ကမ္ဘာတလွှားတွင် လက်ရှိအချိန်၌ အာဏာရှင် ၅၅ ဦး ရှိပါသည်။ ၎င်းတို့ အနက်မှ ၁၁ ဦးသည် ၆၉ နှစ် နှင့် အထက် ရှိသူများ ဖြစ်ကြပြီး ကျန်းမာရေး ကျဆင်းမှု အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်နေရသူများ ဖြစ်ကြသည်။
အန်ဂိုလာနိုင်ငံမှ အသက် ၇၃ နှစ်အရွယ် Jose Eduardo dos Santos၊ ကာဇက်စတန်နိုင်ငံမှ အသက် ၇၅ နှစ်အရွယ် Nursultan Nazarbayev နှင့် ဇင်ဘာဘွေ နိုင်ငံမှ ၉၁ နှစ်အရွယ် Robert Mugabe တို့ကဲ့သို့ သက်ကြီးပိုင်း အာဏာရှင်များသည် အာဏာကို ၁၀ စုနှစ်များစွာ ချုပ်ကိုင်ထားခဲ့ ကြသူများ ဖြစ်ကြသည်။ ထိုအချက်များက လတ်တလောတွင် ဖြည်းဖြည်းနှင့် မှန်မှန် ပြန်လည်နိုးထ လာနေသည့် အာဏာရှင်စနစ်ကို မှတ်တမ်းတင်နေ ကြသော ဒီမိုကရေစီရေး စောင့်ကြည့်လေ့လာသူများ အတွက် မျှော်လင့်ချက်တခု ဖြစ်ခဲ့ရသည်။ လက်တွေ့တွင်လည်း ကမ္ဘာပေါ်ရှိ အာဏာရှင်စနစ် ၂၀ ရာခိုင် နှုန်းသည် ဒီမိုကရေစီ ဖြစ်ပေါ်လာစေမည့် အခွင့်အလမ်းများ အဆက်အပြတ် ဖြစ်ပေါ်လာခြင်းနှင့် ရင်ဆိုင်နေကြရသည်။
အခြားတဖက်မှ ကြည့်လျှင်မူ အသက်အရွယ် အိုမင်းလာသည့်၊ ကျန်းမာရေး ချို့ယွင်းလာသည့် အာဏာရှင် အရေအတွက် တိုးလာခြင်းက စိုးရိမ်စရာ အကြောင်းတခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ တိုင်းပြည်ကို နှစ်ပေါင်း များစွာ အုပ်ချုပ်လာသည့် ခေါင်းဆောင်များ သေဆုံးသွားခဲ့လျှင် ကြီးမားသော နိုင်ငံရေး တိုက်ခိုက်ပွဲများ သို့မဟုတ် နိုင်ငံရေး ပဋိပက္ခများ ဖြစ်လာနိုင်ပြီး တိုင်းပြည် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အချို့က စိုးရိမ်ကြပါသည်။ အယ်ဂျီးရီးယားနိုင်ငံမှ Abdelaziz Bouteflik၊ ကင်မရွန်းနိုင်ငံမှ Paul Biya၊ ဆူဒန်နိုင်ငံမှ Omar al-Bashir ကဲ့သို့ အသက်အရွယ် ကြီးရင့်သည့် အာဏာရှင်များက ၎င်းတို့ကို ဆက်ခံမည့်သူ သတ် မှတ်ထားခြင်း မရှိသေးခြင်းက အဆိုပါ စိုးရိမ်မှုများကို ပိုမိုခိုင်မာစေသည့် သဘော ဖြစ်နေပါသည်။
အမြင်နှစ်ခုလုံးက ကျိုးကြောင်းဆီလျော်မှု ရှိသော်လည်း သုတေသန ပြုလုပ်မှုများ အရ ၎င်း နှစ်ခုထဲမှ တခုကို ရွေးချယ်ရန် ခက်ခဲသည်ကို တွေ့ရပါသည်။ လေ့လာတွေ့ရှိချက် အရ ၁၉၄၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အာဏာ လက်ရှိ အာဏာရှင် ၇၉ ဦး သေဆုံးခဲ့ပြီး သူတို့ သေဆုံးမှု အားလုံးနီးပါးက ဒီမိုကရေစီ၏ လမ်းစ မဟုတ်သည်သာမက အာဏာရှင် အစိုးရကို ဖယ်ချနိုင်ခဲ့ခြင်းလည်း မဟုတ်ခဲ့ပါ။ ဖြစ်စဉ်အများစု (၉၂ ရာခိုင်နှုန်း) တွင် အာဏာရှင် သေဆုံးသွား သော်လည်း အာဏာရှင် အစိုးရက ဆက်လက် တည်ရှိနေခဲ့သည်။
၂၀၁၃ ခုနှစ် ဗင်နီဇွဲလားနိုင်ငံတွင် Hugo Chávez သေဆုံးခြင်း၊ ၂၀၁၂ ခုနှစ် အီသီယိုးပီးယား နိုင်ငံတွင် Meles Zenawi သေဆုံးခြင်း၊ ၂၀၁၁ ခုနှစ် မြောက်ကိုရီးယားတွင် Kim Jong Il သေဆုံးခြင်းတို့က အဆိုပါလမ်းစဉ်ကို ဖော်ပြနေကြသည်။ အာဏာရှင်နိုင်ငံများမှ အခြားသော အုပ်ချုပ်မှု ပြောင်းလဲခြင်း (စစ်တပ်အာဏာသိမ်းခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်း၊ သက်တမ်း ကန့်သတ်လိုက် ခြင်း အစရှိသဖြင့်) များနှင့် နှိုင်းယှဉ်လျှင် အာဏာ ရှင်သေဆုံးခြင်းက မှတ်သားဖွယ်ရာ အကျိုးဆက် မရှိခဲ့သည်ကို တွေ့ရပါသည်။
အာဏာရှင်တယောက် သေဆုံးခြင်းက ဒီမိုကရေစီ ပေါ်ပေါက်လာနိုင်သည့် အခြေအနေ အလွန်နည်းပါးသည်သာမက ရေရှည်တွင် တိုင်းပြည် လွတ်မြောက်လာရေး အတွက် မျှော်လင့်ချက်များကို လည်း ပိုမိုကောင်းမွန်လာစေနိုင်ခြင်း မရှိပါ။ အာ ဏာရှင် တယောက် သေဆုံးသွားပြီးနောက် သူ၏နေရာကို ဆက်ခံလာသူက မူလရှိမြဲအနေအထားမှ ခွဲထွက်ရန် ကြိုးစားခဲ့လျှင် ယခင် အာဏာရှင်၏ လူယုံဟောင်းများ၏ ခုခံဆန့်ကျင်မှုနှင့် ရင်ဆိုင်ရမည့် အသွင် ရှိနေသည်။ ၎င်းတို့သည် အာဏာရှင် အစိုးရ၏ အဓိကနေရာများကို ဆက်လက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး စနစ်သစ်ကြောင့် သူတို့၏ အကျိုးစီးပွားများ အကန့်အသတ်ရှိလာမည်ကို မလိုလားသူများ ဖြစ်ကြသည်။
ဆီးရီးယားနိုင်ငံမှ ရက်စက်သော အာဏာရှင် Bashar al-Assad သည် ၂၀ဝ၀ ခုနှစ်တွင် ၎င်း၏ဖခင် သေဆုံးပြီးနောက် အာဏာရလာပြီး တိုင်းပြည်ကို လွတ်လပ်ခွင့်များပေးရန် မျှော်လင့်ခဲ့သည်ကို ယနေ့အချိန်တွင် အများစုက မေ့လျော့ နေခဲ့ကြပါသည်။ သူ အာဏာရလာပြီး မကြာမီအချိန်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်များ တိုးမြှင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် အင်တာနက် အသုံးပြုမှု တိုးချဲ့ပေးခြင်းများ အပါအဝင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် စတင်လုပ်ဆောင် ခဲ့သည်။
သို့သော်လည်း သူတို့၏ နိုင်ငံရေးအာဏာကို ဆက်လက်ထိန်းသိမ်းထားပြီး မူဝါဒအပြောင်းအလဲများကို ပိတ်ဆို့ရန်နှင့် အကောင်အထည် ဖော်မှုများကို တားမြစ်နိုင်သည့် ဩဇာရှိပုဂ္ဂိုလ်များဖြစ်သော ၎င်း၏ ဖခင်၏ အစိုးရအဖွဲ့မှ လူဟောင်းများကြောင့် သမ္မတ Bashar al-Assad ၏ စနစ်ပြောင်းလဲရေး စွမ်းဆောင်မှုများမှာ ကန့်သတ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
အာဏာရှင်တယောက် သေဆုံးသွားပြီးနောက်တွင် အာဏာသိမ်းခြင်းများနှင့် လူထုအုံကြွမှုများ ဖြစ်ပေါ်လာတတ်သည် ကို တွေ့ခဲ့ရပါသည်။ အာဏာရှင် တယောက် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သည့် နှစ်အတွင်းတွင် အာဏာ သိမ်းခြင်းက ၆ ရာခိုင်နှုန်း ရှိရာ အာဏာရှင်များက တခြားသော နည်းလမ်းများဖြင့် အာဏာကို ထားရစ်ခဲ့ခြင်းက ၃၂ ရာခိုင်နှုန်းရှိသည် နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ အလားတူပင် အာဏာရှင်တဦး သေဆုံးပြီးနောက် ပြည်သူများ၏ ကြီးမားသော ဆန္ဒပြပွဲများ ပေါ်ပေါက်ရန် အခြေအနေက အာဏာရှင်ခေါင်းဆောင် အခြားသော အခြေအနေများဖြင့် အာဏာစွန့်သွားသည့် နောက်ပိုင်းထက် နည်းသည်ကို တွေ့ရပါသည်။ ကျမတို့က အချိန် အပိုင်းအခြားတခု သတ်မှတ်၍ ခေါင်းဆောင် အပြောင်းအလဲ နောက်ပိုင်း ၅ နှစ်တာ အချိန်ကာလကို စောင့်ကြည့်သည့် အခါတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်ကို တွေ့ရပါသည်။
ကူဝိတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ အချို့ နေရာများတွင် ၎င်းတို့၏ ခေါင်းဆောင် သေဆုံးပြီး နောက်ပိုင်းတွင် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်စွမ်းက သက်ဦးဆံပိုင် ဘုရင်စနစ် ကြာရှည်ခိုင်မြဲမှုကို ရောင်ပြန်ဟပ်ပြနေ ပါသည်။ အဆိုပါနေရာများတွင် ခိုင်မာသည့် ရာထူးဆက်ခံမှု စနစ်က မျိုးဆက်များကြားတွင် တည်ငြိမ်စွာ ပြီးဆုံး စေခဲ့သည်။ အချို့ဖြစ်ရပ်များတွင် ဖခင်၏ အမွေကို သားဖြစ်သူက ဆက်ခံနိုင်ခြင်း အားဖြင့် အာဏာရှင် အစိုးရစနစ် တခုကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ဥပမာအားဖြင့် ဆီရီးယား (၂၀ဝ၀ ပြည့်နှစ်)၊ အဇာဘိုင်ဂျန် (၂၀ဝ၃ ခုနှစ်) နှင့် တိုဂို (၂၀ဝ၅ ခုနှစ်) တို့ ဖြစ်ပါသည်။ သို့သော်လည်း ရာထူးဆက်ခံမှု အတွက် တရားဝင် သို့မဟုတ် တိကျသော စည်းမျဉ်းများ မရှိသည့် ဗင်နီဇွဲလား (၂၀၁၃ ခုနှစ်)၊ ဇင်ဘာဘွေ (၂၀ဝ၈ ခုနှစ်) နှင့် တာမီနစ္စတန် (၂၀ဝ၆ ခုနှစ်) စသည့် နိုင်ငံများတွင်လည်း ၎င်းတို့၏ ခေါင်းဆောင်များ သေဆုံးပြီးနောက် ကြံ့ကြံ့ခံရပ်တည် နိုင်ခဲ့ကြသည်ကို တွေ့ရသည်။
အာဏာရှင်တယောက် တာဝန်ထမ်းဆောင်နေစဉ် သေဆုံးပြီးနောက် ပြောင်းလဲမှု အနည်းငယ်သာ ဖြစ်ပေါ်လာခြင်း ကိုလည်း မအံ့ဩသင့်ပါ။ အာဏာ ရယူထားစဉ် သေဆုံးခဲ့သော အာဏာရှင်များသည် သူတို့ အုပ်ချုပ်စဉ် အတွင်း အာဏာကို ခြိမ်းခြောက်လာမှု အမြောက်အမြားကို ရှောင်လွှဲနိုင်ခဲ့ကြသူများ ဖြစ်သည့် အတွက် ကျွမ်းကျင်သည့် နိုင်ငံရေးသမားများ ဖြစ်လာပြီး သူတို့ ကွယ်လွန်သွားပြီး နောက်တွင်လည်း နိုင်ငံရေးစနစ် အမြစ်တွယ် ရှင်သန်နေနိုင်အောင် ဆောင်နိုင်ခဲ့ကြပုံ ရပါသည်။ ပျမ်းမျှအားဖြင့် ၁၆ နှစ်ကြာမျှ အုပ်ချုပ်ခဲ့ပြီး ကွယ်လွန်သွားသည့် အာဏာရှင်များနှင့် ၇ နှစ်မျှသာ အုပ်ချုပ်ကာ အခြားသော နည်းလမ်းများနှင့် ထွက်သွားရသူများကို ကျမတို့ နှိုင်းယှဉ် ကြည့်ခဲ့ပါသည်။
ကာလကြာရှည်စွာ အုပ်စိုးခဲ့ခြင်းကြောင့် သူ့ကို ထောက်ခံမည့် အတွင်းစည်း လက်ရွေးစင်များကို စုစည်းနိုင်ခဲ့ပြီး ၎င်းတို့သည် လက်ရှိ အနေအထားကို ထိန်းသိမ်းရန် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သလို အခြေအနေကို ဆက်လက် ထိန်းသိမ်းရာတွင် အသုံးဝင်သည့် အဖွဲ့အစည်းများကိုလည်း တည်ထောင်ထားနိုင်ခဲ့ကြသည်။ တနည်း ဆိုရသော် အာဏာရှင်တယောက် မသေဆုံးမီ ၎င်း၏ အာဏာကို ထိန်းသိမ်းနိုင်စွမ်း အတွက် အဆိုပါ ဗျူဟာများသည် သော့ချက်တခု ဖြစ်သလို သေဆုံးပြီး နောက်ပိုင်းတွင်လည်း အုပ်ချုပ်မှုစနစ်ကို မူလအခြေအနေသို့ ပြန်လည်ရောက် ရှိရန် အခွင့်အလမ်း ပိုများစေသည်။
ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်သော ပါတီတခု ရှိနေခြင်းက အာဏာရှင်စနစ် ကြာရှည်ခိုင်မြဲစေရန်နှင့် ရာထူးဆက်ခံမှုကို ချောမွေ့စေရန် သေချာသည့် အရေးပါသော နည်းဗျူဟာများထဲမှ တခုဖြစ်သည်။ အာဏာရှင် စနစ်အတွင်းမှ ပါတီများက အာဏာကို ကြာရှည်စွာ ကိုင်စွဲထားကြသည်ကိုလည်း အခိုင်အမာလေ့လာတွေ့ရှိခဲ့ရသည်။ ထိုပါတီ များသည် ဒီမိုကရေစီစနစ်မှ နိုင်ငံရေးပါတီများနှင့် ခြားနားပြီး စစ်တပ်နှင့် အာဏာခွဲဝေခြင်း၊ နိုင်ငံသားများ၏ အကျိုးအမြတ်ကို စီမံခန့်ခွဲခြင်းနှင့် အစိုးရ၏ အတွေးအမြင်များကိုဖြန့်ဝေခြင်း စသည့် အာဏာရှင် စနစ်တွင် အရေးပါသည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြသည်။
ထို့အပြင် အဆိုပါ နိုင်ငံရေး ပါတီများသည် နိုင်ငံရေး ရည်မှန်းချက် ရှိသူများ သို့မဟုတ် နေရာရရှိခြင်းမှ အကျိုးအမြတ် ရယူလိုသူများကို ရှိပြီးသားသူများ၏ ဆန္ဒဖြင့် ရွေးချယ်လက်ခံ နိုင်ကြသည်။ အာဏာရှင်အစိုးရနှင့် နိုင်ငံရေး ပြိုင်ဘက် ဖြစ်လာရန် အလားအလာ ရှိသူများကိုလည်း ၎င်းတို့၏ စနစ်အတွင်းတွင် ပါဝင်ရန် မက်လုံးပေး သိမ်းသွင်းကြသည်။ ထို့ပြင် သူတို့၏ အကျိုးစီးပွားကို ဆက်လက်ကာကွယ်ပေးနိုင်မည့် ခေါင်းဆောင်သစ်ကို ရွေးချယ်ရေး အတွက် ညှိနှိုင်း ဆွေးနွေးရာတွင်လည်း အာဏာရှင်ကို ကျောထောက်နောက်ခံ ပေးထားသည့်ပါတီက အဓိကနေရာမှ ပါဝင်နိုင်ပါသည်။
တာဝန်ထမ်းဆောင်နေစဉ် အာဏာရှင်တယောက် သေဆုံးပြီးနောက် မတည်ငြိမ်မှုများ သို့မဟုတ် အစိုးရ ပြုတ်ကျခြင်း များ ပေါ်ပေါက်လေ့ ရှိသော်လည်း တခါတရံမှသာ ဖြစ်တတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျမတို့ အနေဖြင့် မတည်ငြိမ်မှုများ ဖြစ်လာမည်ကို မည်သည့် အချိန်တွင် စိုးရိမ်သင့်ပါသနည်း။ နိုင်ငံရေး အာဏာများကို လူတဦး တယောက်၏ လက်တွင်သာ အဓိက ဆုပ်ကိုင်ထားသည့် အာဏာရှင် သေဆုံးပြီးနောက်ပိုင်းတွင် မတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ် ပိုများပါသည်။ သို့သော်လည်း ထိုကဲ့သို့သော အချိန်မျိုးမှာပင် မတည်ငြိမ်မှု ဖြစ်ခဲပါသည်။
အဘယ်ကြောင့်ဆိုသော် အာဏာရှင် အစိုးရ တော်တော်များများသည် နိုင်ငံရေး ပါတီတခု၏ အကူအညီကို ရယူကြသောကြောင့် ဖြစ်သည်။ ပါတီ၏ အရေးပါမှုက နက်ရှိုင်းပြီး သူတို့၏ အကျိုးစီးပွား တိုးတက်ရေးပေါ်တွင် အခြေခံထားသည့် အတွက် အာဏာရှင်ခေါင်းဆောင် ကွယ်လွန်သွားသည့် အချိန်တွင် ပိုမို၍ တသားတည်း ရှိလာခဲ့ကြသည်။ ဥပမာအားဖြင့် တဦးတည်း ချုပ်ကိုင်သည့် အာဏာရှင်များ ဖြစ်သော ဆီးရီးယားမှ Hafez al-Assad ၂၀ဝ၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်းနှင့် အီသီယိုးပီးယားမှ Meles Zenawi ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ခြင်း တို့၌ အာဏာရှင် အစိုးရများ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိစေရေးတွင် ဆီးရီးယားမှ Baathist နှင့် အီသီယိုးပီးယားမှ People’s Revolutionary Democratic Front ပါတီတို့က အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။
အာဏာရပါတီ၏ စွမ်းဆောင်ရည် အားနည်းသော နိုင်ငံများတွင် အာဏာရှင်ခေါင်းဆောင် သေဆုံးသွားပြီးနောက် ဆန္ဒပြမှုများ၊ ပြည်တွင်း မငြိမ်သက်မှုများနှင့် အာဏာသိမ်းမှု ဖြစ်စဉ်များ ပေါ်ပေါက်လာရန် အလားအလာ မြင့်မားသည် ကိုလည်း တွေ့ခဲ့ရပါသည်။ အဆိုပါ တွေ့ရှိမှုက လတ်တလောတွင် မတည်ငြိမ်မှုများ တိုးမြင့်လာသော နိုင်ငံ တနိုင်ငံသည် အနာဂတ်တွင်လည်း အလားတူဖြစ်ရပ်များနှင့် ရင်ဆိုင်ရလိမ့်မည့် အလားအလာများ ရှိနေသည် ဆိုသည့် သုတေသန ပြုလုပ်မှု တခုနှင့်လည်း ကိုက်ညီနေပါသည်။
မတည်ငြိမ်သည့် ကာလများက လူထုကိုလည်း အစုအဖွဲ့ အမျိုးမျိုး ကွဲပြားသွားစေပြီး ခေါင်းဆောင်မှု အပြောင်းအလဲ ကာလနှင့် ကြုံတွေ့ရချိန်တွင် မကျေနပ်စရာ တစုံတခု ရှိလာပါက နောက်ထပ် ဆန္ဒပြမှုများ ပေါ်ပေါက်လာစေရန် လူစုပေးပြီးသား ဖြစ်နေသည်ကို တွေ့ရသည်။ ယခင်ကတည်းက ရှိခဲ့သည့် မတည်ငြိမ်မှုများက နောင်ပိုင်းတွင် ဆူပူမှုများ ဖြစ်လာသည်ကို ၂၀ဝ၈ ခုနှစ်တွင် ဂီနီသမ္မတ Lansana Conté’s သေဆုံးသွားခြင်းနှင့် ၂၀ဝ၉ ခုနှစ်တွင် ဂါဘွန်သမ္မတ Omar Bongo သေဆုံးသွားခြင်းများတွင် ဥပမာ အဖြစ် တွေ့ရှိနိုင်ပါသည်။
လေ့လာသုံးသပ်မှုတွင် အနည်းငယ် ထပ်တူညီမှု ရှိနေသည့် အချက်များမှာ ခေါင်းဆောင်တဦး သေဆုံးခြင်းက ရေရှည်တွင် တိုင်းပြည်တွင်း၌ မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည့် တွန်းအားတခု ဖြစ်နေခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် မတည်ငြိမ်မှုများ ဖြစ်လာခြင်း၏ အဓိက အကြောင်းအရင်းမှာ ခေါင်းဆောင်သစ်ကို သဘောမတူခြင်း မဟုတ်ပါ။ ခေါင်းဆောင်သစ်က အာဏာကို စုစည်းရန် အသုံးပြုသော နည်းဗျူဟာကြောင့် ဖြစ်သည်။ လူမျိုးစုများနှင့် ပထဝီ အနေအထားအရ ကွဲပြားမှုရှိသည့် နေရာများတွင် အခွင့်အရေး မျှော်ကိုးသည့် ခေါင်းဆောင်များက ၎င်းတို့ကို ထောက်ခံမှုများလာစေရန် ခွဲခြားမှုကို အခြေခံအား တခုအဖြစ် အသုံးပြုတတ်ကြသည်။ ၁၉၉၃ ခုနှစ်က Ivory Coast နိုင်ငံတွင် သမ္မတ Félix Houphouët-Boigny သေဆုံးသွားပြီး နောက်ပိုင်းတွင် အမျိုးသားရေးဝါဒ မြင့်တက်လာပြီး ၉ နှစ် ကြာမြင့်သည့် ပြည်တွင်းစစ်ကို စတင်စေခဲ့သည်။
ဒီမိုကရေစီ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် Freedom House က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “Freedom in the World” အမည်ရှိ အစီရင်ခံစာ၌ ယခုအချိန်တွင် လွန်ခဲ့သော ၂၅ နှစ်က ထက်စာလျှင် ဒီမိုကရေစီ ကျဆုံးမှုများ ပိုမိုမြင့်မားနေသည်ဟု ဖော်ပြထားသည်။ ကံမကောင်းစွာပင် ကျမတို့၏ လေ့လာတွေ့ရှိချက်များ အရ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို အာဏာရှင် ၁၁ ဦးတို့က ဤလမ်းကြောင်းကို ပြောင်းလဲစေမည့် မျှော်လင့်ချက် အနည်းငယ်မျှသာ ပေးနိုင်ခဲ့ပါသည်။
ပြောင်းလဲမှု အတွက် ဖန်တီးပေးရမည့် အစား နိုင်ငံကို အချိန်ကြာမြင့်စွာ အုပ်ချုပ်လာသော ခေါင်းဆောင်များက သူတို့ သေဆုံးသွားပြီး နောက်တွင်လည်း သူတို့ ဖန်တီးခဲ့သည့် အာဏာရှင်စနစ်ကို မူလအနေအထားအတိုင်း ထားရှိသွားကြ ဖို့ များနေသည်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲများက အာဏာရှင် စနစ်အတွင်းတွင် နိုင်ငံရေးအရ အခွင့်အလမ်း များ ဖန်တီးပေးသည် မှန်သော်လည်း အဆိုပါ အပြောင်း အလဲများထဲတွင် မပါဝင်ပါ။ အာဏာလက်ရှိ အာဏာရှင် တယောက် သေဆုံးခြင်းနှင့် ရလဒ်က အံ့ဩစရာ ကောင်းလောက်အောင် မထူးခြားသည့် အဖြစ်အပျက်တခုသာ ဖြစ်သည်။
(Andrea Kendall-Taylor သည် အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေး ကောင်စီ (National Intelligence Council) မှ အရာရှိတဦး ဖြစ်ပြီး ဂျော့မေဆင် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် ပူးတွဲတာဝန် ထမ်းဆောင်နေသူ ဖြစ်ပြီး Erica Frantz သည် မစ်ချီဂန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ ဖြစ်သည်။)