ဖားကန့်မြေပြိုနှင့် ပတ်သက်၍ အန္တရာယ်များသည့် အတွက် မူဝါဒပိုင်း ဆိုင်ရာ ပြန်လည်သုံးသပ်ရန် လိုနေပြီဟု သမ္မတ ဦးသိန်းစိန်က သူ့၏ တိုင်းပြည်သို့ လစဉ်ပြောကြားသည့် မိန့်ခွန်းတွင် ယနေ့ ထည့်သွင်းပြောဆိုသွားသည်။
“ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုအတွင်း အသက်ဆုံးပါးသွားခဲ့ ရသော ပြည်သူများနှင့် ကျန်ရစ်သည့် မိသားစုများအတွက် ကျွန်တော့်အနေဖြင့် ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါသည်။ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအတွက် မူဝါဒဆိုင်ရာများကို ပြန်လည်သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ပါသည်” ဟု ဆိုသည်။
ထို့အပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံ အလင်ရှိရေးနှင့် အလျင်အမြန် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးစသည့် ထိန်းကျောင်းမှုများ၊ စည်းကမ်းများကိုလည်း အထူး တင်းကြပ်ရ မည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသ အာဏာ ပိုင်များအနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်ဟု ပြောသည်။
ဖားကန့်ဒေသတွင် ကုမ္ပဏီကြီးများက စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုများ ပြုလုပ်နေရာ နိုဝင်ဘာ ၂၁ ရက်နေ့က မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ၂၀၀နီးပါး အသက်ဆုံးခဲ့သည်။
ပြီးခဲ့သည့်လ ရွေးကောက်ပွဲမတိုင်ခင်လေးက အဆိုပါ ကျောက်စိမ်း လုပ်ကွက်များနှင့် ပတ်သက်၍ လန်ဒန်အခြေစိုက် Global Witness အဖွဲ့မှ Jade: Myanmar’s “Big State Secret” (ကျောက်စိမ်း သို့မဟုတ် မြန်မာပြည်က နိုင်ငံတော်လျှို့ဝှက်ချက်ကြီး)ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု အပါအဝင် ကချင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည့် မွေး/ရေ ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦအုန်းမြင့်၊ ကြံ့ခိုင်ရေး ပါတီမှာ အရင်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်သိန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ၊ ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဌာန ဒုဝန်ကြီး ဦးဝင်းသန်းအပြင် မူးယစ်ရာဇာအဖြစ် နာမည်ထွက်ခဲ့သည့် UWSA ဝတပ်ဖွဲ့မှ ဝေရှောက်ခန်တို့က ကျောက်စိမ်းတွင်းမှာ ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။