ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်နယ်မြေ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်ရှင်က ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်၍ အခြေခံ အလုပ် သမား အဖွဲ့အစည်း လုပ်ပိုင်ခွင့်ဥပဒေကို ချိုးဖောက်မှုများ ရှိနေသော်လည်း အစိုးရက တာဝန်ယူမှုမရှိကြောင်း စက်ရုံအလုပ်သမားများ က ပြောသည်။
တိုင်ရီစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ မမိုးဝေက “ကျမတို့က ဥပဒေအရ အလုပ်သမား အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့် တွေ ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရရှိဖို့ တောင်းဆိုတာ အလုပ်ရှင်က လိုက်လျောမှု မရှိဘူး။ အလုပ်ရှင်ဘက်က တဖက် သတ် ရေးဆွဲထားတဲ့ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်မှာ လက်မှတ်မထိုးရင် စက်ရုံထဲ ဝင်ခွင့်မပေးဘူး ပြောတယ်။ အစိုးရဘက်က ညှိနှိုင်းပေးတာကလည်း ပြတ်ပြတ်သားသား မရှိဘူး။ ကျမတို့ကို လုပ်ငန်းခွင်ပြင်ပနဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ လုပ်ဆောင်မှုတွေမှာပဲ ပါဝင်ခွင့်ပေးမယ်ဆိုတဲ့ ပိတ်ပင်တားဆီးမှုတွေ ရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တိုင်ရီဖိနပ်စက်ရုံ ပိုင်ရှင်ဖြစ်သူက အလုပ်သမားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ရေးဆွဲရာတွင် အခြေခံအလုပ်သမားအဖွဲ့ အမှုဆောင်များကို ဝင်ရောက်ပါဝင်ခွင့်၊ လုပ်ပိုင်ခွင့်မပြုဘဲ လျစ်လျူရှုထားသဖြင့် တိုင်ရီ စက်ရုံအခြေခံ အလုပ်သမားအဖွဲ့ဝင် အလုပ်သမား ၁၀၀၀ ခန့်က စက်ရုံမျက်နှာစာရှေ့တွင် ဆန္ဒပြ ခဲ့ကြသည်။
ထိုသို့ အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှု မပြေလည်သည့်အတွက် အစိုးရ တာဝန်ရှိသူများက ဖြေရှင်းပေးရေး တောင်းဆို ရန် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း လမ်းခရီး၌ ရဲတပ်ဖွဲ့၏ တားမြစ်ခြင်း ခံခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။
“ကျမတို့တွေကို ပြည်ထဲရေးက တရားစွဲမယ်ဆိုပြီးတော့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့က မနေ့က လာပြောသွားတယ်။ ထွေအုပ်က လူတွေလည်း ပါတယ်။ စာတော့ မထုတ်ပြန်သေးဘူး။ အစိုးရပိုင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတော့ ကျမတို့အခွင့်အရေး တွေ ရရှိဖို့အတွက် ဆက်ပြီးတောင်းဆိုသွားမယ်”ဟု အခြေခံ အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ မမိုးဝေက ပြောဆိုသည်။
တိုင်ရီစက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းညှိနှိုင်းရေးအဖွဲ့၊ တိုင်ရီ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များက ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ကြောင်း တိုင်ရီစက်ရုံ အလုပ်သမားများက ပြော သည်။
“ကျနော်တို့ဘက်ကတော့ အလုပ်သမားတွေက သမ္မတကြီးကိုတွေ့ပြီး သူတို့ကိစ္စတွေ ပြောချင်တယ်လို့ ပြောကြတယ်။ ကျနော်တို့ ပြောပြတာက ဒီလိုမျိုး လွယ်လွယ်နဲ့တွေ့လို့ မရဘူး။ စာနဲ့တင်ပြပါလို့ ပြောလိုက်တယ်။ ဒါ့အပြင် ညှိန်ှိုင်းဖြေရှင်းကြဖို့လည်း ပြော ထား တယ်”ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောဆိုသည်။
၂၀၁၁ ခုနှစ်က ပြဌာန်းခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ အခန်း ၁၃ ပုဒ်မ ၅၀ (က) အရ အလုပ်အမှုဆောင် အဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဟန့်တားနှောင့်ယှက်ခြင်းများ မပြုလုပ်ရန် ပါရှိသည်။
ယင်း ဥပဒေကို ချိုးဖောက်သည့် အလုပ်ရှင်အား ပြစ်မှုထင်ရှားပါက ကျပ် တသိန်းထက် မပိုသည့်ငွေဒဏ်ကိုဖြစ်စေ၊ တနှစ် ထက် မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။