ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့မ ရဲစခန်းမှ ရဲ ၂ ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် တရားခံ တင်မြင့်ကို ယနေ့ ရုံးချိန်း၌ တောင် ပိုင်း ခရိုင် တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်မိန့် ချမှတ်လိုက်ကြောင်း သိရသည်။
တရားခံ တင်မြင့်ကို ပုဒ်မ ၃၀၂ (၂) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်မိန့်နှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းကို နာကျင် စေမှု ပုဒ်မ ၃၃၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် တပေါင်းတည်းကျခံရန် တောင်ပိုင်းခရိုင် တရားရုံး ခရိုင်တရားသူကြီး (၁) က ယနေ့နေ့လယ် ၁၁ နာရီခွဲခန့်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“ပုဒ်မ ၃၀၂(၂)က လူသတ်မှု ချမှတ်တဲ့အထဲမှာ အပြင်းထန်ဆုံးပဲ။ ကြိုးမိန့်ချတယ်။ အခုတော့ အင်းစိန်ထောင်ကိုတန်းပြီး ပို့လိုက်ပြီ” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။
ထိုအမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က သန်လျင်မြို့မ ရဲစခန်းမှ နယ်ထိန်း ရဲအုပ် အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့ ၂ ဦးသည် တရားခံပြေး တင်မြင့်အား သန်လျင်မြို့ အောင်ချမ်းသာ ရပ်ကွက်ရှိ သဘာဝအလှ တည်းခိုခန်း၊ အခန်းအမှတ် ၁၀၂ တွင် တည်းခိုနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးစဉ် တရားခံပြေး တင်မြင့်က ဓားဖြင့် ထိုးသတ်ခဲ့သည့်အတွက် အဆိုပါ ရဲ ၂ ဦးသေဆုံး၍ ဖမ်းဆီးခံခဲ့ရပြီး ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်တွင် တရားခံပြေးတင်မြင့်က ရဲအုပ် အောင်နိုင်၏ လည်ပင်းကို အရိုး ၅ လက်မ၊ အသွား ၉ လက်မခွဲ ဓားဖြင့် လည်းကောင်း၊ ရဲတပ်ကြပ် သူရလွင်၏ ယာဘက် ရင်အုံကို အရိုး ၅ လက်မ၊ အသွား ၉ လက်မ ဓားဖြင့်လည်းကောင်း ထိုးသွင်းခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
ထိုတရားခံတင်မြင့်သည် ရဲတပ်ဖွဲ့မှအလိုရှိနေသည့် တရားခံပြေး ပုဒ်မဖြစ်သည့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၅ နှစ်ကို ပြီးခဲ့သည့်လပိုင်းက တရားရုံးက အမိန့်ချမှတ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
တရားခံ တင်မြင့်သည် လုယက်မှု၊ ဓားထိုးမှု၊ အပြင်းအထန် နာကျင်စေမှုများဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။
ထောင်မှ လွတ်လာပြီးနောက် ဓားထိုးမှု ထပ်မံဖြစ်ပွားကာ တရားခံပြေးအဖြစ် ရှောင်တိမ်းနေစဉ် သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးရာမှ ရဲ ၂ ဦး ကို ထပ်မံသတ်ပြီး လူသတ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနှင့်တရားခံပြေးများကို ၂၀၁၄ ခုနှစ်ကတည်းက စီမံချက်ဖြင့်ဖမ်းဆီးခဲ့ ရာ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက် အထိ တရားခံ ၃၅၆၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။