လာမည့်အစိုးရသစ် လက်ထက်၌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်တိုင်းတွင် မသန်စွမ်းသူများအရေးကို ထည့်သွင်း စဉ်းစားပေးရန် မသန်စွမ်းသူများ အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် လက်ရှိပြဌာန်းထားဆဲ တည်ဆဲဥပဒေနှင့် မူဝါဒများသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဟန့်တားနေပြီး မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အရေးရရှိရန်အတွက် ကြီးမားသည့် အခက်အခဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွ့ဲ (MINI) ဥက္ကဋ္ဌ ဦးနေလင်းစိုးက ဧရာဝတီကို ပြောသည်။
“ပြောင်းလဲရမယ့် အရာတွေကတော့ အများကြီးပေါ့။ ကျနော်တို့ ပြောချင်တာကတော့ တည်ဆဲဥပဒေနဲ့ မူဝါဒတွေပါ။ မသန်စွမ်း သူ တွေရဲ့ မွေးရာပါ အခွင့်အရေးကို ဟန့်တားစေတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲစေချင်တယ်။ ပြင်ဆင်စေချင်တယ်။ ပြီးတော့ မသန် စွမ်းသူတွေကို ကာကွယ်ပေးမယ့် လုံခြုံမှုပေးတဲ့ ဥပဒေနဲ့ မူဝါဒအသစ်တွေ အခိုင်အမာလုပ်ပေးဖို့ လိုပါတယ်”ဟုလည်း ဦးနေလင်း စိုး က ပြောဆိုသည်။
နိုင်ငံတော်၏ ဘတ်ဂျက်ခွဲတမ်းများခွဲဝေရာတွင် ဝန်ကြီးဌာနများက မသန်စွမ်းလူထု ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်မဖြစ်မနေထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဧဒင် မသန်စွမ်း သက်ငယ်ပြုစုရာရိပ်မြုံ မန်နေဂျင်း ဒါရိုက်တာ ဦးထာအုပ် က“မသန်စွမ်းသူတွေကို ကာကွယ်ပေးတဲ့ဥပဒေ အရမ်း လိုအပ်နေတယ်။ ပြီးခဲ့တဲ့ အစိုးရက ဥပဒေပဲ ပြဌာန်းတယ်။ စာရွက်ပေါ်မှာပဲ ရှိတယ်။ နည်းဥပဒေတွေ မထွက်လာသေးဘူး။ မူဝါဒ တွေ နည်းဥပဒေတွေ ချဖို့က လာမယ့် အစိုးရအပေါ်မှာရှိတဲ့အတွက် မှန်မှန်ကန်ကန် ချနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဧရာဝတီ ကို ပြော သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဥပဒေတခုတည်းနှင့် မလုံလောက်ကြောင်း၊ မသန်စွမ်းသူများအတွက် ပညာရေး ဥပဒေ၊ အသက်မွေးဝမ်းကျောင်း ဥပဒေများ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ မသန်စွမ်းမှုသည် ကဏ္ဍတိုင်း၊ ဝန်ကြီး ဌာန တိုင်း နှင့် သက်ဆိုင်ကြောင်း ဦးထာအုပ်က ပြောသည်။
“ပညာရေးမှာ အတူတူ ပညာသင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျောင်းတက်မယ်ဆိုရင် သူတို့က လမ်းမလျှောက်နိုင်တဲ့အတွက် ဝှီးချဲကို အသုံးပြုရမယ်။ အဲဒီအတွက် နှစ်ထပ်ကျောင်းဆိုရင် သူတို့မသန်စွမ်း ကလေးတွေအတွက် တကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ အဆင် မပြေဘူး။ ကလေးတွေကို မိဘတွေ စိတ်ဓာတ်မငယ်အောင် ကူညီပေးဖို့ လိုပါတယ်။ မိဘတွေက အဓိကထားမယ်ဆို အများကြီး လို အပ်ပါတယ်”ဟု ဧဒင် မသန်စွမ်း သက်ငယ်ပြုစုရာ ရိပ်မြုံတွင် ကျောင်းတက်နေသည့် ကလေးမိခင် တဦးဖြစ်သည့် ဒေါ်ရီရီထွေးက ဧရာဝတီကို ပြောပြသည်။
ဒီဇင်ဘာ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပြီး နိုင်ငံတကာတွင် အထိမ်းအမှတ်ပွဲများ ကျင်းပသည့် နည်းတူ မြန်မာနိုင်ငံတဝန်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ကန်တော်ကြီးတွင်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည်။
ကမ္ဘာ့ကုလသမဂ္ဂ က ၁၉၉၂ ခုနှစ်မှစတင်ပြီး ဒီဇင်ဘာ ၃ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၉၄ ခုနစ်မှစတင်၍ ဒီဇင်ဘာ ၃ ရက်နေ့တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် နှစ်စဉ် ကျင်း ပ လာခဲ့သည်။