“အလုပ်ခေါ်ပွဲစား ပြောတာတွေနဲ့ တဖက်နိုင်ငံမှာ ကြုံရတာတွေက တကယ့်ကို တခြားစီပဲ။ အဆိုးဆုံးတွေချည်းပဲ” ဟု မဌေးဌေးနွယ်က ပြောသည်။
အသက် ၁၅ နှစ်အရွယ်ရှိ မဌေးဌေးနွယ်သည် ဂျော်ဒန်နိုင်ငံရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံတရုံတွင် အထည်ချုပ် အလုပ်သမ အဖြစ် သွားရောက် လုပ်ကိုင်ခဲ့သူတဦးဖြစ်ပြီး အလုပ်အကိုင် အဆင်မပြေခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်းတို့ကြောင့် နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်သို့ ပြန်လာခဲ့သူ ဖြစ်သည်။
သူသည် ကျောင်းပညာရေးကို တတိယတန်းအထိ သင်ကြားဖူးပြီး မိသားစုစီးပွားရေး အဆင်မပြေသဖြင့် ကျောင်းမှ နုတ်ထွက်လိုက်ပြီး မိဘများ၏ တောင်သူလုပ်ငန်းတွင် ဝင်ရောက်ကူညီပေးခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက သူနေထိုင်ရာရွာသို့ ပွဲစားတဦး ရောက်ရှိလာပြီး ပြည်ပနိုင်ငံတခုဖြစ်သည့် ဂျော်ဒန် နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်မည်ဆိုပါက တလလျှင် မြန်မာငွေ ၁၀ သိန်းမှ ၁၈ သိန်းအထိ ဝင်ငွေရမည်ဟု ပြောဆိုခဲ့သဖြင့် သူအပါအဝင် အမျိုးသမီး ၁၅ ဦးခန့် လိုက်ပါသွားခဲ့သည်ဟု သိရသည်။
ပွဲစားတဦးဖြစ်သည့် မျိုးဇော်ထွန်း ဆိုသူက မဌေးဌေးနွယ် အပါအဝင် ပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်မှ ဒေသခံများကို ဂျော်ဒန်နိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နိုင်ရန် တဦးလျှင် ဝန်ဆောင်ခ ကျပ် ၇ သိန်းခန့် ယူဆောင်ကာ ပို့ဆောင် လိုက်ခြင်းဖြစ်သည်။
“မိသားစုက အဆင်မပြေဘူးလေ။ အဖေ အမေတွေကို ချမ်းသာစေချင်လို့ ပိုက်ဆံချေးပြီး အတိုးပေးပြီး သွားလိုက်တာ။ ဟိုရောက်တော့ အလုပ်ရှင်က တအားခိုင်းတာ။ အမြဲအော်ဟစ်နေတာ။ ခြေထောက်နဲ့ပြပြပြီး အလုပ်ခိုင်းတာ မြန်မာတွေက လိုက်လုပ်ရတယ်။ ညီမက အသက်မပြည့်သေးတော့ အလည်အပတ်ဗီဇာနဲ့ လုပ်ပေးတယ် ။ အဲဒီအတွက် ပွဲစား မျိုးဇော်ထွန်းကို ပိုက်ဆံ ၁ သိန်း ၃ သောင်းကျပ် ပိုပေးလိုက်ရတယ်။ အခုပြန်လာတော့လည်း ၂၂ သိန်း လျော်ရမယ် ပြောနေတယ်။ ဘာမှတော့ သေချာမသိသေးဘူး” ဟု ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျွဲပွဲကျေးရွာနေ မဌေးဌေးနွယ်က ဧရာဝတီသို့ပြောသည်။
သူအလုပ်လုပ်ခဲ့သည့် အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ်များ အလုပ် လုပ်နေသည်ကို တွေ့ခဲ့ရသည်ဟုလည်း ကာယကံရှင်က သူကြုံတွေ့ခဲ့ရသည့် အခြေအနေတချို့ကို ရှင်းပြသည်။
အသက် ၁၆ နှစ်ရှိ မသန္တာလင်းကလည်း “မနက် ၆ နာရီကနေ ည ၉ နာရီထိ အလုပ်ဆင်းရတယ်။ တခါတလေ ည ၁၂ နာရီထိ ဆင်းရပေမယ့် အိုတီကြေး မရဘူး။ စက်ရုံကတော့ မမှတ်မိတော့ဘူး။ မြို့လည်းမသိဘူး တောင်တွေထဲမှာ ဆိုတာပဲသိတယ်။ အလုပ်သမားတွေထဲမှာ ညီမတို့လို့ အရွယ်တွေလည်း ရှိတယ်။ ပြောပြရရင်တော့ အခက်အခဲက မျိုးစုံပဲ” ဟု ဆိုသည်။
မဌေးဌေးနွယ်၊ မသန္တာလင်းတို့နှင့်အတူ သွားရောက်ခဲ့သည့် အသက် ၃၄ နှစ်အရွယ် မဇာဇာနွယ်မှာလည်း အလုပ်သွားရန် ပြင်ဆင်နေစဉ် လေဖြတ်သွားသည့်အတွက် အာရုံကြောများ ထိခိုက်ကာ စကားမပြောနိုင်သည့် အနေအထားဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မဇာဇာနွယ်၏ခင်ပွန်း ကိုသိန်းက “ငါတို့တွေ ပင်ပန်းလည်း ခံလိုက်တော့မယ်။ ငါတို့ကလေးတွေ အလှည့်ရောက်ရင် ပညာတတ်ရမယ်။ အခုလို ပင်ပန်းတာ မဖြစ်စေရဘူးဆိုပြီး သွားတာ။ သူ ကျန်းမာရေး အခုလိုဖြစ်တော့ အလုပ်ရှင်ဘက်က ဘာမှ မလုပ်ပေးပါဘူး။ ဖြစ်တာတောင် အလုပ်သမားအချင်းချင်း ပြောပြလို့သိရတာ” ဟု ရှင်းပြသည်။
အဆိုပါ အလုပ်သမများ သွားရောက်လုပ်ကိုင်ခဲ့သည့် စက်ရုံသည် ဂျော်ဒန်နိုင်ငံ၊ Karak စက်မှုဇုန်နယ်မြေရှိ Kamel အမည် ရှိ စက်ရုံတရုံဖြစ်ကြောင်း၊ ထိုစက်ရုံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ၍ အလုပ် လုပ်ကိုင်နေကြသည်ဟုလည်း ကာယကံရှင်များ၏ အဆိုအရ သိရသည်။
ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား အများစုမှာ အလုပ်ရှင်က ဖိနှိပ်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အဝမရခြင်း၊ အချိန်ပို လုပ်ခလစာ အပြည့်အဝ မပေးခြင်းနှင့် ပြည်တွင်းမှ ပို့ဆောင်ခဲ့သည့် အလုပ်ခေါ်ပွဲစားက ပြောဆိုထားသည့် လစာပမာဏအတိုင်း မရသဖြင့် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း အဆိုပါ အလုပ်သမားများကို အကူအညီပေးနေသူများက ဧရာဝတီသို့ ပြောသည်။
“စက်ရုံမှာ အလုပ်လုပ်နေတဲ့အထဲမှာ မြန်မာနိုင်ငံက အသက်မပြည့်တဲ့ ကလေးတွေလည်း ပါနေတယ်။ အဲလိုတွေချည်း ထပ်ပို့နေရင် ဟိုမှာ သံရုံးလည်း မရှိဘူး။ ပွဲစားတွေက အလုပ်သမားတွေကို လုပ်ချင်သလို လုပ်ကြတာ” ဟု ဂျော်ဒန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူ မကြည်ကြည်စန်းက ရှင်းပြသည်။
အဆိုပါနိုင်ငံတွင် မြန်မာ အလုပ်သမားများ အခက်အခဲကြုံတွေ့နေရခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာ တခုခုကြုံတွေ့ရပါက အကူအညီ တောင်းခံနိုင်မည့် မြန်မာသံရုံး မရှိသေးပေ။ သို့ဖြစ်ရာ ကိစ္စတခုခုဖြစ်ပွားလာပါက အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ စာဖြင့် အကူအညီ တောင်းရသည်ဟု သိရသည်။
၂၀၁၃ ခုနှစ်ကလည်း ဂျော်ဒန်နိုင်ငံ Ramtha မြို့ရှိ Century Miracle Apparel (CMA) အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ အလုပ်သမား ၁ ထောင်ကျော်က လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀သို့ တိုးပေးရေး၊ မြန်မာများနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေးပေးရေနှင့် စက်ရုံအုပ်ချုပ်သူများ၏ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ဖူးသည်။
“ဒီတခေါက်ကိစ္စမှာလည်း ကျနော်တို့တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ အဲဒီအခါမှာ ပို့တဲ့ပွဲစား မျိုးဇော်ထွန်း ဆိုသူ နေတဲ့အိမ်ကို အလုပ်သမားတွေပြောတဲ့ သတင်းအရ လိုက်စုံစမ်းတော့ လူမနေတာ ကြာတဲ့နေရာဖြစ်နေပြီ။ မြန်မာတွေက ဘယ်သူပို့မှန်း မသိဘူး။ ပို့သူ ဘယ်မှာနေတယ် မသိဘူး။ ဟိုမှာ ဘာအလုပ်လုပ်ရမှန်း မသိဘူး။ သူတို့က ပွဲစားကို မေးလိုက်ရင် တဖက်နိုင်ငံကို မပို့ပေးကြမှာ တော်တော်စိုးရိမ်ကြတယ်။ ဒါကြောင့် ပွဲစားကို မေးပါ။ အလုပ်၊ လစာ၊ အိုဗာတိုင်၊ နေစရာ စသဖြင့် ရမရ မေးပြီးမှ သွားပါလို့ပြောချင်တယ်။ သူတို့က ဒုက္ခမရောက်မချင်း ဘာမှမသိဘူး” ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ (အောက်မြန်မာပြည်) မှ ရဲမှူးကြီး ခင်မောင်လှက ပြောသည်။
အလုပ်ခေါ်ပွဲစားများက အသက်မပြည့်သည့် ကလေးသူငယ်များကို အလည်အပတ် ဗီဇာများဖြင့် တဖက်နိုင်ငံများသို့ အလုပ်လုပ်ရန် အခကြေးငွေယူဆောင်၍ ပို့ဆောင်မှုများရှိကြောင်း၊ သို့သော် တဖက်နိုင်ငံတွင် လုပ်အား ခေါင်းပုံဖြတ်ခံရခြင်း၊ သက်သေအထောက်အထား မခိုင်လုံပါက အရေးယူရန် ခက်ခဲကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။
ရဲမှူးကြီး ခင်မောင်လှက “ပွဲစားတွေကို အမှုဖွင့်တာ၊ အရေးယူရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ ဒါပေမယ့် တဖက်နိုင်ငံမှာ ဖြစ်ခဲ့တယ် ဆိုတာမျိုးကျတော့ သက်သေအထောက် အထားမခိုင်လုံရင် ဘာမှလုပ်လို့ မရဘူး။ ကျနော်တို့က လူကုန်ကူးမှု ဥပဒေနဲ့ပဲ ဖွင့်ပေးလို့ရတယ်။ တချို့ကိစ္စတွေမှာ တရားရုံးကျမှ တဖက်တရားခံက လာဘ်ထိုးမှုတွေရှိရင် ဘာမှလုပ်ပေးလို့ မရဘူး” ဟု ရှင်းပြသည်။
“ဂျော်ဒန်နိုင်ငံက အစိုးရရဲ့ တရားဝင် အလုပ်သမားစေလွှတ်တဲ့ နိုင်ငံထဲမှာ မပါဘူး။ ဒီလိုကိစ္စတွေ ခဏခဏဖြစ်တယ်။ သူ့နည်းသူ့ဟန်နဲ့ သွားနေကြတယ်။ ပွဲစားတွေက မစားရဝခမန်းပြောပြီး လွှတ်တာကို လူတွေက ယုံကြလို့ဖြစ်ရတာ။ အခုလို အလုပ်သမားတွေဖြစ်ရင်တော့ ထိရောက်စွာအရေးယူဖို့ သက်ဆိုင်ရာဌာနအလိုက် စာတွေပို့ပြီး ပြောထားပြီးပြီ” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
ဂျော်ဒန်နိုင်ငံတွင် အထည်ချုပ်လုပ်သား အပါအဝင် တခြားအထွေထွေ လုပ်သားများအဖြစ် လုပ်ကိုင်နေသူ မြန်မာ ၃၀၀၀ ကျော်ရှိပြီး နိုင်ငံအသီးသီးတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွေ့ပြောင်း အလုပ်သမားဦးရေမှာ မြန်မာနိုင်ငံ လူဦးရေ ၁၀ ရာခိုင်နှုန်းရှိသည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။
အစိုးရသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျာမနီ၊ ကူဝိတ်၊ ဂျပန်၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံ ၁၇ နိုင်ငံသို့ တရားဝင် ရွှေ့ပြောင်းလုပ်သားများ စေလွှတ်ခဲ့သည်။
လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားရေးရာနှင့် ပတ်သက်၍ သီးခြားဌာနများ ဖွင့်လှစ်ကာ ကိုင်တွယ်လျက်ရှိသည်။ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ ပြဿနာများမှာ ဖြေရှင်းမှု အများဆုံးဖြစ်သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေသည့် ရွေ့ပြောင်းအလုပ်သမားများ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ မတရား ညှင်းပမ်းနှိပ်စက်ခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်း စသည့်ကိစ္စများ လျော့နည်းအောင် ပြည်ပသို့ သွားရောက်လုပ် ကိုင်မည့်သူများ အနေဖြင့် ဗဟုသုတ ရှိသင့်ပြီး အစိုးရပိုင်းကလည်း တာဝန်ယူမှုနှင့် တာဝန်ခံမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဟု အလုပ်သမားအရေး လှှုပ်ရှားဆောင်ရွက်နေသူများက အစဉ်တစိုက် ထောက်ပြပြောဆိုကြဆဲဖြစ်သည်။