အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အကြား ချုပ်ဆိုထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပတ်သက်ပြီး ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရာ စာချုပ်အမည်နှင့် လက်တွေ့ဖြစ်ရပ် မကိုက်ညီကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ဝေဖန် ပြောဆိုကြသည်။
ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် NCA စာချုပ် အတည်ပြုနိုင်ရေး ဆွေးနွေးကြရာတွင် လွှတ်တော် ကိုယ်စားလှယ် အများစုက NCA ဟု ဆိုသော်လည်း တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မပါဝင်ဘဲ ၈ ဖွဲ့သာ ပါဝင်ခြင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် ဝေဖန်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
NCA စာချုပ် လက်မှတ် ရေးထိုးခြင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က လက်မှတ်ထိုးခဲ့ကြသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ မပါဝင်ဘဲ တချို့တိုင်းရင်းသား အဖွဲ့ကို NCA လက်မှတ်ထိုးရန် အစိုးရက ဖိတ်ကြားခြင်း မပြုခဲ့သည်ကို တွေ့ရသည်။
ယနေ့ ပြုလုပ်သည့် NCA စာချုပ်နှင့် ပတ်သက်သည့် ဆွေနွေးပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က“တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့တယ် လို့ ကြေညာခဲ့ပေမယ့် ဒီစာချုပ်က တနိုင်ငံလုံးကို လွှမ်းခြုံအကျုံးဝင်တယ်လို့ မဆိုလိုနိုင်သေးပါဘူး။ စာချုပ်ကို လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျန်ရှိနေသေးသလို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ ဖိတ်ကြားခြင်း မခံရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ကျန်ရှိ နေပါသေးတယ်”ဟု ပြောဆိုသည်။
NCA စာချုပ် လက်မှတ်ရေးထိုးပွဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါဝင် လက်မှတ်ရေးထိုးခြင်း မပြုဘဲ ဗဟိုအလုပ်အမှုဆောင် တဦးကိုသာ တက်ရောက်ခဲ့စေခြင်းသည် ထိုစာချုပ်သည် တနိုင်ငံလုံး မလွှမ်းခြုံဘဲ တစိတ်တပိုင်းသာ သက်ရောက်မှုရှိနေခြင်း၊ လက်မှတ်ထိုးလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများကြား နားလည်မှု လွဲမည်ကို စိုးရိမ်ခြင်း၊ လက်မှတ်မထိုးသည့် အဖွဲ့များအပေါ် ဖိအားပေးလာနိုင်မည်ကို စိုးရိမ်ခြင်း တို့ကြောင့် ဖြစ်သည်ဟုလည်း ဒေါက်တာ မေဝင်းမြင့်က ဆက်ပြောသည်။
အလားတူ ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကလည်း NCA စာချုပ်၏ အခန်း (၂) ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပိုဒ် (၂) ၊ အပိုဒ်ခွဲ (ဃ) ပါ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တော်လှန်ရေး ကို အခြေခံသည့် နိုင်ငံရေးဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည်လျက် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အတူ တကွ ပါဝင်လက်မှတ် ရေးထိုးရန်”ဟု ရေးသားထားသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ထိုးပြီးမှသာ လွှတ်တော်တွင် အတည်ပြုသင့်သည်ဟု တင်ပြပြောဆိုသည်။
ဒေါ်ဒွဲဘူက ဆက်လက်၍“ဦးတည်ချက် ၊ရည်ရွယ်ချက် ပြည့်မီအောင် ကျန်တဲ့အဖွဲ့တွေ လက်မှတ်ထိုးဖို့ ကျန်နေပါသေးတယ်။ ကျမ တို့ ကချင်ပြည်နယ်မှာ ဒုက္ခသည်တွေ အိမ်မပြန်ရတာ ၅ နှစ်အတွင်း ရောက်လာပါပြီ။ ဒီစာချုပ် အတည်ဖြစ်မှ ဒီကိစ္စတွေကို ဆောင် ရွက်နိုင်မှာပါ။ အားလုံးပါဝင်ရေးက အရမ်းအရေးကြီး နေပါတယ်”ဟုလည်း တောင်းဆိုသည်။
ကျန်ရှိနေသည့် အစိုးရသက်တမ်း ၃ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပါဝင်လာစေရေး ဆောင်ရွက်ပေးရန်၊ တပ်မတော်မှ တိုင်းရင်းသားအားလုံး ပါဝင်ရေးကို ကြိုးစားပေးရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ပူးပေါင်း ပေးရန် လွှတ်တော်မှတဆင့် တောင်းဆိုပါသည်ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။
NCA တွင် ပါဝင်ခွင့် မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို နိုင်ငံတော် အစိုးရအဖွဲ့နှင့် တပ်မတော်မှ သဘော ထားကြီးစွာ ဖိတ်ခေါ်ပေးရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သူရဦးအောင်ကိုက “လက်နက်ကိုင်အဖွဲ့အားလုံး ဆက်လက် ပါဝင်လာနိုင်အောင်လည်း ဒုတိယအဆင့် ကြိုးပမ်းသင့်ကြောင်း၊ သို့မှသာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဟာ အဓိပ္ပာယ်ပြည့်မယ်လို့ အကြံပြုပါတယ်”ဟု ပြောဆိုသည်။
NCA စာချုပ်သည် ပြည့်စုံနေပြီ ဖြစ်သော်လည်း စာချုပ်ပါ ရည်ရွယ်ချက်နှင့် ဦးတည်ချက် ပြည့်မီရေး ဆောင်ရွက်ရန်သာ ကျန်ရှိနေခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အများစုက ပြောဆိုကြသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တကြောတွင် တပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရကိ္ခုင့်တပ်မတော် (AA)၊မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ် သည်။