သတင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဦးစားပေးရန် Pen America တိုက်တွန်း

This article has been converted from Zawgyi One to Unicode

တက်လာမည့် အစိုးရသစ်သည် မြန်မာနိုင်ငံသားတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အတွက် တိကျပြတ်သားသော အကာ အကွယ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းပေးရန် လိုအပ်ကြောင်း Pen America က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ အခန်းကဏ္ဍတချို့သည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွင်း ခေတ်နောက်ပြန် ဆွဲသွားသဖြင့် အစိုးရသစ်အနေဖြင့် အလျင်အမြန်ကိုင်တွယ်သင့်ကြောင်း Pen America ၏ “မပြီးပြည့်စုံသေးသော လွတ်လပ်ခြင်း” အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ အလားအလာများနှင့် ပတ်သက်ပြီး သုံးသပ် တင်ပြထားသည့် ယင်း အစီရင် ခံစာကို ဒီဇင်ဘာလ ၄ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာတွင် အစိုးရနှင့် တပ်မတော်အပေါ် ပြစ်တင်ဝေဖန်မှုများကို ကျယ်ပြန့်သော ဆက်သွယ်ရေး ဥပဒေ အသုံးပြုပြီး အရေးယူခြင်း၊ သတင်းနှင့် စာနယ်ဇင်းသမား တချို့ကို ထောင်ချထားခြင်း၊ ကျောင်းသားဆန္ဒပြမှုကို လိုက်လံသတင်းယူသော သတင်းသမား များအား အနှောင့်အယှက် ပေးခြင်းနှင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း စသည့်တို့ကိုလည်း ဖော်ပြထားသည်။

Pen America ၏ အမှုဆောင် ဒါရိုက်တာ Ms. Suzanne Nossel က အမှန်တကယ် လွတ်လပ်သည့် သတင်းနှင့် စာနယ်ဇင်း လော က ရှိပြီး ထင်မြင်ယူဆချက်များကို ပြောဆိုရေးသားခြင်းသည် အစိုးရ အာဏာကို ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ မျှော်လင့်နေသည့် ဒီမိုကရေစီ ကို ရယူနိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

Ms. Suzanne Nossel က“တိုးတက်မှုတွေ ရှိလာပေမယ့် အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်နေပါသေးတယ်။ အခုချိန်ဟာ မြန်မာ နိုင်ငံ သမိုင်းကို ပုံဖော်ထုဆစ်မယ့် အချိန်တခုဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအတွက် ပြည့်ဝတဲ့ အကာအကွယ် တွေကို ဒီနိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်မှာ ထည့်သွင်းတည်ဆောက်နိုင်ဖို့ လိုပါတယ်”ဟု အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြောသည်။

အာဏာပိုင်များ၏ တာဝန်ခံမှု၊ တာဝန်ယူမှုတို့အပေါ် ထောက်ပြနိုင်ရေးသည် သတင်းနှင့် စာနယ်ဇင်းသမားများ၏ တာဝန်ဖြစ်ပြီး ထိုသို့ ထောက်ပြနိုင်ရေးအတွက် အနှောင့်အယှက်၊ အတားအဆီးများနှင့် ခြိမ်းခြောက်မှုများကို အစိုးရသစ်က ဖယ်ရှား အဆုံးသတ် ပေးရန် တာဝန်ရှိကြောင်း Ms. Suzanne Nossel က ဖြည့်စွက် ပြောဆိုခဲ့သည်။

အစိုးရသစ် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ကန့်သတ်ချုပ်ချယ် ထားသည့် ရာဇသတ်ကြီးနှင့် အခြားပြဌာန်းချက်များအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ပယ်ဖျက်သင့်သည်များကို ပယ်ဖျက်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

အစိုးရသစ်သို့ အကြံပြုချက်များတွင် အသေရေဖျက်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ရာဇဝတ် ပြစ်မှု အဖြစ်မှ ပယ်ဖျက်ရန်၊ အွန်လိုင်းတွင် ဆန္ဒထုတ်ဖော်ခြင်းအတွက် လူတဦးချင်းကို ဖြစ်စေ၊ မီဒီယာများကို ဖြစ်စေ အကျဉ်းချရန် သို့မဟုတ် ဒဏ်ငွေရိုက်ရန် ဥပဒေကို အသုံးချခြင်းမှ ရှောင်ကြဉ်ရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရ သူများကို လွှတ်ပေးရန် စသည့် အချက် ၁၇ ချက် ပါဝင်သည်။

မြန်မာနိုင်ငံမှ Pen Myanmar ၏ ဥက္ကဋ္ဌ ဖြစ်သူ မသီတာ စမ်းချောင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူတဦး တယောက်တည်း၏ အခွင့်အရေးမျိုး မဟုတ်ဘဲ လူမှုအဖွဲ့အစည်း တခုလုံး၏ အခွင့်အရေး ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်း အတွင်း ရှိ လူတန်းစားပေါင်းစုံက ပါဝင်လှုပ်ရှားရမည် ဖြစ်ကြောင်း ပြောဆိုသည်။

Pen America သည် ၂၀၁၄ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ လက်ပံတန်း တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြ ကျောင်းသားများ ဖြိုခွဲခံရစဉ်က သတင်းမီဒီယာများ နှောင့်ယှက် ခံရ မှုနှင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် သတင်းသမားများ ဖမ်းဆီး ထောင်ချခံရမှု၊ အစိုးရ ထိပ်တန်းအရာရှိများကို ဝေဖန်သည့် အရပ်သားများ အရေးယူခံရမှု စသည့်အချက်များကို ထောက်ပြပြောဆိုခဲ့သည်။

Pen America အဖွဲ့အစည်းသည် ၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စာရေးဆရာပေါင်း ၄၂၀၀ နှင့် ဖွဲ့စည်းထားသော အမေရိကန် နိုင်ငံ နယူးယောက်မြို့ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည်။

Loading