ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးသမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး မြန်မာ့နိုင်ငံရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်မလဲ ဆိုတာ အများက စောင့်ကြည့်နေတဲ့အချိန် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးကိုကိုကြီးက နိုင်ငံရေးပါတီတရပ် ထူထောင်နိုင်ဖို့ ကြိုးစားနေပြီလို့ တရားဝင် ထုတ်ဖော်ပြောဆိုလာပါပြီ။
၂၀၁၅ ရွေးကောက်ပွဲမှာလည်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ တဆင့် လွှတ်တော် နိုင်ငံရေးကို ဝင်ရောက်နိုင်ဖို့ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ကြိုးစားခဲ့ပေမယ့် NLD က ကိုယ်စားလှယ်လောင်းတွေ အဖြစ် မရွေးချယ်ခဲ့တာကြောင့် ဒီနိုင်ငံရေး လမ်းကြောင်းပေါ်ကို ရောက်မလာခဲ့ပါဘူး။
သူတို့တွေကို NLD ပါတီက မရွေးချယ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး ၈၈ မျိုးဆက် ခေါင်းဆောင်တွေဟာ အင်တိုက်အားတိုက် ကူညီပေးခဲ့တာမျိုးတွေ ရှိပါတယ်။ NLD ပါတီ အနိုင်ရသွားတဲ့ အခါမှာလည်း လူထုမျှော်လင့်တဲ့ ထောက်ခံတဲ့သူတွေ လုပ်ပိုင်ခွင့် ရရှိသွားခြင်း အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး ၂ ပတ်အကြာ VOA မြန်မာပိုင်းနဲ့ အင်တာဗျူးမှာတော့ ဦးကိုကိုကြီးက “ရေရှည်နိုင်ငံရေးပုံစံနဲ့ ဆိုရင်တော့ ဒီ ၈၈ မျိုးဆက်တွေ မျိုးဆက်အသီးသီးပေါ့၊ စုစည်းပြီးတော့ နိုင်ငံရေးပါတီ တခုအဖြစ်နဲ့ ရပ်တည်သွားဖို့ ကျနော်တို့ ဆွေးနွေးကြတာတွေ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။
နိုင်ငံရေးပါတီတရပ် တည်ထောင်တဲ့ အခါမှာ ပြည်တွင်းရော ပြည်ပမှာပါ ရောက်နေတဲ့ အင်အားစုတွေအပြင် ၈၈ နောက်ပိုင်း ကျောင်းသားမျိုးဆက်တွေ အထိပါ စုစည်းပြီး ကျယ်ကျယ်ပြန့်ပြန့် ရပ်တည်သွားဖို့ ရည်ရွယ်ထားကြောင်း၊ လူထုရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်ပြီး အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ကြိုးစားနေကြောင်း ဦးကိုကိုကြီးက မီဒီယာတချို့ကို ပြောပါတယ်။
အခုလို ဦးကိုကိုကြီးက ပါတီတရပ်တည်ထောင်ဖို့ ကြိုးစားနေတာကို ဒီမိုကရက်တစ် အသိုင်းအဝိုင်းက ကြိုဆိုကြောင်း ပြောဆိုကြသလို တချို့ကလည်း အခုချိန်မှာ ထုတ်ဖော်ပြောဆိုတာ အရမ်းစောလွန်း သေးတယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက်တွေ အနေနဲ့ ဒီလို ပါတီသစ်တရပ် ထူထောင်ရင် ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မှာလဲ၊ ၈၈ မျိုးဆက် အင်အားစုတွေ အားလုံးကို စုစည်းနိုင်မှာလား၊ အဲဒီလိုရပ်တည်ရင် ရှစ်လေးလုံး အရေးတော်ပုံ ကပေါက်ဖွားလာတဲ့ NLD ပါတီ၊ ဦးအောင်မိုးဇော်တို့ ဦးဆောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့မျိုးစုံနဲ့ ဘယ်လို ညှိနှိုင်းမှုတွေ ရှိမှာလဲ ဆိုတာနဲ့ ဒီပါတီကနေ ပြည်သူလူထုကို နိုင်ငံရေးဦးဆောင်မှု ပေးနိုင်မှာလား စတဲ့ မေးခွန်းမျိုးတွေ မေးမြန်းကြပါတယ်။
၈၈ မျိုးဆက်တွေ အနေနဲ့ ပါတီသစ်တရပ်ကို ထူထောင်မယ် ဆိုရင် ပြန့်ကျဲနေတဲ့ ၈၈ မျိုးဆက် နိုင်ငံရေး အင်အားစုတွေ အားလုံးကို စုစည်းနိုင်ဖို့ လိုတယ် ဆိုတဲ့ အမြင်မျိုးတွေကို အများစုက တင်ပြကြပါတယ်။
အဲဒီနေရာမှာ ပြည်တွင်းရော ပြည်ပမှာပါ ရှိနေကြတဲ့ ၈၈ မျိုးဆက်တွေ၊ အဖွဲ့အစည်းတွေ၊ လူ ပုဂ္ဂိုလ်တွေအားလုံးဟာ အသက်အရွယ်၊ အတွေ့အကြုံ အရ ပညာအရည်အချင်းအရ ပြည်စုံမယ်ဆိုရင် ဒီအင်အားစုတွေကို စုစည်းနိုင်မယ် ဆိုရင် နိုင်ငံရေးမှာ ထိထိရောက်ရောက် လုပ်နိုင်မယ့် အင်အားစု တရပ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း၊ ညီညွတ် ရေးကိုလည်း တည်ဆောက်ရမှာ ဖြစ်ပေမယ့် ၁၀ဝ ရာခိုင်နှုန်းတော့ မျှော်လင့်ပြီး လုပ်လို့ မရနိုင်ဘူးလို့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။
ဦးမင်းဇေယျက “၈၈ မျိုးဆက်တွေ အားလုံးကို စုစည်းနိုင်မလား၊ ဘယ်လို စုစည်းကြမလဲ၊ နောက် ဘယ်သူတွေက ပါတီကို ဦးဆောင်မှာလဲ ဆိုတဲ့အချက်တွေက အဓိက စိန်ခေါ်မှုတွေပဲ ဖြစ်တယ်။ နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ကျနော် ၈၈ တွေကလည်း အများကြီး မျှော်လင့်ခဲ့ကြတာပဲ။ အခုလို အပြောင်းအလဲ ဖြစ်လာတဲ့ အချိန်မျိုးမှာ ၈၈ မျိုးဆက်တွေ အနေနဲ့ နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍနဲ့ ဆက်သွားမလဲ ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ကျပြီ” လို့ ပြောပါတယ်။
၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦးလှရွှေကလည်း “ကိုကိုကြီးတို့ ပါတီထောင်မယ် ဆိုရင်တော့ အန်ကယ်တို့က မျှော်လင့်တယ်။ လုပ်လည်း လုပ်စေချင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
၈၈ မျိုးဆက်လို နိုင်ငံရေး အရ ကျယ်ပြန့်တဲ့ ခေါင်းစဉ်အောက်မှာ ပါတီတခု စုစည်းတည်ထောင် ဖို့ဟာ လွယ်ကူတဲ့ အလုပ်တခု မဟုတ်ပေမယ့် ခေတ်စနစ်ရဲ့ တောင်းဆိုမှုအရ ဦးဆောင်ပါတီတရပ် ရှိဖို့ လိုအပ်နေချိန်မှာ ဦးဆောင်မယ် ဆိုသူတွေ အနေနဲ့ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့မှာ အလုပ်ပါဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးထွန်းကြည်က ဆိုပါတယ်။
ဦးထွန်းကြည်က “ကိုကိုကြီးတို့ အနေနဲ့ ဒီအချိန်မှာ ဒီလို ထုတ်ပြောတာ အရမ်းစောလွန်းနေတယ်။ တကယ်က ၈၈ မှာ ပါခဲ့တဲ့ နိုင်ငံရေးမျိုးဆက်တွေ၊ ၉၆၊ ၉၈ မျိုးဆက်တွေ၊ ၂၀ဝ၇ မျိုးဆက်၊ အခု မျိုးဆက်တွေနဲ့ နောက်ဆုံး ၆၂ မျိုးဆက် တွေရဲ့ အကြံဉာဏ်တွေပါ ယူဖို့ကောင်းတယ်။ သူခေါ်တိုင်းလည်း တို့က သွားချင်မှ သွားမယ်။ အရင် အမြင်တူဖို့၊ အတွေးတူဖို့ လိုတယ်။ အဲဒါမှ အလုပ် အတူတူ လုပ်လို့ရမှာ။ သူ မပြောခင်မှာ အလုပ်အရင် စလုပ်ပြီး ဆွေးနွေး တိုင်ပင်မှုတွေ ရှိထားဖို့ ကောင်းတယ်” လို့ အကြံပြုပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံက ပေါက်ဖွား လာခဲ့တဲ့ NLD ပါတီကနေတဆင့် ရွေးကောက်ပွဲ ဝင်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁၀ ခန့်အထိ ပါဝင်ခဲ့ပြီး အားလုံးနီးပါး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ၈၈ မျိုးဆက်တွေ အနေနဲ့လည်း လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ဖို့ ပြင်ဆင်ထားသင့်ပြီလို့ အဆိုပြုသူ တချို့လည်း ရှိပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ရည်ရွယ်ချက် ကောင်းတယ်။ နိုင်ငံရေးပါတီ တခု လုပ်မယ် ဆိုရင် အခြေခံ အတွေးအခေါ်၊ ယူဆချက်တွေ ရှိဖို့လိုတယ်။ အဲဒီအပေါ် မူတည်ပြီး ဒီအပေါ်မှာ စိတ်ဝင်စားတဲ့သူတွေကို စုစည်းမယ် ဆိုရင် ပိုကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကို ဖြတ်သန်းပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ တခုလည်းဖြစ် ပြည်ပမှာ လည်း လူ့ဘောင်သစ် အမည်နဲ့ပဲ ရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာတချို့ ဝင်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ အခုလည်း ၈၈ မျိုးဆက်တွေ ပါတီတရပ်အနေနဲ့ ထွက်လာမယ်ဆိုရင် နည်းလမ်း တမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီး မဟာမိတ်အဖြစ် ရပ်တည်သွားမယ်လို့ ဦးအောင်မိုးဇော်က ဧရာဝတီကို ပြောပါတယ်။
အခု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမယ့် အချိန်မှာ တိုင်းပြည်ကို ပြန်လာကြမယ့် သူတွေ ရှိသလို နိုင်ငံရေးအရ ထဲထဲဝင်ဝင် ဝင်ရောက်ဆောင်ရွက်မယ့် သူတွေလည်း ဒီအချိန်မှာ ခြေလှမ်းပြင်ကြပါပြီ။
မြန်မာ့နိုင်ငံရေးမှာ ပါတီတွေ ဘယ်လောက်များများ လူထုက ဆုံးဖြတ်ချက်ချရင် ပိုင်ပိုင်နိုင်နိုင် တခုတည်းကိုပဲ ရွေးချယ်ခဲ့တာကို ၂၀၁၅ ရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။ ပါတီတွေ ဘယ်လောက် များများ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ NLD ကိုပဲ ရွေးခဲ့ကြတယ်။
အဲဒီလိုမျိုး ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု ကိုခံရတဲ့ နိုင်ငံရေးပါတီတရပ် တည်ထောင်မယ် ဆိုရင် တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ပြီး နိုင်ငံရေး အရ၊ စီးပွားရေးအရ ဒဏ်ခံနိုင်တဲ့ သူဖြစ်ဖို့ လိုသလို ပါတီကို စပြီး ဦးဆောင်မယ့် သူတွေဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဦးအောင်မိုးဇော်က “ဒေါ်စု အလွန်ကျရင် ခေါင်းဆောင် မရှိတော့ဘူး။ အဲဒီတော့ ငါလုပ်ရင် ရနိုင်တယ်၊ ပါတီထောင်မယ် နိုင်ငံရေးလုပ်မယ် ဆိုရင်တော့ ဘယ်သူ့ကိုမှ မထောက်ခံပါဘူး။ တကယ် တိုင်းပြည်ရဲ့ ဒီမိုကရေစီကို တည်တည်ငြိမ်ငြိမ်နဲ့ သွားချင်တယ် ဆိုရင် နိုင်ငံရေးပါတီတွေ ကျန်းမာဖို့ လိုတယ်။ တကယ်တမ်း ပါတီသစ် တရပ်တည်ထောင်မယ် ဆိုရင်တော့ လူထုက ကိုယ့်ကို အားကိုးချင်လာအောင်၊ ယုံကြည်လာအောင် တော်တော် လုပ်ရလိမ့်မယ်” လို့ ပြောပါတယ်။
အဲဒီလိုမှမဟုတ်ရင်တော့ ငွေကြေးတတ်နိုင်တဲ့ သူ၊ ငွေကြေးတတ်နိုင်တဲ့ ပါတီကြီးတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံသွားရနိုင်ပြီး နိုင်ငံရေး သေသွားမယ့်သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
NLD ပါတီလို နိုင်ငံရေး အစဉ်အလာရှိတဲ့ ပါတီကြီးဟာ နောက်တကြိမ် ရွေးကောက်ပွဲမှာလည်း ယခုတကြိမ်လို တောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်တဲ့ အတွက် သီးခြား နိုင်ငံရေးပါတီတရပ် ထူထောင်မယ် ဆိုရင် တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့ အပါအဝင် ကျောင်းသားခေါင်းဆောင် တော်တော်များများဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရသလို ဦးမိုးသီးဇွန်၊ ဦးအောင်မိုးဇော်လို လူမျိုးတွေဟာလည်း ပြည်ပကို ရောက်ရှိသွားကြသလို တောထဲကို ရောက်သွားကြသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ ရှစ်လေးလုံးက ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။
တချို့ကလည်း တရားဝင် နိုင်ငံရေးပါတီ ပုံစံနဲ့ ရပ်တည်နေကြသလို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရပ်နေသူတွေ၊ ပြည်ပ နိုင်ငံအသီးသီးကို ရောက်နေတဲ့ အင်အားစုတွေလည်း ပြန့်ကျဲနေတာမျိုး ရှိတဲ့ အတွက် အားလုံးကို တစုတစည်းတည်း ဖြစ်နိုင်ဖို့ကတော့ တော်တော်လေး ခက်ခဲမှာပါ။
၈၈ နိုင်ငံရေး မျိုးဆက်တွေဟာ အာဏာရှင် စနစ်ကို တွန်းလှန်ရာမှာ ဒီမိုကရေစီ ရည်မှန်းချက် အတွက် ရင်ခုန်သံ တူညီခဲ့ကြပေမယ့် တိုင်းပြည် တည်ဆောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည်စုစည်းဖို့ ကိစ္စမှာတော့ ကြိုးစား နေရတုန်း သို့မဟုတ် ပျက်ကွက်နေကြဆဲ ပါပဲ။
မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအင်အားစုတွေဟာ ဒီနေ့အထိ နိုင်ငံရေး အခင်းအကျင်းမှာ ကိုယ်တိုင် ဝင်ရောက် ကစားနိုင်ခြင်းမျိုး မရှိသေးဘဲ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေ ဖြစ်တဲ့ NLD အပါ အဝင် နိုင်ငံရေး အင်အားစုတွေကို ဝိုင်းဝန်းကူညီပေး တဲ့အဆင့်မှာပဲ ရှိနေပြီး အများမျှော်လင့်ကြတဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုတော့ အခုချိန်ထိ ရောက်မလာကြသေး ပါဘူး။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးရဲအောင်က “၈၈ မျိုးဆက်တွေဟာ ဝိုင်းဝန်းကူညီ နေတယ် ဆိုတာထက် နိုင်ငံရေး ရည်မှန်းချက်တွေကို ကိုယ်တိုင် အကောင်အထည် ဖော်တဲ့ သူတွေ ဖြစ်ဖို့ လိုနေပါပြီ” လို့ ပြောပါတယ်။
ဒီလို ဒီမိုကရက်တစ် အပြောင်းအလဲကို ဦးတည်နေကြတဲ့ အချိန်မှာ နိုင်ငံရေးကို ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်ဖို့ ပါတီတရပ် ထူထောင်ဖို့ လိုအပ်ပေမယ့် နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတရပ်ဆီ ရောက်အောင် သွားနိုင်မလား ဆိုတာကတော့ ဦးဆောင်မယ့်သူ အပေါ် မူတည်မှာပါ။
လက်တွေ့မှာလည်း ပါတီကို ဦးဆောင်မယ့်သူ တွေဟာ အယူအဆ၊ ဝါဒအမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ ၈၈ မျိုးဆက် အင်အားစုတွေကို ပြန်လည် စုစည်းနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပြီး ဒီအချက်ကပဲ ပါတီရဲ့ ရေရှည်ရပ်တည်မှုကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်တဲ့ အတွက် ၈၈ နိုင်ငံရေးမျိုးဆက် ဘယ်လို ခရီးဆက်မလဲ ဆိုတာ စောင့်ကြည့်ကြရ အောင်ပါ။ ။