက်အောင် တနှစ်ပတ်လုံးအေးနေပြီး ဆောင်းကာလမှာ နှင်းတွေဖြိုင်ဖြိုင် ကျတဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ဖီမောမြို့ထဲက လချိဒ် မျိုးနွယ်စုနဲ့ လော်ဝေါ်မျိုးနွယ်စုတွေပဲ သီးသန့်နေထိုင်တဲ့ နေရာပါ။

အဲဒီမှာရှိနေတဲ့ ကျောက်တိုင်ကြီးကို လွန်ခဲ့တဲ့ ၅၅ နှစ်က လချိဒ် မျိုးနွယ်စုတွေက စိုးရိမ်မှုအပြည့်နဲ့ နေ့ချင်းအပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။

ဒီကျောက်တိုင်ကပဲ ကချင် မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ လချိဒ် မျိုးနွယ်စုနဲ့ လော်ဝေါ်မျိုးနွယ်စုတွေကို တရုတ်နိုင်ငံသားအဖြစ် ရောက် မသွားဖို့ ကယ်တင်ခဲ့တာလို့ လချိဒ် မျိုးနွယ်စု သမိုင်းပညာရှင် ဦးထော်ခေါင်က ပြောပါတယ်။

“ကျနော်တို့ ဘိုးဘေးတွေ ကြိုးစားခဲ့ပေမယ့် ဖီမောမြို့တခြမ်းကိုတော့ တရုတ်ကို ပေးလိုက်ရတယ်”လို့လည်း ဦးထော်ခေါင်က နှမြော တသ ပြောပြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလ တရုတ်နိုင်ငံကို ဂျပန်စစ်တပ် ဝင်ရောက်တုန်းက အထူးဒေသ (၁) တောင်တန်းတွေ ကြားကနေ တရုတ် နိုင်ငံထဲကို ဝင်ရောက်လာတာကြောင့် တရုတ်တွေက သူတို့အတွက် စစ်ရေးအရ အရေးပါတဲ့ လချိဒ်တွေရဲ့တောင်ကြောတွေကို လိုချင် ခဲ့ တယ်လို့လည်း ဦးထော်ခေါင်က ဆိုပါတယ် ။
၁၉၆၀ ပြည့်နှစ် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နယ်ခြားမျဉ်း မသတ်မှတ်ရသေးချိန်မှာ တရုတ်တွေက လော်ဝေါ်၊ လချိဒ်မျိုးနွယ်စု တွေ နေထိုင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁)ကို အရယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အာဒံနဲ့ ဧ၀ သမိုင်းကြောင်းလိုပဲ လချိဒ် မျိုးနွယ်စုအစ ပထမ လူသားတွေ ဖြစ်တဲ့ ဖရို၊ ဖဘုန်း အမည်ရှိ ညီအစ်ကို နှစ်ဦးကို ငေ့ါချမ်း မျိုးနွယ်စုတွေက ဒီတောင်တန်းဒေသတွေထဲက ချမ်းမောခုန်း ဆိုတဲ့ ရွာမှာ လာရောက်နေထိုင်ဖို့ ခေါ်ဆောင်လာရာက လချိဒ် မျိုးနွယ် စုတွေ ဆင့်ပွား ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လချိဒ်တွေက ဒီဒေသကို အသက်ထက် ခင်တွယ်ကြတယ်လို့ ဦးထော်ခေါင် က ဆိုပါတယ်။

လချိဒ် မျိုးနွယ်စုတွေက သူတို့မြေတွေကို တရုတ်ကို ပေးလိုက်တယ်လို့ တွေးဆမိတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးနုက ရောင်းစား ခဲ့တာ လို့ အပြစ်တင်ကြပါတယ်။

တကယ်တော့ ဝန်ကြီးချုပ် ဦးနုက လချိဒ် မျိုးနွယ်စုတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို ရောင်းစားခဲ့တာ မဟုတ်ပါဘူး။

အထူးဒေသ (၁) အပါအဝင် မြစ်ကြီးနားခရိုင် တခြမ်းနီးနီးဟာ ၁၉၁၃ ခုနှစ် မတိုင်ခင်က တရုတ်ပြည်ရဲ့ နယ်နိမိတ်တွေပါ။ အဲဒီ နယ်မြေတွေကို ၁၉၁၃ ခုနှစ်ကစလို့ ဗြိတိသျှတပ်ဖွဲ့က “ထာဝရ ငှားရမ်း” တယ်လို့ ဆိုပြီး တရုတ်အစိုးရကို လစဉ် ယွမ် တထောင် ပေးပြီးတော့ ဗြိတိသျှက တပ်စခန်းတွေ ချထားခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ မြေလို့ ဆိုပေမယ့် နေထိုင်တဲ့သူတွေက မြန်မာနိုင်ငံက ကချင်မျိုးနွယ်စုတွေ ဖြစ်နေတာကြောင့် ဗြိတိသျှက မြန်မာ နိုင်ငံ နယ်နိမိတ်လို့ပဲ သတ်မှတ်ထားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ သူတို့မြေကို အဆုံးရှုံးမခံနိုင်တာကြောင့် လစဉ်ပေးတဲ့ ယွမ် တ ထောင် ကို တကြိမ်တခါမှ မယူခဲ့ဘူးလို့ တရုတ်ပြည် ဝန်ကြီးချုပ် ချူအင်လိုင်းရဲ့ မြန်မာ-တရုတ်နယ်ခြား ပြဿနာ ဆိုတဲ့ မှတ်တမ်း ထဲမှာ ရေးသားထားပါတယ်။

နယ်ခြားမျဉ်း မသတ်မှတ်ရသေးဘဲ ရှုပ်ထွေးနေတဲ့ မြန်မာ-တရုတ် နယ်ခြားပြဿနာကို မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဦးနု နဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း တို့က ၁၉၅၆ ခုနှစ် အောက်တိုဘာလ အတွင်းမှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာ ဦးနုက ရှမ်းပြည်နယ် အစွန်ဆုံးက“ဝ” တောင်တန်းဒေသတွေမှာ တရုတ်နီတပ်တွေ ဝင်ရောက်အခြေချ နေထိုင် နေတာကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပြီး ချူအင်လိုင်းကမူ ဗြိတိသျှ ငှားရမ်းခဲ့တဲ့မြေတွေထဲက သူတို့အတွက် အရေးပါတဲ့ ဖီမော၊ ဂေါ်လန်၊ ကန်ဖန် ဆိုတဲ့ ရွာ သုံးရွာကို ပြန်ပေးဖို့၊ မပေးနိုင်ရင် ၀ တောင်တန်းတွေထဲက ပန်းဟန်းနဲ့ ပန်လော ဆိုတဲ့ နယ်မြေတွေကို အစားထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်ဘက်က တောင်းဆိုချက်မှာ ကချင်ပြည်နယ်အရေး ပါဝင်နေတာကြောင့် ဦးနုက ကချင်ခေါင်းဆောင် သုံးဦးဖြစ်တဲ့ ကချင်ပြည် နယ် ဝန်ကြီးချုပ် ဇမ်ထားဆင်၊ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဟောင်းတွေဖြစ်တဲ့ ဒူဝါ ဇောင်လွန်းနဲ့ ဒူဝါ ဆမား ဆင်ဝါးနောင် တို့ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို ဖိတ်ခေါ်ပြီး ကချင်ရွာ သုံးရွာပေးဖို့ကိစ္စ ပြောဆိုကြတဲ့ အခါ ဒူဝါဇမ်ထားဆင်က ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ အစိုးရအဖွဲ့က ပေးလိုက်ပါက လက်နက်ကိုင် တိုက်ခိုက်မယ်လို့ ပြောဆိုပြီး ကချင်ပြည်နယ်ကို ပြန်လာခဲ့ပါတယ် ။

ဒူဝါ ဇမ်ထားဆင်က ကချင်ပြည်နယ်ကို ပြန်ရောက်ရောက်ချင်း ဘိလပ်မြေအိတ်တွေ ဝယ်ယူပြီး ချမ်းမောခုန်း ကို အမှာစကားနဲ့ အတူ ဘိလပ်မြေအိတ်တွေကို ပို့ခဲ့တယ်လို့ ဦးယောခေါက ဆိုပါတယ်။ ချမ်းမောခုန်းက လချိဒ် မျိုးနွယ်စုတွေ နားလည်လိုက်တာက သူတို့မြေတွေ ရောင်းစား ခံရတော့မယ်ဆိုတာပဲ လို့ ဦးထော်ခေါင်က ဆိုပါတယ်။

“ကျနော်တို့ အဘိုးတွေက ဒူဝါပို့လိုက်တဲ့ ဘိလပ်မြေအိတ်တွေကို ကျောမှာ ပိုးပြီး ဖီမောမှာ ကျောက်တိုင်သွားလုပ်ခဲ့တယ်”လို့ ဦး ထော်ခေါင်က အတိတ်ကာလကို ပြန်ပြောင်း ပြောပြပါတယ်။

ဖီမောမြို့ကိုရောက်တာနဲ့ လချိဒ် မျိုးနွယ်စုတွေက အောက်ခြေ ပဉ္စဂံပုံစံရှိပြီး အမြင့် ၇ ပေလောက်ရှိတဲ့ ကျောက်တိုင်တခုကို နေ့ချင်း အပြီး ဆောက်လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က မြေလာတိုင်းတဲ့အချိန်မှာ ကျောက်တိုင်တခုကို တွေ့တာနဲ့ မေးမြန်းတဲ့အခါ လချိဒ် မျိုးနွယ်စုတွေက ၎င်းတို့ ဘုရင်၊ ဘုရင်မတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်တယ်လို့ ပြောလိုက်တော့ မြေတိုင်းတဲ့သူတွေလည်း နောက်ဆုတ်ပြီး တိုင်းသွားတယ်လို့ ဦးထော်ခေါင် က ရှင်းပြပါတယ်။

၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဝန်ကြီးချုပ်ဦးနုနဲ့ တရုတ်နိုင်ငံက သဘောတူညီထားတဲ့ အချက်တွေအတိုင်း မြန်မာနိုင်ငံဘက်က အိမ် စောင့်အစိုးရ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တရုတ်နိုင်ငံဘက်က ဝန်ကြီးချုပ် ချူအင်လိုင်းတို့က နယ်ခြားသတ်မှတ်ရေး သဘောတူညီမှု စာချုပ် ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီလိုနဲ့ ဖီမောမြို့ကလေးဟာ တခြမ်းက မြန်မာနိုင်ငံ၊ တခြမ်းက တရုတ်နိုင်ငံ ဖြစ်သွားပါတော့တယ်။

တရုတ်နိုင်ငံဘက်က တောင်းဆိုခဲ့တဲ့ ဂေါ်လန်၊ ကန်ဖန်ရွာတွေကတော့ ဒူဝါ ဇမ်ထားဆင် ပို့လိုက်တဲ့ ဘိလပ်မြေတွေနဲ့ ချမ်းမောခုန်း ရွာက လချိဒ် မျိုးနွယ်စုတွေ ကြိုးပမ်းပုံဖော်ခဲ့တဲ့ ကျောက်တိုင်ကြောင့် ကချင်ပြည်နယ်ထဲမှာပဲ ဒီနေ့အထိ ကျန်နေခဲ့ပါတယ်။

ဦးထော်ခေါင်က“နယ်ခြားမျဉ်း ခွဲလိုက်တော့ တရုတ်ပြည်ဘက်ကို ပါသွားတဲ့ ဖီမောတခြမ်းမှာ လချိဒ် ၂၀၀ လောက်ရှိတယ်၊ မြန်မာ အစိုးရက တနိုင်းမြို့ဘက်ကို ရွှေ့လိုက်တယ်၊ သူတို့ တနိုင်းမှာ အပူဒဏ် မခံနိုင်လို့ အကုန်သေသွားတယ်”လို့ ပြောပါတယ်။

ဒါ့ကြောင့် လချိဒ်မျိုးနွယ်စုတွေက တနှစ်ပတ်လုံး အေးစိမ့်နေတဲ့ ဒေသ ၊ ဆောင်းတွင်းဆို နှင်းတွေ ဖြိုင်ဖြိုင်ကျတဲ့ သူတို့ ဒေသကနေ တခြားနေရာကို ပြောင်းရွှေ့ရမှာကို ဘဝမှာ အကြောက်ဆုံးပဲ၊ လချိဒ်မျိုးနွယ်စုတွေအတွက် ဘုရားက ဖန်ဆင်းပေးထားတဲ့ နေရာလို့ ဦးထော်ခေါင်က ဆိုပါတယ်။

သူတို့ မျိုးနွယ်စု ၂၀၀ လောက် သေဆုံးခဲ့ရတာကြောင့် လချိဒ်မျိုးနွယ်စုတွေထဲက ဘိုးဘွားတွေက သူတို့ တခါမှ မမြင်ဘူး၊ မတွေ့ဘူး တဲ့ ဝန်ကြီးချုပ် ဦးနုကို စိတ်နာနေကြပါတယ် ။

နယ်ခြားမျဉ်း သတ်မှတ်ပြီးနောက်မှာ လက်မခံကြတဲ့ ကချင်လူငယ်တချို့က လက်နက်ကိုင်တပ်ဖွဲ့ တခုကို ၁၉၆၁ ခုနှစ်မှာ ထူထောင်ပြီး အစိုးရကို တော်လှန်ခဲ့ကြပါတယ်။ အဲ့ဒီ လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ လချိဒ် လူမျိုးတယောက်ဖြစ်ပြီး အခု အထူးဒေသ (၁) ရဲ့ ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ကလည်း တပ်မှူးတယောက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ လက်ရှိ အထူးဒေသ (၁) ပြည်သူ့စစ် ခေါင်းဆောင် ဦးယောခေါက ပြောပါတယ်။

ဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာလည်း ဦးစခုန်တိန့်ယိန်း ဦးစီးတဲ့ လော်ဝေါ်၊ လချိဒ် တပ်ဖွဲ့တွေကို အခြား ကချင်မျိုးနွယ် စုတွေက ခွဲခြားဆက်ဆံခဲ့တာကြောင့် ဦးစခုန်တိန့်ယိန်းက ၁၉၆၅ ခုနှစ်မှာ ထပ်မံခွဲထွက်လိုက်ပြီး တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ၊ ဗမာ ကွန်မြူနစ် ပါတီတို့နဲ့ ဆက်သွယ်ကာ ကချင်ကွန်မြူနစ် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ထူထောင်ပြီး လချိဒ်၊ လော်ဝေါ် ဒေသကို စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုစဉ်က အထူးဒေသ (၁) ကို ကွန်မြူနစ် အခြေစိုက်စခန်း ၁၀၁ စစ်ဒေသလို့လည်း ခေါ်ဝေါ်တယ်လို့ သိရပါတယ်။

ကွန်မြူနစ်ကာလကို ဖြတ်သန်းခဲ့တဲ့ အချိန်မှာ လချိဒ်၊ လော်ဝေါ်မျိုးနွယ်စုတွေက ပိုမိုဆင်းရဲနွမ်းပါးလာခဲ့ပြီး သူတို့ကိုးကွယ်တဲ့ နတ်ကွန်း တွေ၊ ဘုရားကျောင်းတွေကိုလည်း ပိတ်ပစ်လိုက်ရတယ်လို့ ဦးထော်ခေါင်က ပြောပါတယ်။

“ဒီဒေသမှာ ဦးစခုန်က အရေးပါဆုံး ဟုတ်တယ်၊ သူ့စကားတခွန်းဆို တခွန်းပဲ”လို့လည်း ဦးထော်ခေါင်က မှတ်ချက်ပြုပါတယ်။

၁၉၈၅ ခုနှစ်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီက ဦးစခုန်တိန့်ယိန်းတို့တပ်ဖွဲ့ကို ရိက္ခာ ဖြတ်တောက်လိုက်တဲ့အပြင် ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်လည်း ပြိုကွဲသွားတာကြောင့် ၁၉၉၀ မှာ ဦးစခုန်တိန့်ယိန်းတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး အစိုးရက လချိဒ်၊ လော်ဝေါ်တွေရဲ့ ဒေသကို အထူးဒေသ (၁) လို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ယူပြီးပေမယ့် လချိဒ်၊ လော်ဝေါ်မျိုးနွယ်စုတွေမှာ မငြိမ်းချမ်းနိုင်သေးပါဘူး။ သူတို့မျိုးနွယ်စု မဟုတ်သူတွေနဲ့ အခြား လက်နက်ကိုင် တပ်ဖွဲ့တွေ ဝင်မလာစေဖို့ အိမ်တိုင်းမှာရှိတဲ့ သားယောကျာ်လေး မှန်သမျှ စစ်မှု မထမ်းမနေရ စနစ်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ကို ထပ်မံ တည်ထောင်လိုက်ပါတယ်။

အထူးဒေသ (၁) တခုလုံးကို ကန့်လန့်ဖြတ် စီးဆင်းနေတဲ့ မေခမြစ် (အင်မိုင်ခ) ရဲ့ တဖက်၊ ညာဘက်ခြမ်းမှာတော့ ကချင် လွတ်လပ် ရေး တပ်မတော်(KIA) အခြေစိုက် တပ်စခန်းတွေရှိပြီး ဘယ်ဘက်ခြမ်းမှာတော့ ပြည်သူ့စစ်တွေ ဖြစ်တဲ့ လချိဒ်၊ လော်ဝေါ် မျိုးနွယ် စုတွေ နေထိုင်ပါတယ်။

တဖက်ကမ်းမှာရှိတဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားမှာ စိုးရိမ်တာကြောင့် လချိဒ်၊ လော်ဝေါ်မျိုးနွယ်စုတွေက ဟိုဘက်ကမ်းနဲ့ ဒီဘက် ကမ်း ကူးနိုင်ဖို့ မေခမြစ်ပေါ်မှာ ဆောက်ထားတဲ့ တံတားတွေကိုလည်း မိုင်းခွဲဖျက်ဆီးပစ်လိုက်တာကြောင့် အခုချိန်ထိ လမ်းဘေး တဖက်စီမှာ တံတားအကျိုးအပဲ့တွေကို မြင်တွေ့နေရပါသေးတယ်။

အထူးဒေသ (၁) ဟာ ခေတ်စနစ်အမျိုးမျိုးမှာ ပြောင်းလဲ နေထိုင်လာခဲ့ရပေမယ့် မပြောင်းလဲတာကတော့ ကိုယ့်ဒေသကို ကာကွယ်ဖို့ ဆိုတဲ့ အသိစိတ်ပါပဲ။

ဒီဒေသက ငြိမ်းချမ်းရေးယူထားတဲ့ ဒေသဖြစ်လို့ တပ်မတော်ရဲ့ တပ်စခန်းတချို့ ချထားတာကို တွေ့ရပေမယ့် တကယ့် အုပ်ချုပ်ရေး ပိုင်းကို အာဏာချုပ်ကိုင်ထားတာကတော့ ပြည်သူ့စစ် တပ်ဖွဲ့က ဖြစ်ပါတယ်။ အထူးသဖြင့် နယ်ခြားစောင့်တပ် (ကချင်ပြည်နယ်)နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ နှစ်ခုလုံးတို့ရဲ့ အကြီးအကဲဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းပဲ ဖြစ်ပါတယ်။

ဦးစခုန်တိန့်ယိန်းကတော့ ပန်ဝါမြို့မှာ နယ်ခြားစောင့်တပ် (ကချင်ပြည်နယ်)၊ စစ်ဌာနချုပ် ထားပြီး နေထိုင်ပါတယ်။

ပြည်သူ့စစ် တပ်ဖွဲ့ရဲ့ အဓိကရုံးစိုက်တာကတော့ ချမ်းမောခုန်း ရွာမှာပါပဲ။

ပြည်သူ့စစ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးယောခေါက“ဒီဒေသကို KIAပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လာမတိုက်နိုင်အောင် ကျနော်တို့က ပြည်သူ့စစ်ဖွဲ့ပြီး ကာကွယ်ထားရတာပါ”လို့ ပြောပြပါတယ်။

လချိဒ်မျိုးနွယ်စုတွေက အခုချိန်ထိ နတ်တွေကို ကိုးကွယ်ကြပြီး တောင်ယာ လုပ်တဲ့အခါ၊ ရိတ်သိမ်းတဲ့အခါ၊ ကလေး မီးဖွားတဲ့ အခါ ဖျားနာ နေထိုင်မကောင်း ဖြစ်ကြတဲ့အခါတွေမှာ တိုင်တည်ဆုတောင်းကြပြီး ကြက်၊ ဝက်နဲ့ နွားတွေကို ယဇ် ပူဇော်တာမျိုးတွေလည်း လုပ်ကြပါသေးတယ်။

ကိုယ့်ဒေသကို ခြံစည်းရိုးပိတ်လို့ နေထိုင်လာတဲ့ လချိဒ် မျိုးနွယ်စု၊ လော်ဝေါ် မျိုးနွယ်စုတို့က ဘာစီးပွားရေးလုပ်ငန်းမှကို မမျှော်လင့် ဘဲ သူတို့ ဒေသကို ကာကွယ်ဖို့ တခုတည်းအတွက် ပြည်သူ့စစ် လုပ်ရင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ဘဝကိုပဲ တင်းတိမ် နေ ကြပါတယ်။

မိဘတွေက တောင်ယာလုပ်ကိုင်နေတဲ့ အချိန်မှာ ကလေးငယ်တွေက သူတို့ရဲ့ မောင်နှမငယ်တွေကို ပြန်ထိန်းကျောင်းရပါတယ်။ အသက် ၁၅ နှစ် ကျော်တဲ့ သားယောကျာ်လေးတွေကတော့ ပြည်သူ့စစ် တာဝန် ထမ်းဆောင်နေသူတွေလည်း ရှိတာ တွေ့ရပါ တယ်။

နတ်ကိုးကွယ်မှုကနေ ယဉ်ကျေးမှု အစပြုလာတာကြောင့် ရိုးရာအရ စစ်သည်တော်ရွေးချယ်ရာမှာ ဘာသာရေး ဆရာ၊ ရှေ့ဖြစ်ဟော ဆရာတွေက နိမိတ်ဖတ်ပြီး ၁၂ လက်မ လုံးပတ်ခန့်ရှိတဲ့ သစ်သားကို ဓားနဲ့ တချက်တည်း ပြတ်အောင်ခုတ်နိုင်ရင် စစ်သည်တော်ဖြစ်တယ် ဆိုပြီး ရွေးချယ်တဲ့ ဓလေ့လည်း ရှိတယ်လို့ သိရပါတယ်။

လချိဒ်မျိုးနွယ်စုတွေက ခရစ်ယာန် ဘာသာကို အဓိက ကိုးကွယ်နေကြပြီဖြစ်ပေမယ့် တချို့ အရေးကိစ္စတွေမှာတော့ နတ်တွေကို အားကိုးနေကြတုန်းပါပဲ။

ရဲစခန်းတို့ တရားဥပဒေတို့ မရှိတာကြောင့် အထူးဒေသ (၁)မှာ တရုတ်ဘက်ကို လူကုန်ကူးမှု၊ လူသတ်မှု တို့ ဖြစ်ပွားခဲ့ရင်လည်း ပြည်သူ့စစ် ခေါင်းဆောင်တွေဆီမှာ တိုင်တန်းပြီး ပြေလည်လိုက်ကြတယ်လို့ သိရပါတယ်။ သီးသန့် အရေးယူ ဆောင်ရွက်တာမျိုးတွေ မရှိကြပါဘူး။
လချိဒ်မျိုးနွယ်စုတွေ နေထိုင်တဲ့ နေရာက ချီဖွေမြို့နယ်နဲ့ တောင်ပေါ် မြေလမ်း ပေါက်တာတောင် ၂ နှစ်ပဲ ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့အပြင် တယ်လီဖုန်းလိုင်းတွေလည်း မရှိပါဘူး။

အဲဒီ့အတွက် သူတို့ရဲ့ တနေ့တာဟာ အိမ်မှုကိစ္စ လုပ်ခြင်း၊ တောင်ယာ အလုပ်လုပ်ခြင်း၊ ကိုယ့်ဒေသကိုယ် စောင့်ရှောက်ခြင်း ဆိုတာ တွေနဲ့ပဲ အချိန်ကုန်သွားကြပါတယ်။ သူတို့အတွက် ခေတ်ပေါ် ဇိမ်ခံပစ္စည်းဆိုတာ ဘာမှ မရှိပါဘူး။

ပြည်သူ့စစ် တာဝန် ထမ်းဆောင်နေတဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့ ဂိတ်စခန်းတွေမှာ အလှည့်ကျ စောင့်ရပြီး လူအဝင် အထွက် မှတ်တမ်းကို ပြုလုပ်ရပါတယ်။

တာဝန်မကျသေးတဲ့ စစ်သားတွေကတော့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီးတော့ပဲ မိဘပိုင် တောင်ယာတွေမှာ ကူညီလုပ်ကိုင် ပေးနေ တာကို မြင်တွေ့ရပါတယ်။

ပြည်သူ့စစ်ထဲကိုဝင်တာ ၁နှစ်ကြာပြီဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ဒိုင်ခေါင်က “တောင်ယာလည်း လုပ်တတ်တယ်၊ ဒေသကို ကာကွယ်ဖို့လည်း အဖေက သေနတ်ပစ် ကောင်းကောင်းသင်ပေးထားတယ်”လို့ ပြောပါတယ်။

ဒိုင်ခေါင်က သူတို့ရိုးရာသမိုင်းတွေကို ဘိုးဘွားတွေက လက်ဆင့်ကမ်းခဲ့ကြောင်းနဲ့ ဖီမောမြို့က တချိန်က သူတို့ လချိဒ်မျိုးနွယ်စုတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာကိုလည်း သိတယ်လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ပြည်မနဲ့ အဆက်အသွယ် ပြတ်တောက်မှု၊ အစိုးရနဲ့ လချိဒ်မျိုးနွယ်စုတွေကြား တိုက်ရိုက် ဆက်သွယ်မှု မရတာတွေကြောင့် လချိဒ်မျိုးနွယ်စုတွေက ဝန်ကြီးချုပ် ဦးနု အပေါ်မှာတော့ အခုထိ အထင်လွဲနေဆဲပါ။

သူတို့ရဲ့ စိတ်ထဲမှာ ဝန်ကြီးချုပ် ဦးနုက ကချင်ပြည်နယ်ထဲက မြေတွေကို ရောင်းစားဖို့ စီမံခဲ့တဲ့ သူလို့ပဲ အသိအမှတ်ပြုထားကြ ပါတယ်။

ဒီသမိုင်းကြောင်းကိုပဲ လချိဒ်မျိုးဆက်သစ်တွေကို ဆက်ပြီး လက်ဆင့်ကမ်းသွားကြဦးမှာပဲလို့ ထင်မိပါတယ်။   ။

Did you find apk for android? You can find new Free Android Games and apps.
Loading