ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) ခေါင်းဆောင်များ ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော်၌ထပ်မံတွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျေးသီးမြို့နယ် ဝမ်ဟိုင်း ဌာနချုပ် အနီး အောက်တိုဘာ ၆ ရက်မှ စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများ ချုပ်ငြိမ်းသွားရန်နှင့် တပ်နေရာချထားရေးများနှင့် ပတ်သက်ပြီး ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SSPP/SSA ဗဟို ကော်မတီ အဖွဲ့ဝင် စဝ်ဆု က ဧရာဝတီသို့ပြောသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် နိုဝင်ဘာ ၂၃နှင့် ၂၄ ရက်တွင် UPWC ဘက်မှ ဒု ဥက္ကဋ္ဌ ဖြစ်သည့် ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ရာပြည့် တို့နှင့် SSPP/SSA တွေ့ဆုံ၍ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးများလျှော့ချ ရပ်ဆိုင်းရေး ဆွေးနွေးခဲ့ကြသေးသည်။
အစိုးရတပ်နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားနေသည့် တလ ကျော် ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင်မြို့နယ်များမှ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။