မြန်မာ လူမှုအဖွဲ့အစည်းတွင် ယဉ်ကျေးမှုအစဉ်အလာကြောင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေး အားနည်းရခြင်း ဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။
ထို“ရုန်းမထွက်သာ အစဉ်အလာ” အစီရင်ခံစာ သုတေသန စာတမ်းကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြုစုခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနစ် စက်တင်ဘာလမှ ၂၀၁၄ ခုနစ် မေလ အတွင်း ပြည်နယ် ၇ ခု နှင့် တိုင်းဒေသကြီး ၄ ခုဖြစ်သည့် ဧရာဝတီ တိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီ တိုင်း၊ ရန်ကုန်တိုင်း အတွင်းရှိ ပြည်သူများကို တွေ့ဆုံ မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ကျား၊မ ရေးရာ တန်းတူညီမျှမှု ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေစံပယ်ဖြူက “ယဉ်ကျေးမှု ကဏ္ဍကလည်း အမျိုးသမီးကဏ္ဍကို အားနည်းတဲ့အထဲမှာ အဓိကကဏ္ဍအနေနဲ့ ပါတယ်။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှာ သော်လည်းကောင်း ပညာရေးမှာသော် လည်းကောင်း အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရဖို့က လူမှုစံနှုန်းတွေ ယဉ်ကျေးမှုအလေ့အထတွေက အများကြီး လွှမ်းမိုး ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတဝန်း မတူကွဲပြားသည့် လူမှုရေးနှင့် ယဉ်ကျေးမှု နောက်ခံအခြေအနေများက အမျိုးသမီး၊ အမျိုးသားများ၏ မိသားစု ဘဝ၊ လူမှုဘဝ၊ အလုပ်အကိုင်၊ ကျန်းမာရေးနှင့် ပညာရေးတို့အပေါ် ခွဲခြားထားသဖြင့် ယင်းတို့၏ သက်ရောက်မှုကို ပိုမိုနားလည် သိရှိ စေရန် ရည်ရွယ်ချက်ဖြင့် စာတမ်းပြုစု ကောက်ယူခြင်းဖြစ်သည်ဟုလည်း ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ထိုအစီရင်ခံစာတွင် အမျိုးသမီးများကို “ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်သူများ” အဖြစ်သတ်မှတ်သည့် ယဉ်ကျေးမှု ကာကွယ် စောင့်ရှောက်ရေး အယူအဆကို ပြန်လည်အသက်သွင်းခြင်းသည် အမျိုးသမီးအခွင့်အရေး ရရှိရေး ဆောင်ရွက်မှုများကို အတား အဆီး ဖြစ်ကြောင်း၊ တဦးချင်း ဖြစ်တည်မှုဖြစ်သည့် လက်ထပ်ထိမ်းမြားခြင်းမှစပြီး အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရေးပြည်ရေး ကိစ္စများအထိ သက်ရောက်မှုရှိကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး အားနည်းရခြင်းသည် လူမျိုးဘာသာစုံမှု၊ လူမှုရေး စံနှုန်းများနှင့် ယဉ်ကျေးမှု အစဉ်အလာများ ဖြစ်သည်ဟုလည်း အစီရင်ခံစာ၌ ပါရှိသည်။
ပျိုးပင် အမျိုးသမီးအခွင့်အရေးများ မြှင့်တင်ရေး အဖွဲ့မှ ဒေါ်စုစုငယ်က “ကျမတို့ ဓလေ့ထုံးစံဆိုတာ မိသားစုက စတာပေါ့။ ယောကျာ် လေးတွေကလည်း မောင်နှမဆိုရင် သူကပိုမြတ်တယ်လို့ ထင်ကြတယ်။ ဒါ ဘာမှမဟုတ်တဲ့ နေ့စဉ်မိသားစုဘဝကနေ စပြီးတော့ ကျား၊ မ ရေးရာ တန်းတူညီမျှမှုအတွက် အခက်အခဲတွေ အများကြီး ဖြစ်သွားစေတယ်”ဟု အရှေ့မြင်းပြိုင်ကွင်းရှိ Sky Star ဟိုတယ်တွင် ယနေ့ပြုလုပ်သည့် အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ပြောဆိုသည်။
အစီရင်ခံစာတွင် အမျိုးသမီးများနှင့် ပတ်သက်ပြီး လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် မရရှိခြင်း၊ အမျိုးသမီးများ၏ ကျန်းမာရေး ပြဿနာများကို မိခင်နှင့်ကလေး ကျန်းမာရေး ပြဿနာများအဖြစ် လျှော့ချခံရခြင်း၊ အမျိုးသမီးများ အနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ခြင်းနှင့် အမျိုးသမီးများအား ဘေးဖယ် ထားခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ပါဝင်သည်ကိုလည်း တွေ့ရသည်။
အမျိုးသမီးများနှင့် စီးပွားရေး ကဏ္ဍ၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍ၊ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မီဒီယာ ကဏ္ဍ နှင့် ကျန်းမာရေးကဏ္ဍ စသည်တို့လည်း အစီရင်ခံစာ၌ ပါဝင်သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ် ထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုလျက် ရှိသည်။