အာရှတွင် စိတ်ကြွဆေးပြား အများဆုံး စံချိန်တင်ပမာဏဖြစ်သော ဆေးပြား ၃၃ သန်းကျော် ဖမ်းဆီးရရှိမှု၏ သံသယ တရားခံများကို တရားစွဲဆို ရုံးတင်နိုင်ရန် ရှေ့နေချုပ်ရုံးသို့ အကြံပြုချက်များ တောင်းခံထားပြီး ဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ (CID) မှ သိရသည်။
“ဘာပုဒ်မတွေ ဘယ်အမှုတွေနဲ့ စွဲတင်မယ်။ ဘယ်လိုတရားစွဲရမယ်ဆိုတဲ့ ကိစ္စတွေကို ရှေ့နေချုပ်ရုံးမှာ ဥပဒေအကြံပြုချက် တောင်း ထားတယ်။ အဲဒါပြီးတာနဲ့ လုပ်ငန်းစဉ်စမှာပါ။ တင်ထားတာတော့ ၂ ပတ်လောက် ရှိပြီ။ ဘယ်တော့ စာပြန်မလဲတော့ မသိဘူး။ ဖမ်းမိ ထားတာက ၁၃ ဦးပါ”ဟု CID မှ အမည်မဖော်လိုသူ ရဲအရာရှိကြီး တဦးက ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့သည် ဇူလိုင်လ အတွင်း မှ အောက်တိုဘာလ အထိ မင်္ဂလာဒုံမြို့နယ် နှင့် ဒဂုံ(မြောက်နှင့် အရှေ့) မြို့နယ်တို့တွင် စိတ်ကြွွဆေးပြား ၃၃ သန်းကျော် (တန်ဖိုးငွေ ကျပ်သန်းပေါင်း ၂၈၉၃၈ သန်းကျော်) ကို ၅ ကြိမ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွယ်နေသူများဟု သံသယရှိသူ တရားခံများအဖြစ် မင်းဦးခိုင်၊ စစ်တွေယာဉ်လိုင်း တခု မှ ဂိတ်မှူးတဦး အပါအဝင် သံသယတရားခံ ၁၃ ဦးကို ဖမ်းဆီးရမိထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့အပြင် ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း (ခ) အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်းနှင့် သန်းရွှေတို့ကို တရားခံပြေးများအဖြစ် ကြေညာထားကာ စုံစမ်းရှာဖွေမှုများပြုလုပ်နေကြောင်း၊ သို့သော် တရားခံပြေးစာရင်း ကြေညာထားသူများကို ထပ်မံဖမ်းဆီးမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒု တပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက ဖမ်းဆီးရမိထားသည့် သံသယတရားခံ ၁၃ ဦးကို ယခုတပတ်အတွင်း တရားရုံးထုတ်ဖွယ် ရှိကြောင်းနှင့် စာရင်းရှိနေဆဲ ကျန်ရှိတရားခံပြေးများအား တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြောသည်။
သို့သော် တရားခံများကို မည်သည့်တရားရုံး၌ ရုံးတင် စစ်ဆေးမည်ဆိုသည့် အချက်ကို ရဲတပ်ဖွဲ့က ပြောဆိုခြင်း မရှိသေးပေ။